Thursday, November 28, 2013

::: မေတ္တသုတ် ( မြန်မာပြန် အဓိပ္ပါယ်):::

::: မေတ္တသုတ် ( မြန်မာပြန် အဓိပ္ပါယ်)::: *****************************


၁။ယဿာနုဘာဝတောယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။ ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။


မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သောဘီလူး သရဲစသောနာနာဘာဝတို့သည် မခြောက်လှန့်နို င်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်...


၂။သုခံသုပတိ သုတ္တောစ၊ ပါပံကိဉ္စိ န ပဿတိ။ ဧ၀မာဒိ ဂုဏူပေတံ။ ပရိတ္တံတံ ဘဏာမ ဟေ။


ချမ်းသာစွာအိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစေ သာ အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့ …


၃။ကရဏီယမတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကောဥဇူ စ သုဟုဇူ စ၊ သုဝစောစဿမုဒုအနတိမာနိ၊


အကျိုးစီးပွားလိုလား၍လိမ္မာကျွမ်းကျင် သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသောနိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာယခုကဲ့သို့မေတ္တာပွားမှုကိုပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင်ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီးကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။


၎။သန္တုဿကောစ သုဘရောစ၊ အပ္ပကိစ္စောစ သလ္လဟုက၀ုတ္တိ။ သန္တိန္ဒြိယောစ နိပကောစ၊ အပ္ပဂဗ္ဘောကုလေသွန နုဂိဒ္ဓေါ။


စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်ဝမ်းတခါးအတွက် လွယ်လင့်တကူပေါ့ပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ဖြစ်သင့်၏၊ ထို့ပြင်သာမကမျက်စိ၊ နားစသောဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌တွယ်တာမနေသင့်ပေ ။


၅။နစ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန၀ိညူ ပရေ ဥပ ၀ဒေယျုံ။ သုခိနောဝ ခေမိနောဟောန္တု၊ သဗ္ဗသတ္တာဘ၀န္တု သုခိတတ္တာ။


ရှေးရှေးသောပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှအသေးအမွှားလေးကအစ ဘာတစ်ခုမျှမပြုလုပ်ပါစေကုန်လင့်၊ သတ္တ၀ါအားလုံးတို့ သည် ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာနေနိုင်ကြပါစေသတ ည်း၊


၆။ယေကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ န၀သေသာ။ ဒီဃာဝါယေ၀ မဟန္တာ၊ မဇ္ဈိမာရဿကာအဏုက ထူလာ။


ထွက်သက်ဝင်သက်အသက်ရှုနေကြသော သတ္တ၀ါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသော ရဟန္တာမဖြစ်ကြသေးသောသတ္တ၀ါများ၊ မကြောက်မရွံ့ တည်ကြည်ငြိမ်သက်ကြသောရဟန္တာမထေရ်မြတ်ြ ကီးများ၊ ခန္ဓာကိုယ်ရှည်လျားသောသတ္တ၀ါ၊ ခန္ဓာကိုယ်ကြီးမားသောသတ္တ၀ါ၊ မရှည်မတို၊ မကြီး မသေးအလယ်အလတ်ဖြစ်ကြေ သာ သတ္တ၀ါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တ၀ါ၊ အားဖြင့်နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တ၀ါတွေအပါအ၀င် အားလုံးတို့သည်ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ …


၇။ဒိဋ္ဌာဝါ ယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာဘ၀န္တု သုခိတတ္တာ။


မျက်စိဖြင့်မြင်နိုင်သောမြင်ဖူးသောသတ္တ၀ါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တ၀ါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တ၀ါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသောသူတော်ကောင်းတို့ သည်၎င်း၊ နောင်ဘ၀ဖြစ်ကြအုံးမည့်ပုထုဇဉ် သေက္ခစသော သတ္တ၀ါအားလုံးတို့သည်၎င်းဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊


၈။န ပရောပရံ နိကုဗ္ဗေထ၊ နာတိမညေထကတ္ထစိ န ကဉ္စိ။ ဗျာရောသနာပဋိဃသည၊ နာညမညဿဒုတ္ခ မိစ္ဆေယျ။


တစ်ယောက်ယောက်ကတစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်ကတစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာမထီမဲ့မြင်မပြုကြပါစေလင့်။ ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက် သည်ကို အလိုမရှိကြပါစေကုန်လင့်။


၉။မာတာယထာနိယံပုတ္တ၊ မာယုသာဧကပုတ္တမနုရက္ခေ။ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။


တစ်ဦးတည်းသောသားရှိသောမိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်ေ အာင် အသက်ပေးကာစောင့်ရှောက်သကဲ့ သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တ၀ါအားလုံးတို့အပေါ်တွင်ဖြန့်ကျက်နေနိုင်ကြပါစေ..


၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံအဓောစ တိရိယဉ္စ၊ အသမ္ဗာဓံအဝေရ မသပတ္တံ။


အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အ၀ီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံအပါအ၀င် နေရာမလပ်အကျိုးအနန္တမျာြး ပားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်းကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲအေးချမ်းစွာနေနိုင်ကြပါစေသတ ည်း၊


၁၁။တိဋ္ဌံ စရံ နိသိန္နောဝ၊ သယာနောယာဝတာဿ ၀ီတမိဒ္ဓေါ။ ဧတံ သတိံအဓိဋ္ဌေယျ၊ ဗြဟ္မ မေတံဝိဟာရ မိဓ မာဟု၊


ရပ်နေစဉ်၊ လမ်းလျောက်နေစဉ် ၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆု စိတ်ပျံ့လွင့်မှုကင်းကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သောသတိကိုထားနိုင်ကြပါစေ. . ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာနေခြင်းကိုပင် မြင့်မြတ်သောဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မ၀ိဟာရဟူ၍ပညာရှိအပေါင်းတို့ဆိုကြပေ၏။


၁၂။ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေနသမ္ပန္နော။ ကာမေသု ၀ိနယဂေဓံ၊ နဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။


မေတ္တသုတ္တံနိဋ္ဌိတံ။


အမြဲမပြတ်မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှားဖောက်ပြန်သောဘ၀သ မရောက်နိုင်တော့ပဲ လောကုတ္တရာသီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင် မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ဝတ္တုအာရုံ ကာမဂုဏ်ငါးပါးတို့၌မက်မောတွယ်တာမှုများ ကင်းကွာကာနောင်တဖန်ပဋိသန္ဓေတည်နေရခြ င်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။


မေတ္တာသုတ် မြန်မာပြန်အဓိပ္ပါယ်ပြီးပါပြီ၊


မိဝေး ဖဝေးအရပ်တွင် နေသော ညီငယ်တစ်ယောက်က အဓိပ္ပါယ်အကျယ်သိ လျင် ရွတ်ဖတ်သရဇ္ဈာယ်ရတာပိုမို အကျိုးရှိမည် ရေးသားပေးပါ တောင်းဆိုသောကြောင့် ( ဤနွားက ထိုနွားကို မှီအောင်လိုက်ပါလား ) စသည်ဖြင့် ပါဠိသံ၊ စာသံ၊ ၀ိဘတ်သံများမပါစေဘဲစာရေးသူ နားလည်သလို လိုရင်းတိုရှင်း မှတ်မိလွယ်စေရန် ဘာသာပြန်လိုက်ပါသည်။


မေတ္တာအကျိုး( ၁၁ )မျိုး


၁။ချမ်းချမ်းသာသာအိပ်ပျော်ခြင်း၊ ၂။ရွှင်ရွှင်ပြပြအိပ်ရာနိုးခြင်း ၊ ၃။မကောင်းသောအိပ်မက်ဆိုးများ မမက်ခြင်း၊ ၄။ပတ်ဝန်းကျင်မှ လူများ၏ချစ်ခင်မှုရရှိခြင်း၊ ၅။လူမှတပါး အခြားသောပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊


၆။ဘုန်းတန်ခိုးကြီးမားသောနတ်ဗြဟ္မာများ စောင့်ရှောက်မှုခံရခြင်း၊ ၇။မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊ ၈။ကမ္မဋ္ဌာန်းတခုခုကိုအာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊ ၉။မေတ္တာစိတ်ကြောင့်အမြဲတမ်းမျက်နှာကြည်လင်ေ နခြင်း၊ ၁၀။သေခါနီးဝယ် ကြည်ကြည်လင်လင်ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊ ၁၁။ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်ေ တာင် မေတ္တာဈာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊


(မေတ္တာအကျိုးဆောင်ပုဒ်)


မေတ္တာဂုဏ်ရည်, ဆယ့်တစ်လီကား ,အညီသတ္တ၀ါ , မလပ်ပါအောင် ,ခါခါနေ့စဉ်, မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော်ထချိန်တော်၍ ,နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း ,အစဉ်ကောင်းစွာ,မြင်မက်ရာ၏ ။ ပြည်ရွာလူသား ,နတ်အများလည်း ,မြင်ကြားသမျှ, ချစ်ခင်ကြသဖြင့် ,ဒေ၀ထွေထွေ စောင့်ရှောက်လေ၏ ။ မီး, ရေ , ခိုးသူ ,များရန်သူလည်း,မယူမဖျက် , မနှောက်ယှက်တည်း ။စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍, သေမည်ခါချဉ်း,တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ ,မဂ်မရလည်း ,ဈာန်ရလေလစ် , ဗြဟ္မာဖြစ်သည်... ဆယ့်တစ်မေတ္တာအကျိုးတည်း ။


မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်


၁။သက္ကောစ=တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ၂။ ဥဇု စ=ကိုယ်နှုတ်နှစ်ပါးရိုးသားဖြောင့်မ တ်သင့်သည်၊ ၃။ သုဟုဇုစ=သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။ ၄။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏ ၊ ၅။ မုဒု စ=စိတ်ထားနူးညံ့သိမ်မွေ့သ င့်၏၊


၆။ အနတိမာနီ စ=ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊ ၇။ သန္တုဿကော စ=ရောင့်ရဲလွယ်သင့် သည်၊ ၈။ သုဘရော စ=အသက်မွေးမှုအတွ က် မွေးမြူလွယ်သင့်သည်၊ ၉။ အပ္ပကိစ္စော စ=အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊ ၁၀။ သလ္လဟုက၀ုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊


၁၁။ သန္တိန္ဒြိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊ ၁၂။ နိပကော စ=ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊ ၁၃။ အပ္ပဂဗ္ဘော=ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။ ၁၄။ ကုလေသု အနနု ဂိဒ္ဓေါ=အမျိုးလေးပါးတို့ ၌ တပ်မက်မှုမရှိသင့်ပေ၊ ၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။


မေတ္တာဖြင့် (ပန်းကမ္ဘာ )။


နတ်တို့ပြောသောသူတော်ကောင်းလက္ခ ဏာ

နတ်တို့ပြောသောသူတော်ကောင်းလက္ခ ဏာ ***************************************


*သူတော်ကောင်းလက္ခဏာ(၇) ဖြာ*


၁။မိဘနှစ်ပါးအရေးထားလေးစားလုပ်ကျွေး ပါ။


၂။ကြီးသူရိုသေ ကျင့်ဝတ်တွေမသွေကျင့်ကြပါ။


၃။ချိုသာသိမ်မွေ့ စကားတွေ့အလေ့ရှိကြပါ။


၎။ကွဲပြားစေရိုးစကားမျိုးမြတ်နိုးရှောင်ြ ကပါ။


၅။ဝန်တိုမစ္ဆရိ မရှိဘိ မှတ်သိစွန့်လွှတ် ရာ။


၆။သစ္စာတရား လက်ကိုင်ထားရိုးသားကျင့်သုံးပါ။


၇။အမျက်ဒေါသ ဖြစ်ပေါ်ကပယ်ကြအမြန်သာ။


နတ်တို့သတ်မှတ်သူတော်ဓါတ်မှတ်ချက်ခုနှစ်ြ ဖာ။


သူတော်ကောင်းလက္ခဏာ(၁)``မိဘကိုပြုစုလုပ်ကျွေး ခြင်း´´


` `မိဘနှစ်ပါးကိုအရေးထားလျက်ပြုစုလုပ်ကျွေးတ တ်သော´´ တဲ့။ မိဘနှစ်ပါးကိုလေးလေးစားစားပြုစုလုပ်ကျွေးပါ။ ဒါဆိုရင် သူတော်ကောင်းလက္ခ ဏာနဲ့ ပြည့်စုံသွားတယ်။ စဉ်းစားကြည့်ပေါ့။ လူ့ဘဝရောက်လာပြီးဒီအသက်အရွယ်ထိ နေကြရတယ်။ အသိဉာဏ်တွေ ထိုက်သလောက် ရလာကြတယ်။ ဘယ်သူ့ကျေးဇူးတရားကြောင့်လဲလို့ ပြန်စဉ်းစားကြည့်ရင်``အရင်းစစ်တော့ အမြစ်မြေက ´´ဆိုသလိုပါပဲ။မိဘတွေက စောင့်ရှောက်ခဲ့ လို့သာ ဒီဘဝဒီအခြေအနေကို ရောက်လာကြရတယ်။ ဒါ့ကြောင့်ရှေးဦးအနေနဲ့ ကျေးဇူးရှင်တွေကို ရှာဖွေကြည့်ရင် မိဘနှစ်ပါးကိုပဲ တွေ့ရပါလိမ့်မယ်။ မိဘနှစ်ပါးကိုစားဝတ်နေရေးပြေလည်အောင်လုပ် ပေးတယ်။ စိတ်ချမ်းသာအောင်ထားတယ်။ နောက်ပြီး မိဘနှစ်ပါးရဲ့ သဒ္ဓါတရားတွေ အားနည်းနေရင် သဒ္ဓါတရားတွေ တိုးတက်လာအောင် ဆောင်ရွက်ပေးတယ်။ ကိုယ်ကျင့်သီလ မရှိတဲ့မိဘကို ကိုယ်ကျင့်သီလရှိလာအောင် ရှိနေခဲ့ရင်လည်း ပိုပြီးမြင့်မားလာအောင် လုပ်ဆောင်ပေးတာဟာမိဘနှစ်ပါးကို ကျေးဇူးဆပ်တယ်လို့ခေါ်ပါတယ်။နောက်ပြီး နှမြောတွန့်တိုနေတဲ့ မိဘကို စွန့်ကျဲပေးကမ်း လှူဒါန်းချင်လာအောင် ပညာတရား အားနည်းနေတဲ့မိဘကို ပညာတရားတွေ ပြည့်ဝလာအောင် တရားခွေတွေဖွင့်ပေးတယ်။ တရားပွဲတွေ ခေါ်သွားပြီး တရားနာဖြစ်အောင် ဆောင်ရွက်ပေးတယ်။စာပေတွေ ဖတ်ပြတယ်။ စာဖတ်ဖို့တိုက်တွန်းတယ်။ ပညာပြည့်ဝနေတဲ့မိဘတွေကိုပိုပြီးပညာဉာဏ်မြင့်မား လာအောင် ဝိပဿနာတရားအားထုတ်ခွင့်ရဖို့ကူညီဆောင်ရွက်ပေးတယ်။ ဒါတွေဟာမိဘကျေးဇူး ဆပ်နေတာပါ။ ဒါဆိုရင် မိဘကျေးဇူးကို စွမ်းနိုင်သမျှ ပေးဆပ်နေတဲ့ အမျိုးသားအမျိုးသမီးရဲ့ နှလုံးသားထဲမှာ သူတော်ကောင်းလက္ခဏာကိန်းသွားပါပြီ။


``သူတော်ကောင်းလက္ခဏာကင်းတယ်´´


ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် အခြားဘာသာဝင်ပဲ ဖြစ်ဖြစ်ပေါ့။ မိဘနှစ်ပါးရဲ့ ကျေးဇူးကိုသိပြီးသိတဲ့အတိုင်း စွမ်းနိုင်သမျှဆပ်နေတယ်ဆိုရင် ငြိမ်းချမ်းတဲ့ပုဂ္ဂိုလ် ``သူတော်ကောင်း´´လို့ သတ်မှတ်နိုင်ပါပြီ။အခြားသူတွေက မိဘနှစ်ပါးလုပ်ေ ကျွးသူကို မြင်လိုက်ရရင်အားကျပြီး ကုသိုလ်တွေ ဖြစ်သွားနိုင်တယ်။ မြင်ရတဲ့ပုဂ္ဂိုလ်တွေ စိတ်ချမ်းသာတယ်။ ဒါကြောင့် မိဘကျေးဇူးဆပ်နေသူတွေဟာအခြားသူတွေကိုလည်း ငြိမ်းချမ်းမှု ပေးစွမ်းနိုင်ပါ တယ်။ မိမိကပစ္စည်းဥစ္စာနဲ့ ကျေးဇူးမဆပ်နိုင်တောင်မှ မိဘနှစ်ပါးကိုအနည်းဆုံး စိတ်ချမ်းသာမှုကိုတော့ ပေးစွမ်းနိုင်ရမှာပေါ့။ တချိ့ကျတော့ မိဘစကားနားမထောင်ဘူး။ မိဘစိတ်ဆင်းရဲအောင်လုပ်တယ်။မိဘက ပညာတတ်စေချင်ပေမ ယ့် သူက စာမကြိုးစားဘူး။ ဒါမျိုး စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုရင်ဘယ်သူပဲဖြစ်ဖြစ် သူတော်ကောင်းလက္ခဏာကင်းသွားတတ်ပါတယ်။


``ဘုရားရဲ့လမ်းစဉ်´´


မိဘနှစ်ပါးကိုအေ လာင်းတော်တွေလည်းပြုစုလုပ်ကျွေး ခဲ့ကြပါတယ်။် ဘုန်းကြီးတို့ဘုရားအလောင်းတော်ဟာ ကျေးမင်းဖြစ်တော့လည်း စပါးနှံလေးတွေချီလာပြီး မိဘကိုပြုစုလုပ်ကျွေးခဲ့တယ်။ မျောက်ဖြစ်တော့လည်း ပြုစုလုပ်ကျွေးခဲ့သလို လူဖြစ်တော့လည်း သုဝဏ္ဏသာမဇာတ်တော်မှာမိဘကိုပြုစုလုပ်ကျွေးခဲ့ပါတယ်။ သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူပြီးဗုဒ္ဓအဖြစ် ရောက်တော်မူတော့လည်း တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားဟော ကြားတော်မူပြီးကျေးဇူးတရားကိုကျေအောင်ဆပ်တော် မူခဲ့ပါတယ်။ သဒ္ဓါ သီလစာဂ ပညာတရားတွေ လောကီအဆင့်ကနေလောကုတ္တရာအဆင့် ရောက်အောင် ဆောင်ရွက်ပေးတော်မူခဲ့ပါတယ်။ အပါယ်လေးပါဝဋ်ဆင်းရဲက လွတ်ကင်းအောင် နိဗ္ဗာန်ကိုမျက်မှောက်ပြုအောင် ဘုရားရှင်က အဘိဓမ္မာတရား ဟောတော်မူပြီးမိခင်ကို ကျေးဇူးဆပ်တော်မူခဲ့ပါတယ်။ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကိုလည်း ရဟန္တာဖြစ်သည်အထိ စောင့်ရှောက်တော်မူပြီး ကျေးဇူးဆပ်တော်မူခဲ့ပါတယ်။ ဒါကြောင့်မိဘကျေးဇူးဆပ်တာဟာ ဘုရားအလောင်းရဲ့ လမ်းစဉ် မြတ်စွာဘုရားကိုယ်တော်တိုင်ရဲ့ လမ်းစဉ်ဖြစ်ပါတယ်။ရဟန်းတစ်ပါးကဆင်းရဲနေတဲ့ မိဘကို ဆွမ်းခံကျွေးတာကိုပတ်ဝန်းကျင်က ကဲ့ရဲ့ကြပေမယ့် ဘုရားရှင်ကတော့ သာဓုခေါ်တော်မူခဲ့ပါတယ်။ ဒါကြောင့်မိဘနှစ်ပါးကိုလုပ်ကျွေးတာဟာသူတော်ကောင်းလက္ခဏာဖြစ်တယ်လို့ပြော တာပါ။မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးတဲ့အခါ ပေးဆပ်ချင်တဲ့စိ တ်သက်သက်နဲ့ လုပ်ဆောင်သင့်ပါ တယ်။ ဒါမှ သူတော်ကောင်းပီသ သူ ဖြစ်နိုင်တာပါ။ ဒီလိုမဟုတ်ပဲ မိဘအထံကရလိုမှု မျှော်လင့်ချက်န ပြုစုလုပ်ကျွေးခဲ့ရင်တော့သူတော်ကောင်းမပီသဘူးလို့ ပြောရမှာပါ။သတိထားသင့်ပါတယ်။ အရှင်ဣန္ဒကာဘိဝံသ(မြစကြာ)


မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူပုံနှင့်မဟာစည်ဆရာတော်ဘုရားကြီးမိန့်တော်မူပုံ

ိုမိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူပုံ ~~~~~~~~~~~~~~~~~~~~~~~~~~


အမေးပုစ္ဆာ =... ဒီမဂ္ဂ၀ီထိမှာဒီမဂ်ပြီးတော့ ဖိုလ်,ဖိုလ် နှစ်ကြိမ်, သုံးကြိမ် ပစ္စုပ္ပန်ဖိုလ်၊ မဂ်ပါဖိုလ်- ၃ခုသာ ရှိတဲ့အတွက်ကြောင့် ဒီတရားရတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုဖြစ်သွားလိုက်တာ၊ တစ်ခါထဲ မေ့သွားလိုက်တာ ဘယ်နှစ်နာရီရှိမှန်းတောင် မသိပါဘူး၊ အဲဒါ နာရီကြည့်လိုက်တော့မှ သုံးနာရီ ထိုးတယ်၊ လေးနာရီထိုးတယ်ဆိုတဲ့ဟာ မဂ္ဂ၀ီထိနဲ့မကိုက်ဘူး ဖြစ်နေတယ်။


မဂ္ဂ၀ီထိဆိုတာ


အဖြေ=မကိုက်ဘူး၊ မဂ္ဂ၀ီထိဆိုတာသည် ဒီစိတ်တွေ အကုန်ချုပ်သွားတာ (တင်ပါ့) စိတ်နဲ့သဟဇာတ ဖြစ်တဲ့ ရုပ်လည်းချုပ်ပါတယ်။ (တင်ပါ့)ဒါဖြင့် တိုတိုပြောကြပါစို့ဖဿ, ဝေဒနာဆိုတာ ရုပ်နာမ်တွေ အာရုံနာမ်ရုပ်တွေဟာ အကုန်ချုပ်တယ်။ ဘာသစ္စာတုံးလို့မေးတော့ ဒုက္ခသစ္စာ၊ ဒီမှာမြင်တဲ့အတိုင်းဒုက္ခသစ္စာတွေ ချုပ်သွားတော့ကိုဒုက္ခ၏ချုပ်ရာ ဒီနေရာ အစားထိုးလာတာ နိဗ္ဗာန်ပေါ်လာတယ် ။ နိဗ္ဗာန်ကိုရှေးဦးစွာ မြင်တာကဂေါတြဘူ၊ နောက်ကျတော့ ဂေါတြဘူချုပ်သွားတော့ နိဗ္ဗာန်ကို မဂ်ကမြင်တယ်၊ နောက်ကျတော့ ဖိုလ်ကမြင်တယ်။ နောက်ကျတော့ ဘ၀တွေကျတော့မမြင်တော့ပါဘူး။ (တင်ပါ့) ဘ၀င်တွေကျတော့ကံ,ကမ္မနိမိတ်ကို အာရုံပြုပါတယ် (တင်ပါ့) နောက်ပစ္စဝေက္ခဏာ ဇောပြန်လာလို့ရှိရင်မြင်ပြန်ပါတယ်၊ နိဗ္ဗာန်ကို။ အဲဒီတော့နိဗ္ဗာန်အာရုံနဲ့ အာရမ္မဏိကနဲ့ မခွဲရဘူး။ ခွဲရင်ဒီဥစ္စာသည် မဂ်ဆိုက်၊ ဖိုလ်ဆိုက်လို့မယူပါ နဲ့၊ အာရုံအာရမ္မဏိကဘယ်တော့မှမထိစေနဲ့၊ ထိရင်သေသွားမယ်၊ (တင်ပါ့) ဆိတ်ရင်သေသွားမယ် (တင်ပါ့ဘုရား) ဒါ အသေဖြစ်သွားမယ်။


အိပ်ပျော်နေတာနဲ့အတူတူပဲ


တကယ်လို့သူသည် တစ်နာရီ၊ နှစ်နာရီကြာတယ်ဆိုတာ ကိုယ့်ဘ၀င်စိတ်တွေ သူဖြစ်တာသာ ဆိုတာ နိဗ္ဗာန်ကို မြင်တာ မဟုတ်ဘူး၊ ဘ၀င်သည် နိဗ္ဗာန်ကို မမြင်နိုင် မဂ်နဲ့ ဖိုလ်သာ၊ ဂေါတြဘူရယ်၊ မဂ်ရယ် ဖိုလ်ရယ် ဒါသာ နိဗ္ဗာန်မြင်နိုင်တယ်၊ ပစ္စဝေက္ခဏာ နောက်ကလာရင် မြင်နိုင်တယ်ကျန်တဲ့ ဘ၀င်စိတ်တွေလာနေ တာ သူ နိဗ္ဗာန်ကိုအာရုံပြုနေတာ မဟုတ်ဘူး။ အိပ်ပျော်နေတာနဲ့အတူတူ၊ ရှင်းပြီလား(ရှင်းပါပြီ)။


နိဗ္ဗာန်မသိတဲ့အချိန်မရှိ


ဒါဖြင့် နိဗ္ဗာနံ ဂေါတြဘုဿ၊ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံမဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ အာရမ္မဏ ပစ္စယေန ပစ္စယောဟု ဟောသောကြောင့် အာရုံ အာရမ္မဏိက တွဲလျက်ဖြစ်သောကြောင့်ဘယ်အချိန်ကာလမှ နိဗ္ဗာန်ကိုမသိတဲ့အချိန်မရှိ မသိတဲ့အချိန် ရှိရင်ဘ၀င်။ မှန်သွားပြီဆိုတော့ တစ်နာရီနှစ်နာရီ မဟုတ်တော့ဘူး အမြဲသိနေတာ တစ်ခုချုပ်ပြီးတစ်ခုကသိလိုက်၊ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ ဒါမှအမှန် ဒါပဋ္ဌာန်းပါဠိတော်၊ ပေါ်ပြီလား… (ပေါ်ပါပြီ) ကြေကောကြေကြပြီလား… (ကြေပါပြီ)။


သူပြောတာမှားတယ်


ဒါဖြင့် ကျုပ်တို့ဟာ နိဗ္ဗာန်အာရုံပြုလိုက်တာ နောက်မှ ထကြည့်တော့ တစ်နာရီလောက်ရှိတယ်လို့ သူပြောတာသည် မှားတယ်၊ မှားတော့ဘယ့်နှယ်ကြောင့် မှားသလဲ... နိဗ္ဗာနံ ဂေါတြဘုဿဆိုတာ တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံမဂ္ဂဿကော တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံဖလဿ နှစ်ကြိမ်သုံးကြိမ် ထားပါတယ်၊ အဲဒီနောက်မှာ ဘ၀င်တွေ့လာတော့နိဗ္ဗာန်မမြင်ပါဘူး။ နောက်ကျမှပြန်ဆင်ခြင်တယ် ငါခုနကဟာ ဘာပါလိမ့်မတုံးပြန်ဆင်ခြင်ပြန် တော့လည်း ပစ္စဝေက္ခဏံ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ၊ (တင်ပါ့) အလယ်ကြားဟာ အလကား၊ အလယ်ကြား မသိတာ အလကားပဲ၊ ဘ၀င်ဖြစ်နေတယ် ရှင်းပြီလား (ရှင်းပါပြီဘုရား)။


ရေအိုးတစ်ထောင်နဲ့လောင်းသလိုဆိုတာ


ဒါဖြင့်ရင် တစ်ကိုယ်လုံးအေး သွားတာပဲလို့ဆိုတော့ ဘုန်းကြီးကရှင်းပြပါမယ် အဲဒါ ဘုရားက ဥပရိပဏ္ဏသပါဠိတော်မှာ မပါဘဲနဲ့အဋ္ဌကထာဆရာက ဖွင့်တယ်(မှန်ပါ) အဋ္ဌကထာဆရာကဘာတုန်း ဆိုတော့ သီတဃဋသဟဿံ အာသိဉ္စမာနံ ၀ိယဟောတိ၊ ရေအိုးတစ်ထောင်နဲ့လောင်းသလို အေးသွားတတ်တယ်၊ ဥပမာပြတာ၊ တကယ်အေးတာမဟုတ်ပါဘူး။ အဲဒါကိုသူတို့က တကယ်အေးယူတယ်၊ အာသိဉ္စ မာနံဝိယဆိုတာ ဥပမာ၊ ရေအိုး (၁၀၀၀) နဲ့ပူနေတဲ့အခါ နေပူထဲက လာပြီးတော့နေတဲ့အခါ အင်မတန် အအေးတောင့်တ, နေတော့ဖျတ်ဆို ညဥ့်သိပ်ရေ ရေအိုးတစ်ထောင်နဲ့လောင်းပြီး ချိုးလိုက်တော့ ဒီလိုအေးဘိသကဲ့သို့ဖြစ်တတ်ပါတယ်။ မဂ်ဆိုက်တဲ့ပုဂ္ဂိုလ်များအဲဒါ အဋ္ဌကထာ ဆရာကဖွင့်တာ၊ ပါဠိတော်က အေးတယ်လို့မလာဘူး။ (တင်ပါ့) အဲဒါ အေးတယ်လို့ယူနေကြတာ။


ပါဠိတော်နှင့်အဋ္ဌကထာခွဲမှတ်ပါ


အာသိဉ္စမာနံဝိယ အေးသကဲ့သို့ဖြစ်ပါတယ်၊ တကယ်အေးတာလားဆိုတော့ မဟုတ်ဘူး ကိလေသာတွေ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာဆိုတာ ပေါ်ပြီလား(ပေါ်ပါပြီ) ကိလေသာ မရှိတာကိုဆိုတာပါတဲ့ အဲဒါ သမ္မာဒိဋ္ဌိ သုတ်မှာလာတယ်ဒီဥစ္စာ အဋ္ဌကထာမှာလာတာ ပါဠိတော်မှာ မပါဘူး၊ အဲဒီတော့ ပါဠိတော်နဲ့ အဋ္ဌကထာခွဲမှတ်။ ကဲ - ဒါဖြင့်ဘယ်လိုအေးမည်လဲဘုရားလို့မေးတော့ ပဋိသမ္ဘိဒါမဂ်ကဟဒယသုသီတလမဂ္ဂဒဿေ န န သန္တပဋ္ဌော၊ ပဋိသမ္ဘိဒါမဂ်ကဒါလဲအဋ္ဌကထာပဲ ဟဒယသုသီတလ မဂ္ဂဒဿနေန နှလုံး၌ ငြိမ်းအေးခြင်း လက္ခဏာရှိသော မဂ္ဂသစ္စာ ရောက်မှသာလျှင် သန္တာပဋ္ဌေ - ကိလေသာ အပူငြိမ်းအေးသည် ဟောတိ -ဖြစ်၏။


အပူမီးငြိမ်းတာကိုဆိုတာပါ


မဂ်ပေါ်မှ ၀မ်းထဲကကိလေသာ အပူမီးငြိမ်းတယ် လို့ဆိုတာ ပေါ်ပြီလား(ပေါ်ပါပြီ) မဂ်ပေါ်လာလို့ ရှိရင် ကိလေသာ အပူမီးငြိမ်းတာ ဒါကိုဆိုတာပါ အေးတယ်လို့ဆိုတာ မဟုတ်ဘူးကိလေသာ အပူမီးငြိမ်းသွားပြီးတော့ငြိမ်းတာမှ နိဗ္ဗာန် ခန္ဓာကိုယ်အေးတာ မဆိုလိုဘူး။ မဆိုလိုပါဘူးတဲ့... ခန္ဓာကိုယ်အေးလို့ ရှိရင် သွေးဆုတ်သွားမှာပေါ့(တင်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။


ကိလေသာဟာနာမ်ဓမ္မ


ဒီအအေးကိုဆိုတာ မဟုတ်ပါဘူး၊ ကိလေသာအပူမီးငြိ မ်းသွားတာကိုဆိုတာ... ကိလေသာဟာ နာမ်ဓမ္မပါပဲ.... နာမ်ဓမ္မပင် ဖြစ်လင့်ကစား မဂ်စိတ်တို့လို ငြိမ်ငြိမ်ဆိတ်ဆိတ်က မရှိဘူး။ ပူပူလောင်လောင်ရှိတယ်၊ ပျာယာခတ်တယ်၊ ဒီပျာယာခတ်တဲ့ စိတ်တွေ ပျောက်သွားတာကိုဆိုတယ်။ ပျာယာခတ်တာကို ငြိမ်းသွားတယ်ဆိုတာပါ ငြိမ်းတာပါ အေးတယ်လို့ ယူပစ်လိုက်လို့စင်စစ်တော့ ကိလေသာငြိမ်းတာ၊ ပေါ်ပြီလား(တင်ပါ့)တကယ် အေးတာမဟုတ်ဘူး ကိလေသာငြိမ်းတာ။ တကယ်အေးရင်ဖြင့် ခင်ဗျားတို့ (ဂတ်(စ်)) တွေ ဘာတွေ လွှတ်ရဦးမှာပေါ့ (တင်ပါ့)ဥပမာပြတာ၊ ဒါကို အဟုတ်အေးတယ် ယူပစ်လိုက်ပါတယ် ။ ယခုခင်ဗျားတို့က ခင်ဗျားတို့ ကြားဖူးတာကအဲဒီလို မအေးပါ ဘူး၊ ကိလေသာ မရှိလို့ကိလေသာက နဂိုက ငါဘုရားကဟောထားတာ အပူဓာတ်၊ မဂ်က အအေးဓာတ်က မဂ်ဆိုက်လာလို့ရှိရင်ကိလေသာ အပူပျောက်တယ်လို့ဟောတာ ရှင်းပြီလား(ရှင်းပါပြီ)။ ဒါဖြင့် တစ်ကိုယ်လုံး အေးသွားတာကို ဆိုလို့ရပါမည်လားမရဘူးတဲ့၊ သို့သော်လည်းတစ်ခုစဉ်းစား ပါလို့ ခင်ဗျားတို့ကို သတိပေးလိုက်တယ်။ ပူတာကို ပူမှန်းသိတဲ့ပုဂ္ဂိုလ်မှ အေးတာ အေးမှန်းသိတယ်(တင်ပါ ဘုရား) ကိလေသာက ပူနေတာ။


ငြိမ်းမှုနဲ့အေးမှုတခြားစီ


ခင်ဗျားတို့က အစိုးရအလုပ်လုပ် တယ်၊ ဥပမာ -မောင်သက်မောင်ကလည်း အရောင်းအ၀ယ် လုပ်တယ်၊ အစရှိသည်တို့ကို လုပ်နေတော့ဝမ်းထဲမှာ ရှုပ်ပွေနေတာပဲ၊ ဂနာမငြိမ်ဘူး အဲဒီဂနာမငြိမ်တာတွေ ပျောက်တာကို အေးတယ်လို့ဆိုတာပါ၊ ကိလေသာငြိမ်းတာကိုအေးတယ်လို့ဆိုပါတယ်၊ ငြိမ်းမှုနဲ့အေးမှုဟာ တခြားစီ၊ ငြိမ်းမှုကငြိမ်း မှု၊ အေးမှုက သီတတေဇော၊ ငြိမ်းမှုက မဂ်၊ မဂ်ကြောင့် ကိလေသာငြိမ်းသွားတာ၊ သဘောပါပြီလား၊ ဒါဖြင့် အဖြေပြီးရောပေါ့ ၊ (တင်ပါ့ဘုရား)။


အမေးပုစ္ဆာ =နောက်ဆုံးလျှောက်လိုတာက-ဒီမဂ်ရပြီးတဲ့ ပုဂ္ဂိုလ်များဟာ တပည့်တော်တို့လိ သာမန်လူ အနေနဲ့ စားသောက်နေထိုင် တဲ့အခါကြတော့ ဒိဋ္ဌိကြီးတန်းလန်းကြီးနဲ့ပါနေတာပေါ့ဘုရား မဂ်ရပြီးတဲ့ပုဂ္ဂိုလ်ကတော့ သူလည်း စားသောက်နေလို့ရှိရင်မဆင်ခြင်လို့ရှိ ရင် တပည့်တော်တို့နဲ့မထူးဘူးလို့ ဒီလို အောက်မေ့ပါတယ်။


ရောဂါပျောက်ပြီးတဲ့ပုဂ္ဂိုလ်


အဖြေ=ဒါကဒီလိုရောဂါ မပျောက်သေးတဲ့ပုဂ္ဂိုလ်က မတည့်တာ စားတာတစ်မျိုး၊ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာ တစ်မျိုးဒီလို ထူးခြားပါတယ်။ ရောဂါပျောက်ပြီးသားပုဂ္ဂိုလ်က မတည့်တာစားတာ သူ့မှာ အစာကြေတယ်၊ ဟိုမပျောက်သေးတဲ့ပုဂ္ဂိုလ်က ရောဂါထ,တယ်၊ ဒီလိုကွာသွားပါတယ်၊ သူ့မှာ ဒိဋ္ဌိပြုတ်ပြီးသားပါ၊ သမုစ္ဆေဒပယ်ပြီးသားပါ၊ ဒီလိုကွာသွားပါတယ်၊ သဘောပါပြီလား။ ဒိဋ္ဌိ, ၀ိစိကိစ္ဆာ, သီလဗ္ဗတ ပရာမာသလို ပယ်ပြီးသားဖြစ်ပါတယ်၊ နေပုံ ထိုင်ပုံက ချို (ဂျို) မပေါက်ပါ ဘူး၊ သို့သော် ခင်ဗျားနောက် ဘုန်းကြီးအကြောင်းညီညွတ်ရင် သောတာပန်မှာ ပေါ်တဲ့(၇) စိတ်ကိုကျုပ်အထက်ကနေပြီးတော့ ရေးပေးပါဦးမယ်


(တင်ပါ့ဘုရား)။


-----------------------------


မဟာစည်ဆရာတော်ဘုရားကြီးမိန့်တော်မူပုံ ~~~~~~~~~~~~~~~~~~~~~~~~~~~


နိဗ္ဗာန်အာရုံသို့ကူးသွားပုံ


ဤသို့တက်လိုက် ကျလိုက်နဲ့ ဖြစ်နေသော ၀ိပသနာဉာဏ် သည် ပင်လယ်ကူးသဘောင်္မှ လွှတ်လိုက်သော ငှက်နှင့်တူ၏။ တူပုံကားရှေးခေတ် ကာလကပင်လယ်ခရီးသည်တို့သည် ကမ်းစကျွန်း နီးရာအရပ်ကို မမှန်းဆ နိုင်သောအခါ၌ အသင့် ယူဆောင်ခဲ့သော ကျီးငှက်ကို လွှတ်လိုက်၍ စူးစမ်းကြ သတဲ့။ ထိုငှက်သည် သဘောင်္မှ ပျံသွား၍ အရပ်လေးမျက်နှာ၌ ကမ်းစကို ရှာသတဲ့။ ကမ်းကို မတွေ့ရ သေးလျင်သဘောင်္သို့သာ ပြန်၍ ပြန်၍ နားရသတဲ့။ နိဗ္ဗာန်ကို မျက်မှောက်ပြုလျ က် မဂ်ဉာဏ် ဖြစ်လောက်အောင်ဉာဏ်အားမပြည့်သေး၍ တဖန် ကျဲကျဲသွားခြင်းသည် ကမ်းစကို မတွေ့ရသော ထိုငှက်၏ သဘောင်္ကို ပြန်ပြန် ကပ်နားခြင်းနှင့်တူ၏။ ကမ်းအရပ်ကို မြင်လျင်ကား ထိုငှက်သည် သဘောင်္ဆီသို့ မပြန်လာ တော့ဘဲထိုကမ်းဆီ သို့သာလျင် တဟုန်တည်းပျံသွားသတဲ့။ ဤအတူပင် ဤမှတ်သိမှုဝိပဿနာ ဉာဏ်သည်လည်း က္ကနြေ္ဒငါးပါး ရင့်သန်သော ခဏ၌ အမှတ် အထူး ကောင်းနေစဉ် အတွင်းမှာပင် တစ်ကြိမ်ထက် တစ်ကြိမ် သာ၍ သွက်လက် ရှင်းလင်းစွာ အနည်းဆုံးသုံးလေးခါမျှ သိမြင်ပြီးလျင်ထိမှုသိမှု ကြားမှု မြင်မှုစားမှုနံမှု စသော ဤသင်္ခါရ ၆ မျိုးတို့တွင်(တွေ့ကြုံ လွယ်ရာကို ရှေးထား၍ စဉ်သည်) ထိုခဏ၌ ထင်ရှားဖြစ်ပျက်သော သင်္ခါရ တစ်မျိုးမျိုးကို မှတ်သိပြီး သည်နှင့်တစ်ပြိုင်နက် မှတ်တဲ့ အာရုံနှင့် မှတ်သိမှု ဟူသော သင်္ခါရ အလုံးစုံ ကင်းပြတ် ချုပ်ငြိမ်းသော နိဗ္ဗာန်ကို မျက်မှောက် တွေ့မြင်လျက် မဂ်ဖိုလ် အဆင့်သို့ သာလျှင် ဆိုက်ရောက်သွား လေတော့၏။


ဤသို့ဆိုက်ရောက်သွားသော သူအားဆိုက်ရောက် ခါနီးတွင် ရှေးအဖို့ကတစ်ကြိမ်ထက် တစ်ကြိမ် သွက်လက် ကောင်းမွန်သော မှတ်ချက်များလည်း ကောင်းစွာ ထင်ရှားပေ၏။ နောက်ဆုံး မှတ်ချက်၏ အခြားမဲ့၌ သင်္ခါရ အာရုံအလုံးစုံကို စွန့်လွှတ်ပြီးလျ င် သင်္ခါရ ကင်းပြတ် ချုပ်ငြိမ်းသော နိဗ္ဗာန်အာရုံသို့ ကူးပြောင်း သွားပုံလဲကောင်းစွာထင်ရှား၏။ ထို့ကြောင့်ပင်လျှင် ထိုသို့ရောက်ပြီးသော သူတို့သည် ဤသို့ပြောပြတတ်ကုန်၏။ “အာရုံနဲ့အမှတ်တွေ အကုန်လုံးတိကနဲ ပြတ်ပြီးရပ်စဲသွားသည်" ဟူ၍လည်းကောင်း၊ "အာရုံနဲ့အမှတ်တွေအကုန်လုံး ပြုတ်ကျသွားသည်” ဟူ၍ လည်းကောင်း၊ “ဆွဲကိုင်ထားရာမှလွတ်ကျ သွားသလိုပင် အာရုံနှင့် အမှတ်တွေမှကျွတ်လွတ်သွားသည်” ဟူ၍လည်းကောင်း၊ “အာရုံနဲ့ အမှတ်တွေ ချုပ်ပြတ်သွားပုံကမီးတောက်ကလေးငြိမ်းသွားသလိုပ င် သိပ်လျင်မြန်တာပဲ” ဟူ၍လည်းကောင်း၊ “အမှောင်ထဲမှ အလင်းထဲသို့ရုတ်တရက် ရောက်သွားသလိုပင်အာရုံနှင့်အမှတ်တွေမှ လွတ်သွားသည်” ဟူ၍လည်းကောင်း၊’အရှူပ်ထဲမှ အရှင်းထဲသို့ ဖြုတ်ကနဲရောက်သွားသလိုပင်အာရုံနှင့် အမှတ်တွေမှလွတ်ထွက်သွားသည်” ဟူ၍လည်းကောင်း၊ “ရေထဲမှာ မြုပ်သွားသလိုပင အာရုံရော မှတ်စိတ်ရော မြုပ်သွားသည်” ဟူ၍လည်းကောင်း၊ “ပြေးလာသော သူကို ဆီး၍ တွန်းလိုက်သလိုပင် အာရုံနှင့် အမှတ် ရပ်တန့် သွားသည်” ဟူ၍လည်းကောင်း၊ “အာရုံရော မှတ်စိတ်ရော ပျောက်သွားသည်” ဟူ၍ လည်းကောင်း ဤသို့စသည်ဖြင့်ပြောပြတတ်ကြပေသည်။


သင်္ခါရ ချုပ်ငြိမ်းတဲ့ သဘောကို မျက်မှောက်တွေ့ရသော ထိုအချိန် ကာလ သည်လည်းမကြာမြင့်လှချေ။ တစ်ကြိမ်တည်းသော မှတ်သိမှု၏ ကာလကဲ့သို့ တစ်ခဏ ကလေးမျှသာတည်း။ ထို့နောင် ထိုသို့ ဖြစ်ပုံကို ပြန်၍ ဆင်ခြင်မိ၏။ အာရုံနှင့် အမှတ်တွေ ချုပ်ကင်းလျက် ငြိမ်းသွားတာဟာ တရားထူးပဲ ဟူ၍ ဖြစ်စေ၊ မဂ်ဖိုလ်နိဗ္ဗာန် ပဲ ဟူ၍ဖြစ်စေ၊ ဆင်ခြင်မိ၏။ အချို့သော သုတရှိသူ သည်ကား သင်္ခါရ ချုပ်ကင်းလျက် ငြိမ်းတဲ့သဘောက နိဗ္ဗာန်ပဲ၊ ငြိမ်းရာသို့ ဆိုက်ရောက်လျက် မျက်မှောက်သိတာကမဂ်ဖိုလ်ပဲ၊ ငါသည် နိဗ္ဗာန်ကို မျက်မှောက်တွေ့ရ ပြီ၊ သောတပတ္တိမဂ်ဖိုလ်ရပြီ ဟုဆင်ခြင်မိ၏။


ဤသို့သော ဆင်ခြင်မှုမှာ သင်္ခါရ ချုပ်ငြိမ်းမှုသု ဆိုက်ရောက်ပုံကို နာကြားမှတ်သားဖူးသော သူအား ကျန ပြည့်စုံစွာ ဖြစ်တတ်၏။ ထို့ပြင်ပယ်ပြီး ကင်းပြီးသော ကိလေသာ၊ မပယ်ရသေး မကင်းသေးသော ကိလေသာတို့ ကိုလည်းအချို့ ပုဂ္ဂိုလ်တို့သည် ဆင်ခြင်တတ်သေး၏။ ဆင်ခြင်ပြီးလျှင ဖြစ်ဆဲကိုယ်စိတ်အမူအရာများကို မှတ်မြဲပင် မှတ်ပြန်၏။ ထိုအခါ၌ ရုပ်နာမ် အဖြစ်အပျက်များသည် ခပ်ကြမ်းကြမ်းဖြစ်လျက် ထင်ပေါ်၏။ အစနှင့်အဆုံး အဖြစ်နှင့် အပျက် နှစ်ပါးလုံးပင် ပီပီသသ ထင်ရှား၏။ ထို့ကြောင့် အမှတ်ကျဲသွားသည်လျှောကျ သွားသည် ဟုထင်ရ၏။ အမှန်အားဖြင့်လည်းဥဒယဗ္ဗယ ဉာဏ်သို့ ပြန်ရောက် နေပြီဖြစ်၍ လျောကျသည် မှန်ပေ၏။ ထိုဉာဏ်သည် ဥဒယဗ္ဗယဥာဏ် ဖြစ်သောကြောင့် အလင်းရောင်နှင့် ပုံသဏ္ဍာန် အာရုံများကိုလည်း တွေ့ရတတ်၏။ အချို့မှာ ဒုက္ခ ဝေဒနာ ကလေးများ ကိုလည်း တစ်ခဏမျှ တွေ့ရတတ်၏။ အများ အားဖြင့်ကားအလွန်ကြည်လင်သော စိတ်များ အဆက်ဆက် ဖြစ်ပေါ်လျက် ရှိတတ်၏။ ထိုအခါမှာ ဟင်းလင်းပြင်၌ စိတ်တကိုယ်တည်း တည်နေရသလိုပင် ဟာတာ ရှင်းတင်းကြီးဖြစ်လျက် အလွန်ချမ်းသာ၏။ အလွန်နေကောင်း၏။ ထိုစိတ် များကိုလည်း မမှတ်နိုင်။ မှတ်သော်လည်းပိုင်းပိုင်းခြားခြား မသိနိုင်၊ တခြားကိုလည်း စိတ်မကူးလို၊ စိတ်ကူး၍လည်း မဖြစ်နိုင်ဘဲကြည်လင် ချမ်းသာ လျက်သာ ရှိတတ်သည်။ ကြည်လင်သော ထိုစိတ်များ အားနည်းသွားသော အခါ၌ ဆက်၍ မှတ်လျင် အဖြစ်အပျက်ကို ရှင်းလင်းစွာ သိ၏။ အတန်ကြာလျှင် အသိမ်မွေ့ဆုံးအကောင်းဆုံးမှတ်သိမှုသို့ တဖန် ပြန်၍ရောက်တတ်၏။ ထိုအခါမှာ ဉာဏ်အားကောင်းလျှင် သင်္ခါရငြိမ်းတဲ့သဘောသို့ ရှေးကလိုပင် ဆိုက်ရောက်သွား တတ်၏။ သမာဓိဉာဏ် ထက်သန်လျှင်ဤနည်းဖြင့် ခဏခဏလည်း ဆိုက်ရောက်တတ်၏။ ယခုကာလ ပုဂ္ဂိုလ်များမှာ ပထမ မဂ်ဖိုလ်ကိုရရန်သာ အဓိကရည်ရွယ်ချက် ရှိသောကြောင့်ရောက်ပြီးသော ပထမဖိုလ်သို့သာလျှင် ထပ်ကာထပ်ကာ ရောက်ခြင်းပေတည်း။ ဤသည်ကား သောတာပတ္တိဖိုလ်သို့ရောက်ပြီးသည့် တိုင်အောင် အားထုတ်ပုံမှတ်စဉ်နှင့် ဉာဏ်ဖြင့်တွေ့မြင်ပုံပေတည်း။


(မဟာစည်ဆရာတော်ဘုရား ၏ ၀ိပဿနာ ရှုနည်းကျမ်း အကျဉ်းချုပ်စာမျက်နှာ ၂၇ မှကောက်နုတ်ပါသည်။ )