Monday, August 05, 2013

တစ်အောင့်တစ်ခဏပင်ဖြစ်စေ ဥပုသ်သီလဆောက်တည်ခြင်း၏ အကျိုးကျေးဇူး

တစ်အောင့်တစ်ခဏပင်ဖြစ်စေ ဥပုသ်သီလဆောက်တည်ခြင်း၏ အကျိုးကျေးဇူး

ယခုသီတင်းသည်များအနက် အသက်ထက်ဆုံး ကျင့်သုံးဆောက်တည်ကြမည့် ပုဂ္ဂိုလ်ဟာ ရှိတော့ရှိမှာပါပဲ၊ ဒါပေမယ့် အလွန်ရှားပါးလိမ့်မယ်၊

ဒါကြောင့် သီလကို မိမိကျင့်သုံးနိုင်တဲ့ကာလအတွင်းဆောက်တည်ကျင့်သုံးနိုင်ပါတယ်၊ တစ်အောင့်တစ်ခဏပင်ဖြစ်စေ သီလကျင့်သုံးဆောက်တည်နိုင်ခြင်း ဟာ အလွန်ကျေးဇူးများပါတယ်၊

ဒီဆောင်းပါးအမှတ် ၁၂-မှာ ဆိုလိုတာက မိမိခံယူဆောက်တည်ထားတဲ့ကာလအပိုင်းအခြားအတွင်း ခံယူထားသောကတိနှင့်အညီ ကျင့်သုံးနိုင်ဖို့ကိုဆိုလိုတယ်၊ တစ်အောင့်တစ်ခဏဖြစ်စေ, တစ်နာရီ နှစ်နာရီဖြစ်စေ သည်အချိန်ကာလအတွင်းမှာ မကောင်းမှုကို ရှောင်ကြဉ်ပါ့မယ်လို့ ကတိခံယူထားပြီး မိမိခံယူထားတဲ့ ကတိသစ္စာကို မိမိချိုးဖျက်လျှင် လောကအနေအထားအားဖြင့်သော်လည်း ကဲ့ရဲ့ထိုက်တယ်၊ အကယ်၍မိမိခံယူထားသော ကတိအတိုင်း လိုက်နာကျင့်သုံးခဲ့လျှင် အသက်သေဆုံးသည့်တိုင်အောင် အချည်းအနှီးမဖြစ်ဘူးကွယ့်”

“ဟာ - ဆရာတော်ကလည်း အသက်သေတဲ့အထိတော့ လွန်သွားပြီထင်ပါတယ်”

“မလွန်ဘူးကိုယ်တော်ရေ့၊ မလပဏ္ဏာသအဋ္ဌကထာ ကောသမ္ဗီသသုတ် အဖွင့်ကလာတဲ့ ရုက္ခစိုးနတ်မင်း အကြောင်း ကြားဖုးတယ်မဟုတ်လား”

“အမိန့်ရှိပါဘုရား”

“ကြားများကြားဖူးသလားလို့ မေးလိုက်ပါတယ်၊ အမိန့်ရှိပါဘုရားဆိုတော့ အင်း -မိန့်ရဦးတော့မှာပ၊ ကဲ- နားထောင်ဗျ၊ နားထောင်”

“ဘုရားရှင်ပွင့်လုကာနီးကာလကကောသမ္ဗီပြည်မှာ သူဋ္ဌေးကြီး သုံးဦးရှိကြသတဲ့၊ သူဋ္ဌေးကြီးသုံးဦးဆိုတာက (၁) ပါဝါရကသူဋ္ဌေးတို့ဖြစ်ကြတယ်၊ သူဋ္ဌေးကြီးသုံးဦးတို့ဟာ ဗုဒ္ဓဘုရားရှင်နှင့် မကြုံတွေ့ကြဖူးသေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်များတော့ မဖြစ်ကြသေးဘူး၊ သို့သော်လည်း ကံ-ကံရဲ့အကျိုးကိုယုံကြည်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိပုဂ္ဂိုလ်ကြီးတွေဖြစ်တယ်၊ ဒါကြောင့် သူဋ္ဌေးကြီးသုံးဦးတို့ဟာ ဘဝကူးကောင်းမွန် ရန်အတွက် ရသေ့ငါးရာတို့ကို နှစ်စဉ်လုပ်ကျွေးကြမြဲဖြစ်သတဲ့။

ရသေ့ငါးရာတို့ဟာဟိမဝန္တာတောအရပ်မှာ ဆောင်းရာသီ နွေရာသီပတ်လုံး ကျင့်သုံးနေထိုင်ကြပြီး မိုးရာသီရောက်လာတော့ ဟိမဝန္တာအရပ်မှာ မိုးကအားကြီးရွာတယ်၊ မိုးအားကြီးရွာတော့ ရွှံ့ဗွက်တွေထူတယ်၊ မှက်,ခြင်, ကျွတ်စသော ဘေးရန်တွေများပြားတယ်၊ ဒါကြောင့် ဟိမဝန္တာတောက ထွက်ပြီး မိုးလေးလပတ်လုံးလူတို့ရွာအနီးအပါးမှာ နေထိုင်ကြတယ်၊ သူဋ္ဌေးကြီး သုံးဦးတို့ဟာ တောပျော်ရသေ့ကြီးငါးရာတို့ကို နှစ်စဉ်နှစ်တိုင်း လုပ်ကျွေးပူဇော်ကြတယ်။

တစ်နှစ်မှာတော့ နွေလကုန်ဆုံးကာနီး ကဆုန် နယုန်အချိန်မှာပေါ့ကွယ်၊ ရသေ့များဟာ ဟိမဝန္တာကခွာပြီးလူတို့နေထိုင်ရာကောသမ္ဗီပြည်ကို လာခဲ့ကြတယ်၊ အဲသည်နှစ်မှာ မိုးကခေါင်တော့ ကဆုန် နယုန်မှာ ရာသီမိုးတောင် မကျဘူးတဲ့၊ မိုးမကျတော့ နေကအလွန်ပူတယ်၊ ခရီးသွားဖြစ်ကြတဲ့ ရသေ့များဟာ ခရီးလမ်းကလည်းကြမ်း၊ နေကလည်ပူပြင်းတော့ အင်မတန်ရေငတ်ကြသတဲ့၊ ရေငတ်ကြသော်လည်းရေရှာလို့မတွေ့ကြဘူး၊ သို့သော်လည်း ကံတော်ကံညား အရိပ်အာဝါသနှင့်ပြည့်စုံတဲ့ ညောင်ပင်ကြီးကိုတွေ့ကြတယ်။

အလွန်ပူပြင်းတဲ့အချိန် ညောင်ပင်ကြီးကိုတွေ့ကြတော့ တစ်နည်းအားဖြင့် ဝမ်းသာကြရသေးတာပေါ့၊ ဒါကြောင့် ညောင်ပင်ကြီးအောက် စုရုံးထိုင်ကြပြီး ညောင်ပင်ကြီးကို မော့ကြည့်ကြတယ်၊မော့ကြည့်ကြပြီးတော့ သည်ညောင်ပင်ကြီးဟာ သည်တောမှာရှိသမျှသစ်ပင်တွေထက် စည်လည်းစည်ပင်တယ်၊ သာလည်သာယတယ်၊ နှစ်သက်ဖွယ်လည်းကောင်းတယ်၊ ဤသို့နှစ်သက်ဖွယ်ကောင်းသည်ကို ထောက်သောအားဖြင့်  သည်ပညောင်ပင်စောင့်နတ်မင်းဟာ အလွန်တန်ခိုးကြီးသော နတ်မင်းဖြစ်ရလိမ့်မယ်။

‘အို - နတ်မင်း၊ အရှင်နတ်မင်းကားတန်ခိုးကြီးမားလှပါ၏၊ တန်ခိုးကြီးမားသော အရှင်နတ်မင်းသည်ငါတို့ရဲ့ ဆင်းရဲခြင်းကိုမြင်သဖြင့် ကြည်လင်သော ရေကိုလှူပါ ငါတို့အလွန်ရေငတ်နေကြပါတယ်’ လို့ ပြောကြားကြသတဲ့။

ရသေ့တို့ရဲ့စကားကို ပညောင်ပင်စောင့်နတ်ကြားတော့ မိမိကိုယ်ထင်စွာပြပြီး အဖျော်ယမကာနှင့်တကွ ရသေ့များအလိုရှိသော ပစ္စည်များကို မိမိလက်က ယိုထွက်စေပြီး ရသေ့များကို လုပ်ကျွေးသတဲ့ကွယ်။

ရသေ့များဟာ ဝမ်းမြောက်ဝမ်းသာအံ့သြကြပြီး ‘အိုနတ်မင်း - အရှင်နတ်မင်းကားတန်ခိုးကြီးပေစွ၊ အဘယ်ကောင်းမှုပြုခဲ့၍ ဤမျှတန်ခိုးအာနုဘော် ကြီးမားပါသလဲ’ လို့ မေးမြန်းကြသတဲ့။

ညောင်ပင်စောင့်နတ်မင်းက ‘အရှင်ရေသေ့တို့- လောကသုံပါး၌ ယခု ဘုရားပွင့်နေပါပြီ၊ ဘုရားရှင်ဟာ ယခုအခါ သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးစံနေေ တ်ာမူပါတယ်၊ ဘုရားကျောင်းဒါယကာ အနာထပိဏ် သူဋ္ဌေးကြီးဟာ ဘုရားရှင်အားလုပ်ကျွေးပြုစုပြီးနေ့တိုင်းဆည်းကပ်ကိုးကွယ်ပါတယ်၊ သားသမီးကျေးကျွန်များကိုလည်း တစ်လ လေးသီတင်း ဥပုသ်သီလ ဆောက်တည်ကျင့်သုံးစေပါတယ်၊ အကျွန်ုပ်ဟာ ယခင်ဘဝက ထိုအနာထပိဏ်သူဋ္ဌေးကြီး၏လယ်အလုပ်သမားတစ်ဦးဖြစ်ပါတယ်၊ ဥပုသ်တစ်နေ့မှာ အကျွန်ုပ်ဟာ စောစော လယ်တောရှိရာသွားပြီး လယ်ထွန်ပါတယ်၊ မွန်းတည့်ချိန်လွန်တော့ လယ်အလုပ်ကိုနားထားပြီး ထမင်းစားဖို့ သူဋ္ဌေးအိမ်ကိုပြန်ခဲ့ပါတယ်၊ သူဋ္ဌေးအိမ်ရောက်တော့ ထမင်းချက်ကျွန်မက အကျွန်ုပ်အတွက် ထငမ်းဟင်းများကို ခူးခပ်ပေးပါတယ်၊ သို့သော်လည်း အကျွန်ုပ်စိတ်ထဲမှာ တစ်မျိုးဖြစ်နေပါတယ်၊ ခါတိုင်းနေ့များ မှာဆိုလျှင် ခုလိုထမင်းစားချိန်မှာ ထမင်းစားကြတဲ့ အလုပ်သမားများဟာပွဲတမျှ စည်ကားလှပါတယ်၊ သည်ယနေ့တော့ အကျွန်ုပ်တစ်ဦးတည်း ခြောက်တောက်တောက်ဖြစ်နေတယ်၊ ဒါကြောင့် ထမင်းချက် ကျွန်မကို အခြားအလုပ်သမားများ ဘယ်သွားကြသလဲလို့ မေးမိတယ်။

ထမင်းချက်ကျွန်မက‘သည်ယနေ့ ဥပုသ်နေ့ဖြစ်ပါတယ်၊ ဥပုသ်နေ့မို့ အလုပ်သမားများရော အိမ်သားများပါအားလုံးဥပုသ်စောင့်ကြလို့ ညစာမစားကြပါဘူးလို့’ပြန်ပြောတော့ အကျွန်ုပ်စိတ်ထဲမှာ ထိတ်ကနဲ့ သံဝေဂဉာဏ် ဖြစ်ပေါ်လာပါတယ်၊ ဥပုသ်နေ့မှာသူတစ်ပါးကတော့ ဥပုသ်စောင့်သုံးကြတယ်၊ ငါကတော့ အလုပ်လုပ်နေတယ်၊ငါ့ဘဝမှာ အလုပ်လုပ်ရင်းပင် သေရဖို့ရှိတော့တ ယ်၊ ဘယ်တော့မှ ဥပုသ်စောင့်ခွင့် ရဖို့ မမြင်ဘူး၊ သူတစ်ပါးတောင် ဥပုသ်စောင့်နိုင်လျှင် ငါက ဘာလို့ မစောင့်နိုင်ရမှာလဲ၊ ငါလည်း သူများလို ဥပုသ်စောင့်မယ်၊ အဲသည်လို သံဝေဂဉာဏ်ပေါ်လာတဲ့အတွက် ထမင်းချက်ကျွန်မကို ‘အို အမိ-ယခုလို မွန်းလွဲချိန်ရောက်မှ ဥပုသ်စောင့်လို့ဖြစ်မဖြစ် သူဋ္ဌေးကြီးကို မေးပေးပါ၊ ဥပုသ်စောင့်လို့ဖြစ်လျှင် ကျွန်တော် ဥပုသ်စောင့်သုံးချင်ပါတယ်’လို့ သူဋ္ဌေးကြီးထံမေးခိုင်းလိုက်ပါတယ်၊ ကျွန်မက သွားရောက်မေးမြန်းတော့ သူဋ္ဌေးကြီးက ဥပုသ်ဆိုတာ ကိုယ်စောင့်နိုင်တဲ့အချိန် စောင့်သုံးနိုင်တယ်၊ နေ့ဝက်စောင့်လျှင်လည်း အကျိုးရှိတာပါပဲလို့ ပြန်ပြောလိုက်တယ်။

အကျွန်ုပ်လည်း သူဋ္ဌေးကြီးရဲ့ အဖြေစကားကိုကြားတော့ ဝမ်းသာသော စိတ်ဖြင့် ဥပုသ်အင်္ဂါများကို ခံယူဆောက်တည်ပြီး မိမိနေရာမှာ သီလကို ဆင်ခြင်ပြီး အိပ်ပါတယ်၊ ညဥ့်အခါကျတော့ ခန္ဓာကိုယ်မှာ အစာလုံးဝမရှိတဲ့အတွက် ဝမ်းတွင်းက လေတက်လာပါတယ်၊ တက်လာတဲ့ လေလုံးဆို့တဲ့အတွက် နံနက်မိုးသောက်ထချိန် စုတိပြတ်ကြွေသေလွန်ပြီး ဥပုသ်နေ့ဝက်မျှ ဆောက်တည်ကျင့်သုံးခဲ့ရတဲ့ ကောင်းမှုကံကြောင သည်ပညောင်ပင်ကြီးမှာ ညောင်စောင့်နတ်ဖြစ်လာပါတယ်’လို့ ပြန်ပြောသတဲ့ကွယ်။

“ဒါကြောင့် ဥပုသ်သီလကို မိမိခံယူထားတဲ့ ကတိကဝတ်အတိုင်း ကျင့်သုံးဆောက်တည်လျှင် သေသည့်တိုင်အောင် အချည်အနှီးမဖြစ်ဘူးလို့ ပြောတာပေါ့ကွယ့်”

ကောက်နုတ်ချက် ********** ထီးချိုင့်မြို့(တည်တော)ဆရာတော်ကြီး ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အမှတ်(၁) “သီလခံယူမှုနှင့်ကျင့်သုံးမှု”မှ ကောက်နုတ်ပါသည်။

No comments: