Wednesday, March 05, 2014

တစ်ကြောင်းတည်းသောလမ်း

တစ်ကြောင်းတည်းသောလမ်း

ဘုရားရှင်သည် သာဝတ္တိပြည် ပုဗ္ဗာရုံကျောင်း တိုက်တွင် သီတင်းသုံး စံနေတော်မူခိုက် ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားကြီးသည် ဘုရားရှင်ထံသို.ချဉ်းကပ်ကာ သူသိလိုသည့် မေးခွန်းများကို မေးမြန်းလျှောက်ထားခဲ့သည်။ ထိုမေးခွန်းများ၏ ဆိုလိုရင်းမှာ---

အရှင်ဂေါတမ၏ သာသနာတော်၌ အစဉ်အတိုင်း လိုက်နာပြုကျင့်အပ်သည့် ကျင့်စဉ်အရပ်ရပ် ထင်ရှားတည်ရှိပါသလား ဟု မေးမြန်းလျှောက် ထား၏။ ထိုအခါ ဘုရားရှင်က အစဉ်အတိုင်း လိုက်နာပြုကျင့်အပ်သည့် ကျင့်စဉ်အရပ်ရပ်ကို အကျဉ်းချုပ်ကာ---

၁။ရဟန်းတော်တို. လိုက်နာပြုကျင့်အပ်သည့် ပါတိမောက္ခသံဝရ သီလတည်းဟူသော ဝိနည်းသီလကျင့်စဉ်၊

၂။မျက်စိ နား နှာ လျှာ ကိုယ် နှလုံးတည်းဟူသော ဒွါရ(၆)ပါး၊ တံခါးကြီး(၆)ပေါက်မှ ရာဂ ဒေါသ မောဟ စသည့် ကိလေသာ အညစ်အကြေးတို. ဝင်ရောက်မလာနိုင်အောင် မိမိမ၏ ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်ကို အမြဲသွတ်သွင်းထားလျက် ဣနြေ္ဒတို.ကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းတည်းဟူသော ဣန္ဒြိယ သံဝရသီလကျင့်စဉ်၊

၃။အစာအာဟာရ၌ အတိုင်းအရှည်ကို သိခြင်း၊ ပစ္စဝေက္ခဏာဆင်ခြင်လျက် အစာအာဟာရကိုသုံး ဆောင်မှီဝဲခြင်းတည်းဟူသော ပစ္စယသန္တွိဿိတသီလကျင့်စဉ်၊

၎။ညဥ့်သုံးယာမ် တစ်ယာမ်သာ အိပ်စက်လျက် ကြွင်းကျန်သော အချိန်ကာလတို.၌ ကမ္မဋ္ဌာန်းတရားတို.ကို သာလျင် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း ဇာဂရိယာနုယောဂကျင့်စဉ်၊

၅။သတိ၏ တည်ရာအာရုံဖြစ်ကြကုန်သော သမထကမ္မဋ္ဌာန်းအာရုံနှင့် ဝိပဿနာကမ္မဋ္ဌာန်းအာရုံတို.အပေါ်၌ ခိုင်မြဲသော သတိနှင့် ပိုင်းပိုင်းခြားခြားကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်တို.နှင့်ပြည့်စုံအောင် ဖြည့်ကျင့်ရမည့် သတိသမ္ပဇဉ်ပိုင်း ကျင့်စဉ်၊

၆။ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်းသို. ချည်းကပ်ကာ ရှေးဦးစွာ သမထကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ဖြည့်ကျင့်ရမည့် ကျင့်စဉ်၊ ထိုသို.ကျင့်ရာ၌---

၇။(က) သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို.အပေါ်၌ လိုလားတပ်မက်ခြင်း ကာမစ္ဆန္ဒနီဝရဏ၊ (ခ)သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို.ကို ပျက်စီးအောင် ဖျက်ဆီးလိုခြင်း ဗျာပါဒနီဝရဏ၊ (ဂ)ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်စေတသိက်တို.၏ တက်တက်ကြွကြွမရှိပဲ လေးလံထိုင်းမှိုင်းနေခြင်း ထိနမိဒ္ဓနီဝရဏ၊ (ဃ)ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်စေတသိက်တို.ကို စုစည်းလို. မရနိုင်ဘဲ ပြင်ပအာရုံ အမျိုးမျိုးပေါ်သို. စိတ်ပျံ.လွင့်နေခြင်း ဥဒ္ဓစ္စနှင့်ပြုပြီးဒုစရိုက် မပြုလိုက်မိသောသုစရိုက်တို.ကို အာရုံပြုကာ နောင်တတစ်ဖန်ပူပန်နေခြင်း ကုက္ကုစ္စတည်းဟူသော နီဝရဏ(ဥဒ္ဓစ္စ+ကုက္ကုစ္စ နီဝရဏ)၊ (ဂ)ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားစသည်တို.အပေါ်၌ သို.လောသို.လော တွေးတောယုံမှားနေခြင်း ဝိစိကိစ္ဆာနီဝရဏ-သမထဈာန်နှင့် ဝိပဿနာဉာဏ်တို.က ဖြစ်ပေါ်မလာအောင် တားမြစ်နှောင့်ယှက် ပိတ်ပင်နေသည့် ဤနီဝရဏတရား၅-ပါးတို.ကို နှိပ်ကိပ်ဖျက်ဆီးကြောင်းဖြစ်သည့် ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်သို. ဆိုက်ရောက်အောင် အားထုတ်ရမည့်ကျင့်စဉ်၊

၈။ထိုစတုတ္ထဈာန် သမာဓိကို ဝိပဿနာဉာဏ်၏ အခြေခံ သမာဓိအဖြစ် ထူထောင်ကာ အရဟတ္တဖိုလ်ပေါက် အဆင့်ဆင့် လိုက်နာပြုကျင့် ရမည့် ဝိပဿနာကျင့်စဉ်-

ဤကဲ့သို.အစဉ်အတိုင်း လိုက်နာပြုကျင့်ရမည့် ကျင့်စဉ်အရပ်ရပ်တို. ငါဘုရားရှင်၏ သာသနာတော်၌ ထင်ရှားတည်ရှိပါကြောင်းကို ပြန်လည်ကာ မိန်.ကြားတော်မူလိုက်သည်။ ထိုကျင့်စဉ်အရပ်ရပ်တို.ကို အကျဉ်းချုပ်လိုက်လျှင် ထိုကျင့်စဉ်တို.မှာ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော မဂ္ဂင်(၈)ပါး ကျင့်စဉ်တရားတို.သာ ဖြစ်ကြပေသည်။

နိဗ္ဗာန်တရားတော်မြတ်သည်လည်းထင်ရှားရှိတာ မှန်၏။ နိဗ္ဗာန်သွားရာလမ်းသည်လည်း ထင်ရှားရှိတာမှန်၏။ နိဗ္ဗာန်သွားရာလမ်းကို ညွှန်ကြားပြသတတ်သည့် ဘုရားရှင်လည်း ထင်ရှားရှိတာမှန်၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ဟာ နိဗ္ဗာန်သို. သွားရာလမ်းကို ဟောကြားပြသတတ်သူ သာ ဖြစ်ပြီး ကိုယ်တိုင်ကျင့်သူတွေသာ သံသရာဝ် ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြမှာဖြစ်ကြပါတယ်။

ဖားအောက်တောရဆရာတော် အရှင်ရေဝတ၏ နိဗ္ဗာန်သို.သွားရာ တစ်ကြောင်းတည်းသောလမ်း စာအုပ်မှ ထုတ်နှုတ်မျှဝေပါသည်။

Tuesday, March 04, 2014

***ရဟန္တာအရှင်သူမြတ်ကြီး*** ဆားတောင်ဆရာတော်ဘုရားကြီး *ဦးပညာဏိက*၏ထိ သိ သတိ ဆုံးမသြဝါဒများ

***ရဟန္တာအရှင်သူမြတ်ကြီး*** ဆားတောင်ဆရာတော်ဘုရားကြီး *ဦးပညာဏိက*၏ထိ သိ သတိ ဆုံးမသြဝါဒများအားပူဇော်ပေးလိုက်ပါသည်။ ၁*တရားနှင့်အိပ်စက်ခြင်းတရားနှင့်နိုးထခြင်းတရားနှင့်မွေ့လျော်ခြင်းဒါအပ္ပမာဒတရားဘဲ။ ၂*တောထဲလွှတ်ကျောင်းတဲ့နွားတွေဟာနေ့တိုင်းနေ့တိုင်းဒီစားကျက်ပဲ စားနေကြတာပဲစားစရာမရှိဘူးထင်ရပေ မဲ့ကိုက်ပါများတော့လဲဗိုက်ပြည့် တာပဲတရားဆိုတာလဲဒီအတိုင်းပါပဲဒီ ခန္ဓာပဲနေ့စဉ်ရှုမှတ်နေရမှာပါပဲ။ ၃*ပြဿနာကကိုယ့်ဆီလာတာမ ဟုတ်ပါဘူးပြဿနာကိုသာကိုယ်က လက်ခံထားလို့ရှိနေတာပါ။ ၄*ဘာမဆိုအတွင်းကအေးနေအောင်လုပ်ရ တယ်အပြင်ကဘယ်လောက်ပူပူအတွင်းကအေးနေတော့အေးတာပဲအပြင်ကဘယ်လောက်အေးအေးအတွင်းကပူတော့ပူတာပဲ။ ၅*အားကိုးမမှားစေနဲ့မိမိကိုယ်ကိုအားကိုးရမယ်။ ၆*ခန္ဓာကတော့သူ့တရားသူပြနေတာပဲလောဘဒေါသမောဟဖုံးနေတော့ဘာမှမသိလို က်ရဘူး။ ၇*ခန္ဓာရှိနေသရွေ့အမြဲတမ်းဆင်းရဲ နေမှာပဲဆင်းရဲတွင်းကလွတ်ဖို့တရားအားထုတ်ပါဆိုတော့မထုတ်ချင်ကြဘူး။ ၈*စိတ်ကဖြတ်လို့ပြတ်တာမဟုတ်ဘူးတ ရားကဖြတ်မှပြတ်တာတရားရှိအောင်အားထုတ်ကြတရားရှိတော့တရားကပဲဖြတ်ေ ပးတယ်ပြတ်ပေးတယ်ပယ်ပေးတယ်။ ၉*ဘယ်လိုပုဂ္ဂိင်္ုံလ်ပဲဖြစ်ဖြစ်တရားကတော့အားထုတ်ရမှာပဲအားထုတ်ခွင့် ကြုံတုံးအားထုတ်ကြသာသနာပပြီဆိုေ တာ့ဝိပဿနာနဲ့တွေ့ရတာမဟုတ် ဘူးဒီတော့ပိုနစ်နာတယ်။ ၁၀*တရားအားထုတ်ဖို့တော့မအားဘူးမ အားဘူးလို့ပြောနေကြတယ် သေချိန်ကျလာလို့မသေချင်ဘူးလို့ ပြောလို့ရတာမဟုတ်ဘူးမအားဘူးလို့ ပြောလို့ရတာမဟုတ်ဘူး *ထေရုပ္ပတ္တိနှင့်တရားကျင့်စဉ်*မှ မျှဝေပူဇော်ပါသည်ဆက်လက်၍လဲပူဇော်သွားပါမည်တရားထူးတရားမြတ်များရရှိကြပါစေ/ရရှိရလိုပါ၏ ။

ပထမရွှေကျင်ဆရာတော်ကြီး၏ ဆုံးမသြဝါဒ

ပထမရွှေကျင်ဆရာတော်ကြီး၏ ဆုံးမသြဝါဒ ---------------------------------------------------(၁)ရေကန်၌မှော်ကိုဖယ်၍ သောက်ရေကိုခပ်ရ၏---။ (၂)မသူတော်၌အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းကိုရှာရသည်--။ (၃)တုံးတံတားကို လျှောက်စဉ်အရပ်တစ်ပါးကို မကြည့်နဲ့ ချောက်သို့ကျလိမ့်မည်--။ (၄)သံသရာတံတားကိုလျှောက်စဉ် သူတစ်ပါးအပြစ်ကို မကြည့်နဲ့ သံသရာချောက်ကမ်းပါးကို ကျလိမ့်မည်--။ (၅)ရိုသေစွာခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်--။ (၆)ကျင့်ဝတ်မချွတ်လျှင် တပည့်ပင် ဆရာကိုနိုင်၏--။ (၇)မြင်းနိုင်လို ဇက်ကိုဆွဲ၊လှေကိုနိုင်လိုတက်ကိုဆွဲ ၊ ဆရာကိုနိုင်လို ကျင့်ဝတ်မြဲ---။ (၈)ပန်းပဲဆရာ အထုမခံရသောသံတုံးသည်လက်နက်မဖြစ်--။ (၉)ကျောက်ဆစ်ဆရာ အဆုံးအဖြတ်မခံရသော ကျောက်တုံး အရုပ်မဖြစ်---။ (၁၀)ဆရာအဆုံးအမ မခံရသော တပည့် သူကောင်းမဖြစ်---။ (၁၁)သစ်ပင်ကြီးတို့သည်ခုတ်လှဲသူတို့အားမလှဲမချင်း အရိပ်ဖြင့် အေးစေ၏---။ (၁၂)နံ့သာတုံးတို့သည် မီးရှို့သူတို့အားမကျွမ်းမချင်းအနံ့ဖြင့် မွှေးစေ၏---။ (၁၃)သူတော်ကောင်းသည် ညှဉ်းဆဲသူတို့အားမသေမချင်း အကျိုးဆောင်၏---။ (၁၄)ဗဟုသုတရှိလျက်သီလမရှိလျှင် ရေမတည်သောကန်နှင့်တူ၏---။ (၁၅)ပညာရှိလျှက်သီလမရှိလျှင်အသီးမချိုသော သစ်ပင်နှင့်တူ၏---။ (၁၆)ကျမ်းဂန်တတ်လျှက်သီလမရှိလျှင်အဆိပ်သီးနှင့်တူ၏---။ (၁၇)ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည်ရွံဖွယ်တည်း--။ (၁၈)စာတက်လျှက်မိမိကိုယ်ကို မဆုံးမလျှင်ထိုစာသည် ငရဲရိက္ခာနှင့်တူ၏--။

Sunday, March 02, 2014

သဒ္ဓမ္မရံသီ-ဆရာတော်၏ ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး

သဒ္ဓမ္မရံသီ-ဆရာတော်၏ ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး

ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့ ပြုနေကြသော ဒါန-စသော ကုသိုလ်ကံတို့သည်-၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ။ ၂။ ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌ အကျိုးပေးသောကံ။ ၃။ အပရာပရိယဝေဒနီယကံ-တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသောကံ။ ၄။ အဟောသိကံ-ကံသာဖြစ်၍ အကျိုးမပေးသောကံ-ဟူ၍ ၄-မျိုးကွဲပြားလျက် ရှိပေသည်။

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များ ပြုသောအခါ ကုသိုလ်ဇောတို့သည် ၇-ကြိမ် ရ-ကြိမ် ဖြစ်သွားကြပေသည်။ ထို ၇-ကြိမ်တို့တွင် ပထမဇောကုသိုလ်စေတနာကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်ပေသည်။ ထိုဒိဋ္ဌဓမ္မဝေဒနီယ ကံသည် ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးနိုင်ေ ပသည်။

ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးသော်လည်း သူ့ရှေ့မှ ဇောအကူအညီကိုမရ၍ ရှေးဦးစွာ ဖြစ်ရသည့် ပထမဇောကုသိုလ်ကံ ဖြစ်သောကြောင့် မွေးဖွားခါစ ကလေးငယ်များကဲ့သ အားနည်းလှပေသည်။ ထို့ကြောင့် အကျိုးပေးသောအခါ ပထမဇောကုသိုလ် စေတနာကံသည် ထင်ထင်ရှားရှား အကျိုးမပေးနိုင် ပေ။ မထင်မရှားသာ အကျိုးပေးနိုင်ပေသည်။

ပထမဇောကုသိုလ်စေတနာကံသည် ယခုမျက်မှောက်ဘ၀၌ပင် ကုသိုလ်ရှင် ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ ရှိနေရအောင် ကုသိုလ်ရှင် ပြုချင်သည့်ကိစ္စများ လွယ်လွယ်နှင့် ပြီးမြောက်သွားရအောင် ကုသိုလ်ရှင် အလိုရှိအပ်သည့် အကျိုးတရားများ လွယ်လွယ်နှင့် ရရှိသွားရအောင် မထင်မရှားပင် အကျိုးပေးနိုင်ေ ပသည်။ ယခုဘ၀၌ အကျိုးပေးခွင့်မရလျှင် နောင်ဘ၀များ၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံ ဖြစ်သွားရပေသည်။ ဆောင်ပုဒ်။ မျက်မှောက်ဘ၀၊ ကျိုးပေးက၊ ဒိဋ္ဌဓမ္မမည်။

ပထမဇောကုသိုလ် စေတနာကံသည် အားနည်းသော ကုသိုလ်ကံပင်ဖြစ်သော်လည်း ထူးခြားသည့် အကြောင်း ၄-ချက်နှင့် ပြည့်စုံလျှင်တော့ ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။ ထူးခြားသည့်အကြောင်း ၄-ချက်မှာ-၁။ အလှူခံပုဂ္ဂိုလ်၏ အနာဂါမ်၊ ရဟန္တာ ဖြစ်ခြင်း။ ၂။ နိရောဓသမာပတ်မှ ထသောအခါ ဖြစ်ခြင်း။ ၃။ အလှူပေးပုဂ္ဂိုလ်၏ စင်ကြယ်သော လှူဖွယ်ပစ္စည်း ဖြစ်ခြင်း။ ၄။ အလှူပေးပုဂ္ဂိုလ်၏ စေတနာ ၃-တန် ထက်သန်ခြင်း။ ဤထူးခြားသည့်အကြောင်း ၄-ချက်နှင့် ပြည့်စုံလျှင် ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။

အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရ မြက်ထမ်းသမားသည် ထူးခြားသော အကြောင်း ၄-ချက်နှင့်ပြည့်စုံစွာ လှူဒါန်းရသောကြောင့် ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်ရသည့် သာဓက ရှိခဲ့ပေသည်။ တချိန်သောအခါ အရှင်အနုရုဒ္ဓါအလောင်းသည် အန္နဘာရဟူသော အမည်ဖြင့် သုမနသူဌေးအိမ်၌ မှီခို၍ နေရသော ဆင်းရဲသား မြက်ထမ်းသမား ဖြစ်ခဲ့ရပေသည်။ အန္နဘာရမြက်ထမ်းသမားသည် တနေ့သောအခါ တောအရပ်မှ မြက်များကို ရိတ်ယူကာ မြက်ထုံးများကိုထမ်း၍ အိမ်သို့ပြန်လာခဲလေ၏။ ထိုအချိန်မှာ ဂန္ဓမာဒနတောင်၌ သီတင်းသုံးနေတော်မူသော ဥပရိဋ္ဌ အမည်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် နိရောဓသမာပတ်မှထ ၍ ကောင်းကင်ခရီးဖြင့် ကြွလာတော်မူပြီးလျှင် အန္နဘာရမြက်ထမ်းသမား၏ ရှေ့မှ သက်ဆင်းကာ သပိတ်ကိုပိုက်လျက် ဆွမ်းခံကြွသွားတော်မူ၏။

ထိုအခါ အန္နာဘာရသည် အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူလိုသောကြောင့် အိမ်ရှင်မထံ ပြန်သွား၍ နှစ်ယောက်စာထမင်းကို ယူလာကာ အရှင်ပစ္စေကဗုဒ္ဓါအား လှူဒါန်းပြီးလျှင် ဤတထပ်စာမျှသော ဆွမ်းကို လှူဒါန်းရသည့် ကောင်းမှုကြောင့် နောင်ဖြစ်လေရာ ဘ၀တိုင်းတို့၌ ဆင်းရဲသားမျိုးမှာ မဖြစ်ရပါလို၏။ မရှိဟူသောစကားကို မကြားမသိရပါလို၏-ဟု ဆုတောင်းပတ္ထနာ နှစ်ခုကို ပြုလိုက်ပေသည်။

ဤကဲ့သို့ တထပ်စာဆွမ်းကို လှူဒါန်းကာ ဆုတောင်းပတ္ထနာပြုပြီးလျှင် အိမ်သို့ပြန်လာေ သာအခါ သူမနသူဌေးက အန္နဘာရ၏ ဆွမ်းအလှူကို တကျပ်မှစ၍ တထောင်ထိအောင် တိုးပေး၍ ၀ယ်ယူသော်လည်း မရောင်းသည့်အတွက်ကြောင့် အမျှဝေစေပြီး သာဓုခေါ်ကာ ငွေတထောင်ပေးလေ၏။

ထို့နောက် မင်းကြီးထံသို့ သွားဖို့ရန်ရှိ၍ အန္နဘာရကို မင်းကြီးထံသို့ ခေါ်သွားလေ၏။ မင်းကြီးကလည်း တထောင်ထပ်ပေးပြီးလျှင် အိမ်ဆောက်ဖို့ရန်အတွက် ခြံမြေတခုကို ပေးပြန်လေသည်။ ထိုခြံမြေကို ရှင်းလင်းသောအခါ အန္နဘာရအတွက် ရွှေအိုးများ ပေါ်ထွက်လာသောကြောင့် ဆင်းရဲသားကို သူဌေးကြီးဘွဲ့ ပေးလိုက်လေ၏။ အန္နဘာရမြက်ထမ်းသမား၏ ဆွမ်းအလှူသည်-၁။ အလှူခံပုဂ္ဂိုလ်၏ ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်ခြင်း။ ၂။ ပစ္စေကဗုဒ္ဓါ ရဟန္တာ၏ နိရောဓသမာပတ်မှ ထသောအခါ ဖြစ်ခြင်း။ ၃။ အလှူပေးပုဂ္ဂိုလ် အန္နဘာရ၏ တထပ်စာဆွမ်းသည် စင်ကြယ်သော လှူဖွယ်ပစ္စည်းဖြစ်ခြင်း။ ၄။ အလှူပေးပုဂ္ဂိုလ် အန္နဘာရ၏ စေတနာ ၃-တန် ထက်သန်ခြင်း ဟူသော ထူးခြားသည့် အကြောင်း ၄-ချက်နှင့် ပြည့်စုံသောကြောင့် အန္နဘာရသည် ယခုဘ၀၌ပင် မြက်ထမ်းသမား ဆင်းရဲသားဘ၀မှ သူဌေးကြီး ဖြစ်သွားရလေ၏။ ပထမဇော ကုသိုလ်စေတနာကံ ၏ အကျိုးပေးပင် ဖြစ်ပေသည်။

ဤသာဓကကိုထောက်ထား၍ အလှူဒါနပြုသောအခါ အလှူခံပုဂ္ဂိုလ်ဘက်က အကြောင်းအင်္ဂါ နှစ်ပါးနှင့်လည်း ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ရွေးချယ်ကြရပေသည်။ အလှူပေးပုဂ္ဂိုလ် မိမိတို့ဘက်ကလည်း အကြောင်းအင်္ဂါ နှစ်ချက်နှင့် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် စီမံပြုလုပ်ကြရပေသည်။

( ၂ ) ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌ အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ၇-ခုမြောက်ဖြစ်သည့် သတ္တမဇောကုသိုလ်စေတနာကံ ဖြစ်ပေသည်။ ထိုသတ္တမဇော ကုသိုလ်စေတနာကံသည် ယခုဘ၀မှ ကွယ်လွန်သွားပြီးသောအခါ ဒုတိယဘ၀၌ အကျိုးပေးသောကံ ဖြစ်ပေသည်။ ဆောင်ပုဒ်။ ဒုတိယဘ၀၊ ကျိုးပေးက၊ ဥပပဇ္ဇမည်။

သတ္တမဇော ကုသိုလ်စေတနာကံသည် ဇော ၇-ကြိမ်တို့တွင် နောက်ဆုံး အဆုံးဇောစေတနာကံ ဖြစ်၍ အားနည်း၏။ ထို့ကြောင့် ဒုတိယဘ၀၌ပင် အကျိုးပေးရသည်။ ဒုတိယဘ၀၌ အကျိုးပေးခွင့် မရခဲ့သော် တတိယဘ၀၊ စတုတ္ထဘ၀ စသည်တို့၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံများ ဖြစ်သွားရပေသည်။

( ၃ ) အပရာပရိယဝေဒနီယကံ-တတိယဘ၀မှ စ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသော ကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ပထမဇောကံနှင့် သတ္တမဇောကံ ၂-ပါးကို ကြဉ်ဖယ်၍ အလယ်ဇော ၅-ခု ကုသိုလ်စေတနာကံ ဖြစ်ပေသည်။ ထိုအလယ်ဇော ကုသိုလ်စေတနာကံ ၅-ခုသည် ရှေးရှေးဇောများက ရရှိကြသောကြောင့် အားနှင့်ပြည့်စုံကြပေသည်။ ထို့ကြောင့် တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည် ဘ၀တိုင်အောင် အကျိုးပေးနိုင်ပေသည်။ ဆောင်ပုဒ်။ တတိယဘ၀မှ၊ နိဗ္ဗာန်ကျထိ၊ ကျိုးပေးဘိ၊ အပရာပရိမည်။

( ၄ ) အဟောသိကံ-ကံသာဖြစ်၍ အကျိုးမပေးသောကံ-ဟူသည် အကြင် ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ တို့သည် မိမိတို့ အကျိုးပေးရာကာလတို့၌ အကြောင်းမသင့် အခွင့်မသာ၍ အကျိုးမပေးကြရပေ။ ထိုကံတို့သည်ပင်လျှင် အဟောသိကံတို့ ဖြစ်သွားကြရပေသည်။ ဆောင်ပုဒ်။ အကျိုးမပေးပြန်၊ အဟောသိကံ၊ အမှန်ဖြစ်ပေသည်။

ဤကဲ့သို့ ကုသိုလ်ကံတို့သည အကျိုးပေးရာကာလအားဖြင့်-၁။ ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ။ ၂။ ဒုတိယဘ၀၌ အကျိုးပေးသောကံ။ ၃။ တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် အကျိုးပေးသောကံ။ ၄။ ကံသာဖြစ်၍ အကျိုးမပေးသောကံ။ ဟူ၍ ၄-မျိုး ကွဲပြားလျက် ရှိကြပေသည်။

အကုသိုလ်ကံတို့သည်လည်း ကုသိုလ်ကံတို့ကဲ သို့ပင် အကျိုးပေးရာကာလအားဖြင့် ၄-မျိုးကွဲပြားလျက် ရှိကြပေသည်။

သဒ္ဓမ္မရံသီ-ဆရာတော်

( မြတ်မင်္ဂလာ ၂၀၀၁-ခု သြဂုတ်လ )

မေတ္တာဖြင့်ဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ www.infinitydhamma.com

Friday, February 28, 2014

ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း

“ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း” •••••••••••••••••••••••••••••••• မြတ်စွာဘုရားရဲ့ အဆုံးအမကို အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် “ကုသိုလ်” ဖြစ်တဲ့အလုပ် မှန်သမျှ လုပ်ကောင်းတယ်၊ “အကုသိုလ်”ဖြစ်တဲ့အလုပ် မှန်သမျှ မလုပ်ကောင်းဘူး၊ ဒီလိုပဲ သတ်မှတ်တယ်။

တချို့ကျတော့ ဒါလုပ်ကောင်းလား၊ မလုပ်ကောင်းဘူးလား၊

တချို့ ဘုန်းကြီးကျောင်းထဲ ● ဖိနပ်စီးကောင်းလား မေးတဲ့လူက ရှိသေးတယ်နော်၊ အဲတော့ ကိုယ့် “စိတ်”ပ်ါမှာ မူတည်တယ်နော်၊ ဪ ဒါ သံဃာတွေ သီတင်းသုံးတဲ့နေရာပဲ၊ ဘုရားကျောင်းကန်တွေရှိတယ် ။ respect ပေးလို့ ချွတ်ရင် ကုသိုလ်ရတယ်၊ ဒါမှန်တယ်။

မချွတ်ချင်ဘူး ဆိုရင်လည်း မလေးမစားလုပ်တာ ၊ မဟုတ်ရင် အကုသိုလ်မဖြစ်ဘူး။ သံဃာတွေ့နဲ့တွေ့ရင် ချွတ်တယ်၊

သို့သော် ... ဗမာပြည်မှာ “ဆန့်ကျင်နေတာ”တစ်ခုရှိတယ်၊ ဘုန်းကြီးကျောင်းထဲဝင်ရင် ●“စက်ဘီး”ပေါ်က မဆင်းဘူး။ ●“မော်တော်ဆိုင်ကယ်”ပေါ်က မဆင်းဘူး။ ●“ဖိနပ်”တော့ ချွတ်တယ်။ ဒါ အဓိပ္ပာယ်မရှိဘူးနော်။ ဖိနပ်ထက် မော်တော်ဆိုင်ကယ်တို့၊ ကားတို့က ပိုကြီးတဲ့ယာဉ်ပဲ။ အဲဒီတော့ ဆိုလိုတာက ကားပေါ်ကဆင်းပြီး ဖိနပ်စီးလာတာ အကောင်းဆုံးပဲပေါ့။ ဒီလို ဆိုလိုတာပေါ့။

ရှေးတုန်းကဆိုရင် ဘုရား၊ ကျောင်းကန်ဝင်လို့ရှိရင် ဆင်တွေ၊ မြင်းတွေကို အပြင်ဘက်မှာ ထားခဲ့တယ်။ ဖိနပ်စီးပြီး ၀င်လာကြတယ်။ ဘုရားနဲ့တွေ့တဲ့ အခါကျတော့မှ ဖိနပ်ချွတ်ပြီး ရှိခိုးကြတယ်။

ဒီလို ကျောင်းထဲမှာ ဖိနပ်မစီးရဘူးဆိုတဲ့ အယူအဆတစ်ခုဟာ “အလေးပြု”ရာကနေေ ပ်ါလာတာ။ သို့သော် ရည်ရွယ်ချက်ကောင်းရင် အပြစ်ရှိတယ်လို့ ပြောလို့မရဘူး။

♦စီးသည့်အတွက်ကြောင့် “အပြစ်”မရှိဘူး၊ “စော်ကား”လို၍ လုပ်ရင်တော့ “အပြစ်”ရှိတယ်။

♦လေးစားလို့လုပ်တယ်ဆိုရင် ကုသိုလ်ကောင်းမှုရတယ်၊ ကောင်းတဲ့အလုပ် လုပ်တယ် ဒီလိုပြောရမယ်၊

ဘုန်းကြီးတို့ရွာမှာဆိုရင် ကျောင်းထဲမပြောနဲ့ ။ ကျောင်းရှေ့က ဖြတ်သွားရင်တောင် ဖိနပ်ချွတ်သွာြး ကတယ်။ ဒါ အစဉ်အလာတစ်ခုပဲနော်။ “tradition” လို့ ခေါ်တယ်၊ ဘုရားက ချွတ်ခိုင်းတာ မဟုတ်ဘူး၊

ဘုန်းကြီးတွေ ရွာထဲသွားရင် ဖိနပ်မစီးရဘူး။ အခုတော့လည်း စီးနေကြတာပဲ။

အဲဒီလို ပြောင်းတိပြောင်းပြန်တွေပေါ့၊ ဘုရားဆုံးမတာတွေနဲ့ တချို့ဟာ ပြောင်းတိပြောင်းပြန်တွေ ဖြစ်တယ်ပေါ့၊

● တချို့က “သိမ်”ထဲကို “အမျိုးသမီး” မ၀င်ကောင်းဘူးလို့ ပြောကြတယ်။ မဟုတ်ပါဘူး။ မ၀င်ကောင်းဘူးလို့ပြောတာ မဟုတ်ပါဘူး။

ကိုယ့်လောက်မှ တန်ဖိုးမရှိတဲ့ “အိမ်မြှောင်”တွေတောင် သိမ်ထဲမှာ နေကြတာပဲ၊ အမျိုးသမီးက အိမ်မြှောင်ထက် မြတ်ပါသေးတယ်။ ဆိုလိုတာက ဒီ မှားမှားယွင်းယွင်း ပြောဆိုရင်းကနေ ဒီလိုဖြစ်လာတယ်။

ရှင်သာရိပုတ္တရာတို့ သမုတ်တဲ့ “သိမ်”က ရာဇဂြိုဟ်မြို့ ကျောင်းကြီးတစ်ဆယ့်ရှစ်ကျောင်းကို ခြုံပြီးတော့ သိမ်တစ်လုံးထဲသမုတ်ထားတာ။ အဲဒီထဲမှာ အမျိုးသမီးတွေကော၊ အမျိုးသားတွေကော၊ အိမ်တွေကော၊ ရွာတွေကော အကုန်လုံး ရှိနေတာပဲနော်၊ ဒါကြောင့်မို့ မ၀င်ကောင်းဘူးဆိုတာ မဟုတ်ဘူး။

တစ်နေ့က ဘုန်းကြီးတစ်ပါးက ဖုန်းဆက်ပြီးတော့ မေးတယ်။ ဆရာတော် သိမ်ထဲမှာ အိမ်သာ “ကုဋီ” ဆောက်ချင်လို့ ဆောက်လို့ရလား။ သိမ်ထဲမှာ ကုဋီဆောက်ကောင်းလားလို့ မေးတယ်။ ရှင်သာရိပုတ္တရာ သမုတ်တဲ့ သိမ်ထဲမှာတော့ ဘယ် ကုဋီတင်ကမှာတုန်း၊

သိမ်ဆိုသည်မှာ ရဟန်း၊ သံဃာတွေအတွက် ကံဆောင်ဖို့ရာအတွက် ဧရိယာလေးတစ်ခု သတ်မှတ်တာပဲရှိတယ်၊ အဲဒါတွေ မဆိုင်ဘူးလို့ အဲဒီလို ပြောပြလိုက်ရတယ်၊ သိမ်ထဲမယ် မလုပ်ကောင်းဘူး ဒီလိုမရှိပါဘူးလို့၊ ကိုယ့်ဟာကိုယ် သင့်တော်၏ ၊ မတော်၏ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာပေါ့နော်။

အေး ဒါကြောင့်မို့ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေထဲမယ် ဘုရားအဆုံးအမတွေ မှန်မှန်ကန်ကန် သိကြဖို့ရာ အင်မတန်မှ အရေးကြီးတယ်။

(မူရင်းဓမ္မဒါနအလှူရှင် -Ma Hla Hla Win)

Dhamma Danã Source ► Ma Hla Hla Win & www.facebook.com/youngbuddhistass ociation.mm

Thursday, February 27, 2014

စရိုက် ၆-ပါး

စရိုက် ၆-ပါး

ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်ကဲပိုမို၍ အဖြစ်များသည့် အမူအရာကို `စရိုက် ´ဟုခေါ်၏။

ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ဗုဒ္ဓိ(ပညာ)စရိုက်နှင့် ၀ိတက်စရိုက်ဟူ၍ စရိုက် ၆-ပါးရှိ၏။

၁။ ရာဂစရိုက်ရှိသူသည် လောကီအာရုံကာမဂု ဏ်များကို မရှက်မကြောက်လိုက်စား၏။

၂။ ဒေါသစရိုက်ရှိသူသည် နေရာတကာတွင် ရူးရူးရှဲရှဲ အမြဲစိတ်တို၏။

၃။ မောဟစရိုက်ရှိသူသည် ထိုင်းမိုင်းဖျင်းအပြီး အောက်ကျ နောက်ကျရှိ၏။

၎။ သဒ္ဓါစရိုက်ရှိသူသည် ရတနာမြတ်သုံးပါးကို လွန်စွာကြည်ညို၏။

၅။ ဗုဒ္ဓိစရိုက်(၀ါ)ပညာစရိုက်ရှိသူသည် ထက်မြက်သော ဉာဏ်ပညာဖြင့် အရာရာတွင် စဉ်းစား ဆင်ခြင်လေ့ရှိ၏။ သူများပြောတိုင်း မယုံချေ။

၆။ ၀ိတက်စရိုက်ရှိသူသည် အကြံအစည်များပြီး အလုပ်မတွင်ကျယ်ဘဲ ရှိတတ်၏။

ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ်မှ

" ဥပုသ်အဓိပ္ပါယ် နှင့် ရှစ်ပါးသီလ- ကိုးပါးသီလ အကြောင်း”

" ဥပုသ်အဓိပ္ပါယ် နှင့် ရှစ်ပါးသီလ- ကိုးပါးသီလ အကြောင်း” ************************************************* ဥပုသ်နှင့်ပတ်သတ်တဲ့ အကြောင်းအရာလေးက နည်းနည်းရှင်းပြပါ့မယ်။ ဥပုသ်ဆိုတာ “ဥပေါသထ” ဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ (ဥပ) ဆိုတာက ညစာမစားခြင်း၊ သူ့အသက်ကို မသတ်ခြင်းဆိုတဲ့ အကျင့်ကောင်းတွေနဲ့ ပြည့်စုံပြီး (ဝသထ) ဆိုတာက နေတာ။ နှစ်ခုပေါင်းလိုက်တော့ ဥပဝသထ- ဥပေါသထ=ဥပုသ်ဆိုတာ ညစာမစားခြင်း၊ သူ့အသက်မသတ်ခြင်းစသော အင်္ဂါရှစ်ပါးနဲ့ပြည့်စုံတဲ့ အကျင့်ကောင်းသီလတွေနဲ့ ပြည့်စုံပြီး စောင့်စည်းနေထိုင်တာကို ဥပုသ်စောင့်ခြင်းလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဒါက ဥပုသ်ရဲ့ အဓိပ္ပါယ်ပါ။

နောက်တစ်ချက်က ဥပုသ်ဆိုတာကို လဆန်း(၈)ရက်၊ လဆုတ်(၈)ရက်၊ လပြည့် လကွယ်နေ့တွေမှာသာ စောင့်ထိန်းအပ်သ ည်မဟုတ်သေး၊ မည်သည့်နေ့မဆို စောင့်ထိန်းလိုကစောင့်ထိန်းနိုင်ကြောင်း မဟာသုဒဿနသုတ်မှာ ဖွင့်ပြထားပါတယ်။ ဒီလိုဖွင့်ပြထားခြင်းကြောင့် ဘယ်နေ့မှာမဆို ဥပုသ်စောင့်နိုင်ပါတယ်။ သဘာဝကျကျစဉ်းစား ကြည့်မယ်ဆိုရင်လည်းကုသိုလ်ကောင်းမှု ပြုခြင်းလို့ ခေါ်တဲ့ ဥပုသ်စောင့်ထိန်းခြင်းဟာ ဥပုသ်နေ့ဥပုသ်စောင့်မှ ကုသိုလ်ရတယ်၊ ဥပုသ်နေ့ မဟုတ်တဲ့နေမှာဆို ဥပုသ်စောင့်ရင် ကုသိုလ်မရဘူးလို့မဖြစ်သင့်ပါဘူး။ဒါကြောင့် ဥပုသ်ကို ဘယ်နေ့မဆို စောင့်သုံးနိုင်တယ်လို့ မှတ်သားထားရပါမယ်။

နောက်တစ်ချက် ဥပုသ်သီလကို မြတ်စွာဘုရားရှင်ထံတော်မှောက်၌ဖြစ်စေ၊ ရဟန်းတစ်ပါးပါး ထံတော်၌ ဖြစ်စေ၊ ဆယ်ပါးသီလနားလည် တတ်ကျွမ်းတဲ့ မိမိထက် အသက် ဂုဏ်ဝါ သိက္ခာ သီလ သမာဓိ ပညာ ကြီးမြတ်ကြတဲ့ လူပုဂ္ဂိုလ်ထံ၌ဖြစ်စေ ဆောက်တည်နိုင်ပါတယ်။ ပါဠိတော်တွေ ဆိုလို့မတတ်ရင်လည်း မြန်မာပြန်သက်သက် ဆောက်တည်နိုင်သေး၏။ ရဟန်းတော်များရှားပါးတဲ့နေရာေ ဒသများမှာဆိုရင်တော့ မြတ်စွာဘုရားထံေ တာ်၌ပင်ဆောက်တည်နိုင်ပါ၏။ ရဟန်းသံဃာတော်တွေရှေ့မှာဆိုရင်တော့ ရဟန်းတော်များကတိုင်ကြားပေးပြီးဆောက်တည်စေတာကြောင့် မိမိသီလအပေါ် ပိုဂရုစိုက်တာပေါ့။ သြော်..ဆရာတော်တွေဆီမှာ (အာမဘန္တေ) ခံလာခဲ့တာပဲဆိုပြီး တော်ရုံ တန်ရုံ သီလကျိုးဖို့တွေ့လာပေမယ့် မကျိုးအောင် ဇွဲတင်းပြီးထိန်းသိမ်းဖြစ်တာပါ။ ဒါကြောင့် ဥပုသ်သီလကို ပါဠိလိုမရလျှင် မြန်မာပြန်သက်သက်သော်လည်းကောင်း၊ ရဟန်းတော်များရှားပါးတဲ့အရပ်ဒေသများမှာ မြတ်စွာဘုရားထံတော်၌လည်းကောင်း၊ ဆယ်ပါးသီလ တတ်ကျွမ်းတဲ့ သီလ သမာဓိ ပညာကြီးမြတ်တဲ့ လူပုဂ္ဂိုလ်ထံ၌လည်းကောင်း၊ ရဟန်းတော် တစ်ပါးပါးထံ၌သော်လည်းကောင်း ဆောက်တည်နိုင်ပါ၏။

နောက်ဆုံးအချက် “ဗုဒ္ဓဘာသာမှာ တစ်ပါးသီလ ရှိသလား”ဟုမေးကြ၏။ဗုဒ္ဓဘာသာမှာ “တစ်ပါးသီလ၊ နှစ်ပါးသီလ၊ သုံးပါးသီလ၊ လေးပါးသီလဟု”ဘုရားဟောပါဠိတော်များမှာ မတွေ့ရပါ။ သို့ရာတွင် “တစ်ပါးတတ်နိုင်လျှင် တစ်ပါး၊နှစ်ပါးတတ်နိုင်ရင်နှစ်ပါး၊ စသည်ဖြင့် စောင့်သုံးနိုင်ကြောင်း အဋ္ဌကထာကျမ်းများမှာ ဖွင့်ဆိုထားသည့်အတွက် တစ်ပါးသီလ၊ နှစ်ပါးသီလ အဖြစ်ဖြစ်ဖြင့် စောင့်ကောင်းပါသည်။” တစ်ပါးသီလ၊ နှစ်ပါးသီလ စသည်ဖြင့် မြတ်စွာဘုရားရှင် မဟောကြားခဲ့သော်လည်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ သိက္ခာပဒဝိဘင်းအဖွင့်၌”လူဝတ်ကြောင်များမှာ သီလခံယူပြီးနောက် ကျူးလွန်သည့် သိက္ခာပုဒ် သာ ပျက်၏။ ကျန်သိက္ခာပုဒ်များမပျက်။ အကြောင်းမှာ လူများသည် သီလမမြဲကြ၊ အမြဲစောင့်နိုင်မှ စောင့်ရမည့် သီလမရှိသည့်အတွက်ကြောင့် ဖြစ်သည်။ စောင့်နိုင်သမျှ သိက္ခာပုဒ်ကိုသာ စောင့်ထိန်းကြသည်”ဟု မိန့်ဆိုထား၏။ အဓိပ္ပာယ်မှာ ရှင်သာမဏေတို့မှာ ဆယ်ပါးသီလကို အမြဲစောင့်ထိန်းကြရ၏။ သိက္ခာပုဒ် တစ်ပါးပျက်လျှင် ဆယ်ပါးလုံးပျက်သွားကာရှင်သာမဏေ မဟုတ်တော့သည့်အတွက် ရှင်သာမဏေများ၌ ဆယ်ပါးသီလ အမြဲရှိရသကဲ့သို့လူဝတ်ကြောင်များမှာ “သီလရှိမှ လူဖြစ်မယ်။သီလမရှိရင် လူမဖြစ်”ဟု အမြဲစောင့်ထိန်းရမည့် သီလမရှိဟု ဆိုလိုပေသည်။ ဤအဋ္ဌကထာ အဆိုအမိန့်အရ လူဝတ်ကြောင်များ သည် ဆယ်ပါးသီလကို မဆိုထားနှင့် ငါးပါးသီလကိုပင် တတ်နိုင်သမျှ စောင့်ရမည်။ ငါးပါးလုံးကို မစောင့်နိုင်ဘဲ တစ်ပါး၊နှစ်ပါးသာ စောင့်ထိန်းလျှင်လည်းငါးပါးလုံး မပြည့်၍ မစောင့်ကောင်း၊ စောင့်သော်လည်းကုသိုလ်မရ၊ သီလမဖြစ်ဟု မဆိုနိုင်ပါချေ။ ငါးပါးမပြည့်ဘဲ စောင့်နိုင်သမျှ စောင့်ရာမှာ ကုသိုလ်လည်းရ၏။ သီလအစစ်လည်းဖြစ်၏ ဟု မှတ်ယူရမည်။ ဆက်၍ဆိုပါဦးမည်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာ “ ပရိယန္တပါရိသုဒ္ဓိသီလ”(ပိုင်းခြားဆောက်တည်၍ စင်ကြယ်သောသီလ) ဟူသောပုဒ် ကို အဋ္ဌကထာဖွင့်ဆိုရာ၌ ပိုင်းခြားဆောက်တည်၍ စင်ကြယ်သောသီလသည် (၁)။ သိက္ခာပုဒ်အပိုင်းအခြား( သိက္ခာပဒ ပရိယန္တ) (၂)။ ကာလအပိုင်းအခြား (ကာလပရိယန္တ) ဟု နှစ်မျိုးရှိ၏။ ထို့တွင် သိက္ခာပုဒ်အပိုင်းအခြားဆိုသည်မှာ ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် အလိုရှိရာ ဆောက်တည်ရိုး အစဉ်အတိုင်း သိက္ခာပုဒ်တစ်ပါးသော်လည်းကောင်း၊ နှစ်ပါးသော်လည်းကောင်း၊ သုံးပါးသော် လည်းကောင်း၊လေးပါးသော်လည်းကောင်း၊ ငါးပါးသော်လည်းကောင်း၊ ရှစ်ပါးသော်လည်း ကောင်း၊ ဆယ်ပါးသော်လည်းကောင်း၊ စောင့်ထိန်းကြကုန်၏။ သိက္ခမာန်၊ သာမဏေယောက်ျားသာမဏေမိန်းမတို့မှာမူ ဆယ်ပါးသော သိက္ခာပုဒ်တို့ကု ဆောက်တည်ကျင့်သုံးကြ၏ဟု ဖွင့်ဆိုထားသည်။

ဤအဋ္ဌကထာဖွင့်ဆိုချက်အရလည်း လူဝတ်ကြောင်တို့သည် သိက္ခာပုဒ်တစ်ပါး ကိုပဲဖြစ်ဖြစ်၊ နှစ်ပါး၊ သုံးပါး၊လေးပါး၊ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးကိုပဲဖြစ်ဖြစ်ဆောက်တည်ပြီးလုံလုံခြုံခြုံေ စာင့်ထိန်းနိုင်လျှင် သိက္ခာပဒပရိယန္တ ပါရိသုဒ္ဓိသီလ( သိက္ခာပုဒ် အပိုင်းအခြားရှိ၍ စင်ကြယ်သောသီလ) အမှန်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာမှာ တစ်ပါးသီလ၊နှစ်ပါးသီလ၊ သုံးပါးသီလ၊လေးပါးသီလဟူ၍မရှိ။ ငါးပါးသီလသာ ထင်ရှားရှိစေကာမူ ငါးပါးလုံး ဆောက်တည်နိုင်မှ ဆောက်တည်ကောင်း၊ စောင့်ထိန်းကောင်းသည်မဟုတ်၊ တစ်ပါးတတ်နိုင်လျှင်တစ်ပါး၊နှစ်ပါးတတ်နိုင်လျှင် နှစ်ပါး၊ သုံးပါးတတ်နိုင်လျှင် သုံးပါး၊ လေးပါးတတ်နိုင်လျှင် လေးပါး ဆောက်တည်ကျင့်သုံးကောင်းကြောင်း မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးဆုံးဖြတ်တော်မူထား၏။ထို့ကြောင့် ဗုဒ္ဓဘာသာမှာ တစ်ပါးသီလဟူ၍ကားမရှိ။ သို့သော် စောင့်ထိန်းလိုလျှင် စောင့်ကောင်း၏။ ကုသိုလ်လည်းရ၏ သီလလည်းဖြစ်၏။

တစ်ထိုင်သီလ၊ ကျောင်းနေသီလ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၊ သီလမယဥာဏနိဒ္ဒေသ အဖွင့်မှာလည်းကာလအပိုင်းအခြားရှိသည့် သီလ (ကာလပရိယန္တ)သီလဆိုသည်မှာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်လေ့ရှိကြသော ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် အလှူလှူဒါန်းကြသည့်အခါ မိမိကျွေးမွေးလှူဒါန်းသည့်အချိန်တွင်း ပိုင်းခြား၍ သီလကို ဆောက်တည်ကြကုန်၏။(ယခုခေတ်၊ တစ်ထိုင်သီလဟု ပြောဆိုနေကြသည့် သီလမျိုးဖြစ်၏။) ဘုန်းတော်ကြီးများကျောင်းသို့ သွားရောက်ကြသောအခါ ကျောင်းမှ မပြန်မီ အတောအတွင်းသီလကို ဆောက်တည်ကြကုန်၏ ။( ကျောင်းမှာနေသည့် ကာလအပိုင်းအခြား ဆောက်တည်သော သီလမျိုးဖြစ်၏။) တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ ထိုထက်များသောရက်တို့ကို ညဥ့်နေ့ပိုင်းခြားပြီးဆောက်တည်ကြ၏။ ဤသို့စွမ်းနိုင် သမျှ အချိန်ကာလကို ပိုင်းခြားသတ်မှတ်၍ ဆောက်တည်သော သီလမျိုးဖြစ်သည်။) ဤအဋ္ဌကထာကျမ်း၏ အဆိုအမိန့်အရ တစ်နေ့လုံး မဟုတ်ဘဲသံဃာတော်များကို အိမ်သို့ပင့်ပြီး လှူဒါန်းနေ သည့် အချိန်ပိုင်း၌ဖြစ်စေ၊ ကျောင်းသို့သွားသည့်အခါကျောင်းမှနေသရွေ့ အချန်ပိုင်း၌ဖြစ်စေ၊သီလစောင့်သုံးနိုင်ကြောင်း၊ ကာလပရိယန္တသီလမျိုးဖြစ်ကြောင်း သိသာထင်ရှားသည့်အတွက် ညဘက်မှာ ပိုင်းခြားသတ်မှတ်ပြီး ဆောက်တည်လိုကလည်း ဆောက်တည်နိုင်၏။ ထို့ကြောင့် “ဥပုသ်နေ့မှာ ညစာမစားဘဲ မနေနိုင်သေးသည့် ကလေးသူငယ်များ၊ အစာအိမ်ရောဂါအခံရှိသူများကို နံနက်ပိုင်းအတွက် ကာလသတ်မှတ်ကာ ဥပုသ်သီလဆောက်တည်စေကောင်းသည်”ဟု ဆရာတော်ကြီးများမိန့်ဆိုတော်မူခြင်း ဖြစ်သည်။ မြတ်သည့်အကျင့်ကို တစ်နေ့လုံးကျင့်မှ ကုသိုလ်ရမည်။အချိန်တစ်စိတ်တစ်ပိုင်းကျင့်လျှင် ကုသိုလ်မရဟု မဆိုနိုင်။ကျင့်နိုင်သမျှ ကုသိုလ်ရသည့်အတွက် ဆရာတော်ကြီးများ၏ မိန့်ဆိုချက်အတိုင်း စွမ်းနိုင်သမျှ အချိန်ပိုင်းဖြင သီလဆောက်တည် ကျင့်သုံးကောင်းသည်ဟု အသိပေးရေးသားလိုက်ရပါသည်။

ရှစ်ပါးသီလ(ကိုးပါးသီလ)တောင်းခြင်း အဟံဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္တွာဂတံ(နဝင်္ဂ သမန္တွာဂတံ) ဥပေါသထ သီလံဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။ ဒုတိယမ္ပိ။ ။အဟံဘန္တေ…… ဒေထ မေ ဘန္တေ။ (ဆက်ဆိုရန်) တတိယမ္ပိ။ ။အဟံဘန္တေ…….ဒေထ မေ ဘန္တေ။ (ဆက်ဆိုရန်) ဘုန်းကြီး။ ။ယမဟံ ဝဒါမိ တံဝဒေထ။ လူများ ။ ။အာမ ဘန္တေပါဘုရား။

ဘုရားရှိခိုးခြင်း နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်) သရဏဂုံဆောက်တည်ခြင်း။ ဗုဒ္ဓံသရဏံဂစ္ဆာမိ။ ဓမ္မံ သရဏံဂစ္ဆာမိ။ သံဃံ သရဏံဂစ္ဆာမိ။ (ဒုတိယမ္ပိ။ တတိယမ္ကိ) ဘုန်းကြီး။ ။တိ သရဏ ဂမနံပရိပုဏ္ဏံ။ လူများ ။ ။အာမ ဘန္တေပါဘုရား။

ရှစ်ပါးသီလ၊(ကိုးပါးသီလ) ဆောက်တည်ခြင်း ၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ (သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။)

၂။ အဒိန္တွာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ (သူတစ်ပါးပစ္စည်းခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏)

၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏)

၎။ မုသာဝါဒါဝေရမဏိ သိက္ခာပဒံသမာဓိယာမိ။ ( လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ပါ၏)

၅။ သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံသမာဓိယာမိ။ (သေရည် သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏)

၆။ ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( နေ့လွဲညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏)

၇။ နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံသမာဓိယာမိ။ (ကခြင်းသီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင်ကြည့်ရှုခြင်း ပန်းနံ့သာ နံ့သာပြောင်းကို လိမ်းကျံခြင်းမှ ရှောင်ကြဉ်ပါ၏)

၈။ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ပါ၏)

၉။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရာမိ။ (မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် အလုံးစုံများစွာ သတ္တဝါတို့၌ ပျံ့နှံ့စေ၍ နေပါမည်။

မှတ်ချက်။ ။ရှစ်ပါးသီလကို လုံခြုံအောင် စောင့်ထိန်း၍ မေတ္တာတရားကို ပွားများနေလျှင် ထိုသူသည် နဝင်္ဂဥပုသ်(ကိုးပါးသီလ)ကို ကျင့်သုံးနေထိုင်သူဖြစ်တော့၏။ မေတ္တာသည် ဘာဝနာဖြစ်၏။ သီလကိုသာ ဆောက်တည်ရသည်။ဘာဝနာဟူသည် မပြတ်ပွားများရသော တရားမျိုးဖြစ်တော့၏။ သို့ဖြစ်၍ နဝင်္ဂဥပုသ်ကို ကျင့်သုံးလိုသော ပုဂ္ဂိုလ်သည် မေတ္တာအတွက် သိက္ခာပုဒ်တစ်ခု ပြုလုပ်၍ ဆောက်တည်ရန်မလို၊ထို့ကြောင့် မြတ်စွာဘုရားရှင်ကသမာဒိယာမိဟူသောပုဒ်ကို ထည့်၍ဟောတော်မမူ၊ရိုးရိုးရှစ်ပါးသီလကို ဆောက်တည်ပြီးနောက်မှ မေတ္တာတရားကို စွမ်းနိုင်သမျှ ပွားများအားထုတ်နေလျှင် အင်္ဂါကိုးပါရှိသော နဝင်္ဂ (ကိုးပါးသီလ)ဥပုသ်ကို ကျင့်သုံးပြီးဖြစ်ကြောင်း မှတ်အပ်၏။ သံဃာ။ ။တိသရဏေန သဟ အဋ္ဌင်္ဂသမန္တွာဂတံ ဥပေါသထ သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။ လူများ ။ ။အာမ ဘန္တေပါအရှင်ဘုရား။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)