"ခြေဆေးရေ ဥပမာ" ••••••••••••••••• တစ်ချိန်က မြတ်စွာဘုရား ရာဇဂြိုဟ် ဝေဠုဝန်ကျောင်း သီတင်းသုံးခိုက်၊ ဝေဠုဝန်ကျောင်းတိုက်အထဲမှာ ရှင်ရာဟုလာသာမဏေ ၇-နှစ်အရွယ် သာမဏေငယ်သည် ကမ္မဋ္ဌာန်းကျောင်းရဲ့ရှေ့ သရက်ပင်ပျိုလေးအောက်မှာ ညနေချမ်း တရားနှလုံး ကျင့်သုံးနေပြီးတော့၊ မြတ်စွာဘုရား ဂန္ဓကုဋိတိုက်တော်က ကျောင်းတိုက်ထဲ လှည့်ကြည့်သလို ကြွလာတော့ ဘုရားရဲ့ခြေလှမ်းကို မြင်သဖြင့် ခြေလှမ်းထဲမှာ ကာယ၀ိညတ် ပါတယ်။ ထိုကာယ၀ိညတ်က ၀ိညတ်ရှင်ရဲ့အလိုကို မြင်တဲ့ပုဂ္ဂိုလ်များ သိစေတယ်။ ဒီသဘောအတိုင်း မြတ်စွာဘုရား လှမ်းလာတဲ့ ခြေလှမ်းကို ကြည့်သဖြင့် ရှင်ရာဟုလာအနေနဲ့ ဘုရားရဲ့ ကာယ၀ိညတ်က ဖော်ပြတယ်။
မြတ်စွာဘုရားဟာ ငါ့ဆီတိုက်ရိုက်လာတာပဲလို့ အဲဒီလို သူသိတယ်။ မပြောပဲနဲ့ သိပြီးတော့ တစ်ခါတည်း ဘုရားဖို့နေရာခင်း၊ တစ်ခါ ခြေဆေးရေ ခြေဆေးအင်းပြင် အဲဒီလို အသင့်ပြင်ထား။ မြတ်စွာဘုရားသည် ကြွလာ၊ ခြေတော်ဆေး၊ ပြီးတော့ ရှင်ရာဟုလာခင်းထားတဲ့ ဗုဒ္ဓနေရာထိုင်ပေါ်မှာ ထိုင်ပြီးတော့ မြတ်စွာဘုရားသည် ခြေဆေးအင်တုံထဲက ခြေဆေးတဲ့ခွက် ကလေးကို နမူနာပြုပြီးတော့ မုသားမပြောဖို့ သြ၀ါဒလေးချက် ပေးပါတယ်။ ဘယ်လိုလဲဆိုတော့ အဲဒီခြေဆေးတဲ့ခွက်ကလေးထဲ ရေလေးနည်းနည်း ချန်ပြီးတော့ -
၁။ ချစ်သား - ဟောဒီခြေဆေးတဲ့ခွက်ကလေးထဲမှာ ခြေဆေးရေ နည်းနည်းချန်ထားတာ မြင်ရဲ့လားတဲ့။ ပြပြီးတော့ မေးတယ်။ "မြင်ပါတယ် မြတ်စွာဘုရား" "ချစ်သားရာဟုလာ - မုသားပြောရမှာ မရှက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိလေသာငြိမ်းကြောင်း ရဟန်းတရားကောင်းဟာ ဟောဒီရေခွက်ထဲ ရေကလေး နည်းနည်းရှိသလို အဲ- ရဟန်းတရားဟာ နည်းနည်းပဲ ရှိတော့တယ်။ ပြုတ်လုပြီ။ ကုန်လုပြီ" ဒါက သြ၀ါဒတစ်ခု။
၂။ တစ်ခါ ဒီရေနည်းနည်းကလေးကိုပဲ တစ်ခါ သွန်ပစ်လိုက်၊ ရှင်ရာဟုလာ မြင်အောင်ပြပြီး - ရာဟုလာ ကြည့်၊ ဒီရေလေးသွန်ပစ်လိုက်၊ သွန်ပစ်တဲ့ ရေလေးကို အကြောင်းပြုပြီးတော့ -"ချစ်သားရာဟုလာ - ခုနကကျန်နေတဲ့ ရေကလေးကို ငါဘုရား စွန့်ပစ် လိုက်တာ မြင်ရဲ့လား ရာဟုလာ" "မြင်ပါတယ် မြတ်စွာဘုရား" "ချစ်သား - မုသားပြောရမှာ မရှက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိလေသာငြိမ်းကြောင်း ရဟန်းရဲ့တရားကော င်းဟာ စွန့်ပစ်ပြီးသား ဖြစ်နေတယ်" အေး- မုသားမပြောနဲ့လို့ ဆိုလိုတယ်ပေါ့။
၃။ တစ်ခါ မြတ်စွာဘုရားက အဲဒီရေခွက်ကလေး မှောက်လိုက်။ မှောက်ပြီးတော့ ဒီရေခွက်ကလေးကို လက်ညှိးထိုးပြပြီးတော့ -"ချစ်သားရာဟုလာ - ဒီခြေဆေးရေခွက်ကလေးကို မှောက်ထားတာ မြင်ရဲ့လား" "မြင်ပါတယ် မြတ်စွာဘုရား" "ချစ်သား ရာဟုလာ - မုသားပြောရမှာ မရှက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိလေသာငြိမ်းကြောင်း တရားကောင်းတွေဟာ အကုန်လုံး မှောက်နေတယ်" သပိတ်မှောက်ခံနေရတယ်ပေါ့။ အဲဒီလို ဆိုလိုတယ်။
၎။ တစ်ခါ အဲဒီရေခွက်ကလေးကို တစ်ခါ လှန်လိုက်တယ်။ လှန်လိုက်တော့ ရေဘာမှ မရှိတော့ဘူး။ ဟိုစောစောကတော့ နည်းနည်းရှိတယ်။ အဲ- အခုမှောက်ထားလိုက်တာပြ၊ မှောက်ပြီးတော့ လှန်လိုက်တော့ ဘာမှမရှိဘူး။ အဲဒီမရှိတဲ့ ရေခွက်ကလေး ပြပြီးတော့ -"ချစ်သားရာဟုလာ - ဒီရေခွက်ကလေးထဲမှာ လုံးလုံးရေတစ်စက်မှ မရှိတာ ချစ်သားမြင်ရဲ့လား၊ မရှိတဲ့ရေခွက်ကို မြင်ရဲ့လား" "မြင်ပါတယ် မြတ်စွာဘုရား" "ချစ်သား ရာဟုလာ - မုသားပြောရမှာ မရှက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာဆိုရင် ကိလေသာငြိမ်းကြောင်း တရားကောင်းတွေဟာ အကုန်လုံး ဆိတ်သုဉ်း နေတယ်"တဲ့။ ဘာမှ မရှိဘူး။
ဟောဒီလို ခြေဆေးခွက်ကလေးနဲ့ ဥပမာပြပြီး မုသားမပြောဖို့ သြ၀ါဒ ပေးတော်မူခဲ့ပါတယ်။
( တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး )
http://nanshaethar.blogspot.com/2014/01/blog-post_8467.html

No comments:
Post a Comment