Thursday, August 15, 2013

ဥပုသ် သုံးမျိုး

“... ဥ ပုသ် သုံး မျိုး ...” -.-.-.-.-.-.-.-.-.-.-.-.-.-.-.-
ဟောသူကား ဗုဒ္ဓ၊ နာကြားသူကား ဝိသာခါ ဖြစ်၏။ ဗုဒ္ဓသည် ဥပုသ်သည် ကျောင်းအစ်မကြီး ဝိသာခါကို အကြောင်းပြု၍ ဥပုသ်တရား ဥပုသ်ဋီကာကိုအကျယ်တဝင့် မြွက်ကြားတော်မူ၏။ “ဝိသာခါ၊ဥပုသ် သုံးမျိုးရှိ၏။ သင် မှတ်ဘိလော့” (၁) ဂေါပါလ ဥပုသ်။ (၂) နိဂဏ္ဍ ဥပုသ်။ (၃) အရိယ ဥပုသ်။ ဤ သုံးမျိုးဟူ၍ မှတ်။ ( ၁ ) ဂေါပါလ ဥပုသ် ---------------------- ဝိသာခါ၊ဂေါပါလ ဥပုသ်ဆိုသည်ကား နွားကျောင်းသားဥပုသ်ဟု ငါဆို၏။“ငါသည် ကနေ့ ဘယ်နေရာမှာ နွားကျောင်းခဲ့သည်၊ဘယ်ချောင်းထဲမှာ ရေတိုက်ခဲ့သည်၊နောက်နေ့ ဘယ်နေရာမှာ နွားကျောင်းမည်၊နွားကျောင်းရင်းဘာတွေလုပ်မည်”ဟူ၍ ဤသို့နောက်ကြောင်းကိုလည်း စမြုံ့ပြန်၏။ရှေ့အကြောင်းကိုလည်းတွေး၍ အစီအစဉ်ပြုလုပ်၏။ဤကား နွားကျောင်းသား၏ ဖြစ်ရပ်တည်း။” ဝိသာခါ- အချို့အချို့သော ဥပုသ်သည်များသည်ဤနွားကျောင်းသားနှင့်အလားတူ၏။ငါ ဒီကနေ့ဘာဟင်းနှင့် ထမင်းစားသည်၊ထမင်းစားပြီး ငှက်ပျောသီးစားသေးသည်၊နက်ဖြန် ဘာဟင်းချက်ရင် ကောင်းမည်လဲ၊ဘာအသီးစားရလျှင် ကောင်းလေမည်လဲဟူ၍စိတ်ကူးယဉ်ခါ မက်မောခြင်း အဘိဇ္ဈာစိတ်ဖြင့်တစ်နေကုန်လေ၏။ ဝိသာခါ- ဤဥပုသ်မျိုးကား နွားကျောင်းသား ဥပုသ်မျိုးတည်း၊အကျိုးလည်းမများ။အာနိသင်လည်းမရှိ၊အသွေးအရောင်လည်းမပြောင်၊ပျံ့နှံ့ခြင်းလည်းမရှိကုန်။ ( ၂ ) နိဂဏ္ဍ ဥပုသ် -------------------- ရဟန်းဇာတ်နွယ်ဝင် နိဂဏ္ဍဆိုသောပုဂ္ဂိုလ်တို့ရှိကုန်၏။ ယင်းတို့ကျင့်သုံးသောနည်းကား တစ်မူထူးခြားလေ၏။သူတို့သည် တပည့်တပန်းကိုဤသို့ဆောက်တည်ကျင့်သုံးစေ၏။ “ချစ်တပည့်၊အမောင်ယောက်ျား၊လာလော့။သင်၏အဝတ်အစား အားလုံးကို ချွတ်လိုက်ဘိလော့၊ငါဆိုသလို လိုက်၍ဆိုလော့၊ငါသည်တစ်စုံတစ်ခုသော အရပ်ဒေသ၊တစ်ခုခုသောအချိန်အခါဝယ် တစ်စုံ တစ်ယောက်သော သူအတွက် မည်သည့်ကြောင့်ကြမှု့မျှမရှိ၊ငါ၏အတွင်းအပသန္တာန်ဝယ် တစ်ခုခုသော ပရိက္ခရာ၌သော်၎င်း ၊ကြောင့်ကြမှု့မရှိ။ဤသို့ဆို၍ဆောက် တည်လော့။ဆောက်တည်စေ၏။ (အားလုံးအပေါ်၌သံယောဇဉ်ပြတ် ဖြတ်တောက် ဆောက်တည်စေခြင်းပင်တည်း) ဝိသာခါ- ဤသို့ပင် ဖြတ်တောက်ဆောက်တည်စေငြားသော်လည်း ပြတ်ခြင်းကားမမည်။မိဘတို့ကလည်း ငါ့သား။ဆောက်တည်သူကိုယ်တိုင်ကလည်း ငါ့မိဘ၊သိနေကြ၏။အားလုံးအပေါ် ပြတ်သည်၊ကြောင့်ကြမှု့၊တွယ်တာမှု့ဘာမျှမရှိဟုဆိုသော်ငြားလည်းမပြတ်သည်မှာထင်ရှား၏။ ဝိသာခါ- ဤဆောက်တည်နည်းကား မူမမှန်သောဆောက်တည်ခြင်းဟု ငါ ဆို၏။အကျိုးမများ။အာနိသင်လည်းမရှိ၊အသွေးအရောင်လည်းမပြောင်၊ ပျံ့နှံ့မှု့လည်းမရှိကုန်။ ( ၃ ) အရိယ ဥပုသ် --------------------- ညစ်နွမ်းနေသောစိတ်ကို မညစ်နွမ်းအောင် လုံ့လပြုခြင်း၊ဖြူစင်စေခြင်း၊ဖြူစင်အောင်ပြုခြင်းသည် အရိယ ဥပုသ်ဖြစ်ပေ၏။ ဝိသာခါ- ညစ်နွမ်းနေသောစိတ်ကို ဖြူစင်အောင် ဆေးကြောနည်းကား ဤသို့တည်း။ဘုရားဂုဏ်တော်ကိုးပါးကို အောက်မေ့ခြင်းဖြင့် ဆေးကြောရာ၏။ဂုဏ်တော်ကို အပြန်ပြန် အဖန်ဖန် အောက်မေ့သည်ရှိသော် စိတ်သည်ကြည်လင်လာ၏။ဝမ်းမြောက်ခြင်းဖြစ်လာ၏။စိတ်၏ညစ်နွမ်းကြောင်းမှန်သမျှ လွင့်စင်ပပျောက်ကုန်၏။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလများကို မကျိုး မပေါက်အောင် ဆောက်တည် ရာ၏။ ထိုသူကို အရိယဥပုသ် ကျင့်သုံးသူ၊ ဗြဟ္မာဥပုသ်ကျင့်သုံးသူ၊ ဘုရားသခင်နှင့် အတူနေသူ၊ဘုရားဂုဏ်ကိုအာရုံပြု၍ စိတ်ကြည်လင်သူ ၊ဝမ်းမြောက်သူဟု ဆိုအပ်၏။ ညစ်နွမ်းသောစိတ်သည် ဤသို့လုံ့လပြု ကုစားခြင်း အားဖြင့် ဖြူစင်စေနိုင်၏။ ဤအရိယ ဥပုသ် စောင့်ထိန်းခြင်းကား အကျိုးလည်းများ၏။ အာနိသင်လည်းရှိ၏။ အသွေးအရောင် လည်းပြောင်၏။ ပျံ့နှံ့ခြင်းလည်းရှိပေ၏။ (အင်္ဂုတ္ထိုရ်ပါဠိတော်၊တိကနိပါတ်၊မဟာဝဂ်၊ဥပေါသထသုတ်)
U Kyi Soe မှကူးယူဖော်ပြပေးပါသည်။

No comments: