Saturday, June 08, 2013

သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား

သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား

ဒကာ။ ။အာရုံငါးပါး ကာမဂုဏ်တရား ခံစားတဲ့နေရာမှာ သောတာပန်,သကဒါဂါမ် ခေါ်တဲ့ အရိယာတို့ ခံစားကြတဲ့ စားသောက် မှု ရသာရုံ၊ပွဲက တီးမှုတ်သီဆိုမှုတို့ကို ကြည့်ရှုခံစားခြင်း,ရူပါရုံ, သဒ္ဒါရုံ, ဇနီးခင်ပွန်းအိပ်ခန်းစက်ရာဝင်ကာပေါင်းသင်းမှု စတဲ့ ၀တ္ထုကာမတွေ ခံစားတဲ့အခါမှာနဲ့၊ပုထုဇဉ်တို့ခံစားကြတဲ့အခါမှာ ဖြစ်ပေါ် ဖြစ်ပေါ် လာ နေတဲ့ ရာဂစိတ်တွေဟာ အဲဒီ ၀တ္ထုကာမ သင်္ခါရတွေအပေါ်မှာ သုခ, သုခ ဟု မှတ်ယူခံစားတာချင်း တူ,မတူ စာပေက ဘယ်လိုဆိုပါသလဲ ဆရာတော်၊ တပည့်တော်တို့ တူတယ်, မတူဘူးဟု ငြင်းခုံမှုရှိနေ လို့ ရှင်းပြပါဦးဘုရား။ ဆရာ။ ။အင်း....အရိယာနဲ့ပုထုဇဉ်တို့ဟာ ကာမဂုဏ်ခံစား ပုံခြင်းကတော့ ကာမ၀တ္ထုချင်း အတူတူပါပဲ၊ သောတာပန်, သကဒါဂါမ် ခေါ်တဲ့ အရိယာတွေဟာလည်း ဒီ ကိုယ်ပိုင် ကာမ၀တ္ထုကို ခံစားကြတာ ပဲ၊ ပုထုဇဉ်တွေလည်း ဒီကာမ၀တ္ထုကို ခံစားကြတာပါပဲ။ဒါပေမဲ့ သုံးစွဲ ခံစားတဲ့အခါမှာ အတွင်းစိတ်ဓာတ်ဖြစ်လာတာချင်းကတော့ မတူဘူး၊ တော်တော်ပဲ ကွာခြားကြတယ်၊ သောတာပန်, သကဒါဂါမ်တို့ ၀တ္ထု ကာမကို ခံယူသုံးစွဲပုံကအပါယ်လားကြောင်းမဟုတ်တဲ့ ကာမရာဂ ကိလေသာ ပူပန်လာတဲ့အခါမျိုးမှာ ထိုထို ကိလေသာ အပူဘေး အေးငြိမ်းရုံလောက်အတွက်မျှ ဒိဋ္ဌိမဖက်မပါ,မယှဉ်တဲ့ စိတ်နဲ့သာ အဲဒီတောင့်တပူပန်မှု တစုံတခုသော သင်္ခါရကို သုခသညာနဲ့ မှတ်ယူ ခံစားကြတာဖြစ်တယ်။ သောတာပန်,သကဒါဂါမ်တို့ ကာမဂုဏ် ခံစားမှု ပြုတဲ့အခါ ဒိဋ္ဌိ ၀ိပ္ပလ္လာသ လုံးဝမပါဘူး၊သညာဝိပ္ပလ္လာသလောက်နဲ့သာ သုခဟု မှတ်ထင်ခံစားကြတာ၊သူတို့မှာ အနိစ္စနဲ့ အနတ္တလက္ခဏာဟာ အမြဲ ထင်နေတာမို့ရံခါ ဒုက္ခကို သုခဟူ၍လည်းကောင်း၊ အသုဘကို သုဘ ဟူ၍လည်းကောင်း အသိ,အမှတ်,ပြောင်းပြန်ဖြစ် သွားတာကလေး လောက်ပဲရှိတယ်၊ အဲဒါကို စိတ္တ၀ိပ္ပလ္လာသ နှစ်ပါးနဲ့ ခံစားသွားကြတာပဲ။ အရိယာပုဂ္ဂိုလ်တို့ငါးဖြာအာရုံ ကာမဂုဏ် ခံစားတဲ့အခါမှာ ကာမ ၀တ္ထုတစုံတခုသော သင်္ခါရတို့ကို သုခဟု မှတ်ယူသုံးဆောင် ခံစားပုံချင်း ပုထုဇဉ်နဲ့ မတူပုံကို အင်္ဂုတ္တရအဋ္ဌကထာဆရာက.....


ဒိဋ္ဌိဝိပ္ပယုတ္တစိတ္တေန ပန အရိယသာဝကော ပရိဠာဟာ ဘိဘူတော ပရိဠာဟ ဂူပသမတ္တံ၊မတ္တဟတ္ထိ ပရိတ္တာသိတော ၀ိယ စောက္ခဗြဟ္မဏော ဂူထံ ကဉ္စိသင်္ခါရံ သုခတော ဥပဂစ္ဆတိ။ မတ္တဟတ္ထိ-အမုန်ယိုမူးယစ်နေတဲံ့ ဆင်ကြီးလိုက်ထိုးသဖြင့်ထိုဘေး မှလွတ်မြောက်ရေးအတွက် သန့်စင်မြင့်မြတ်သော အကျင့်ရှိတဲ့ ဗြဟ္မာဏ ဟာ စက်ဆုပ်ရွံရှာလျက်ပင် မစင်တောထဲသို့ မ၀င်မကပ် မခိုလိုဘဲ ၀င် ရောက်ခိုလှုံလိုက်ရသလို၊ ထိုနည်းတူစွာ အရိယာသာဝကတို့ဟာလည်း မဂ်ဖြင့်မပယ်သတ်ရသေးတဲ့ အပါယ်လားကြောင်းမဟုတ်သော ကာမရာဂ ကိလေသာ တစုံတခု ၀င်ရောက်ပူပန်လာသောအခါ ယင်းကိလေသာအပူ ဘေး ငြိမ်းအေးရုံမျှသာ ဒိဋ္ဌိဖြင့် မယှဉ်တဲ့စိတ်ဖြင့် ဒီသောတာပန်,သကဒါဂါမ် ပုဂ္ဂိုလ်တို့ဟာ တစုံတရာသော သင်္ခါရကို သုခဟူသောအမှတ်ဖြ င့်ခံစားကြ တယ်-လို့ဖွင့်ဆိုထားတယ်၊ ပုထုဇဉ်တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့် မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်ကာ စုံရေမျက်ပြဲ စွဲစွဲလန်းလမ်း အငန်းမရ ၀၀လင်လင် ဆင် ခြင်ဉာဏ်လုံးဝမပါဘဲ မှားမှားယွင်းယွင်းနဲ့ အားရပါးရကြီးသာ ခံစားကြသော ကြောင့် အပါယ်လားခြင်းကသာ များချေသည်တဲ့။ ဆိုလိုရင်းကတော့ ပုထုဇဉ် တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့်ဒိ ဋ္ဌိဂတသမ္ပယုတ်စိတ်နဲ့သာ အပါယ်လားကြောင်းဖြစ်အောင် ခံစား,စံစားတတ်ကြသည်၊ သောတာပန်,သကဒါဂါမ်တို့ခံစားပုံကတော့အပါယ်လားကြောင်းမဟုတ်တဲ့ ဒိဋ္ဌိဂတ၀ိပ္ပ ယုတ်စိတ်ဖြင့်သာ ပြုလုပ်မှီဝဲ ခံစားကြလေသည်တဲ့၊အဲဒါဟာ ပုထုဇဉ်နဲ့ အရိယာတို့ ကာမဂုဏ်ခံစားပုံခြင်းမတူကွဲပြားခြားနားချက်ပဲ၊ ကဲ...ကျေနပ်ကြပြီလား၊ နည်းယူသုံးစွဲ ခံစားတတ်ကရောပေါ နော်။ ဒကာ။ ။ရှင်းလင်းကြပြီဖြစ်၍ကျေနပ်လှပါတယ်ဆရာတော်၊ အရိယာတို့နည်းယူပြီး အပါယ်မလားအောင် သုံးစွဲခံစားဖို့ သတိရှိကြပါပြီ ဘုရား။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


သံဝေဂ=(သံ+ဝိဇီ +ဏ)ထိတ်လန့်ခြင်း

သံဝေဂ=(သံ+ဝိဇီ +ဏ)ထိတ်လန့်ခြင်း-သံသရာဝဋ်ဒုက္ခ စသည်တို့မှ ထိတ်လန့်ကြောက်ရွံ့ခြင်း။ သံဝေဂဝတ္ထု ၈-ပါးမှာ


၁။ ဇာတိဒုက္ခမှ ကြောက်ရွံ့ခြင်း။ ၂။ ဇရာဒုက္ခမှ ကြောက်ရွံ့ခြင်း။ ၃။ ဗျာဓိဒုက္ခမှ ကြောက်ရွံ့ခြင်း ။ ၄။ မရဏဒုက္ခမှ ကြောက်ရွံ့ခြင်း။ ၅။ အပယ်ဒုက္ခမှ ကြောက်ရွံ့ခြင်း။ ၆။ အတိတ်၌ဖြစ်သော ဝဋ်ဒုက္ခမှ ကြောက်ရွံ့ခြင်း။ ၇။ အနာဂတ်၌ဖြစ် သော ဝဋ်ဒုက္ခမှကြောက်ရွံ့ခြင်း။ ၈။ ပစ္စုပ္ပန်၌ဖြစ်သော ဝဋ်ဒုက္ခမှ ကြောက်ရွံ့ခြင်း။


ကြောက်ရွံ့ခြင်း ၄-မျိုး


စိတ္တုတြာသသံဝေဂ= ဒေါသစေတသိက် တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။ သြတ္တပ္ပသံဝေဂ= သြတ္တပ္ပစေတသိက်တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။ ဉာဏသံဝေဂ= သြတ္တပ္ပနှင့်တကွ ပညာစေတသိက် တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။ ဓမ္မသံဝေဂ= အမောဟစေတသိက် တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။


ဗြဟ္မာ့ပြည် တဝင်းဝင်း၊ ဝက်စားကျင်း တမြုံ့မြုံ့

အဘိဓမ္မာ တတ်မြောက်ဖလှယ်ရေး ဗြဟ္မာ့ပြည် တဝင်းဝင်း၊ ဝက်စားကျင်း တမြုံ့မြုံ့ တစ်ချိန်က မြတ်စွာဘုရားဟာ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်တော်မူတယ်။ အဲဒီအခါ ဝက်မကလေးတစ်ကောင်ကို မြင်တော်မူပြီး ပြုံးတော်မူပါသတဲ့။ ပြုံးတဲ့အခါ သွားတော်များမှ ဖြူသော ရောင်ခြည်တော်များ ထွက်လာတာကို မြင်ရလို့ ပြုံးတော်မူကြောင်း သိရတဲ့အတွက် အရှင်အာနန္ဒာက “ဘာကြောင့် ပြုံးတော်မူပါသလဲ”လို့ မေးလျှောက်တယ်။ မြတ်စွာဘုရားက - “အာနန္ဒာ ... ဟိုမှာ ကြည့်စမ်း၊ ဝက်မကလေးကို မြင်ရဲ့လား” (မြင်ပါတယ်ဘုရား) အဲဒီ ဝက်မကလေးဟာ ကကုသန်မြတ်စွာဘုရား၏ သာသနာတော် တည်ထွန်း စဉ်က လူ့ဘဝ အမျိုးသမီးအဖြစ်မှ သေပြီး ဆွမ်းစားကျောင်းတစ်ခုအနီးမှာ ကြက်မ ဖြစ်ခဲ့တယ်။ အဲဒီ ကြက်မဟာ သိန်းငှက်က ဖမ်းသုတ်ပြီး စားလို့ သေရရှာတယ်။ ဒါပေမယ့် စောစောပိုင်းက ယောဂီရဟန်းတစ်ပါး၏ ကမ္မဋ္ဌာန်းတရား ရွတ်ဆိုနေတဲ့ တရားသံကို ကြားရပြီး ကုသိုလ်ဖြစ်ပွားခဲ့လို့ အဲဒီ ကုသိုလ်၏ အစွမ်းကြောင့် လူ့ လောကမှာ မင်း၏ အိမ်၌ ‘ဥဗ္ဗရီ’မည်သော မင်းသမီးဖြစ်ခဲ့တယ်။ အဲဒီ မင်းသမီးဟာ နောက်ကာလမှာ ပရိဗိုဇ်မကျောင်း၌ ပရိဗိုဇ်ပြုနေရင်း အိမ်သာ ထဲက ပိုးလောက်တွေကို ကြည့်ပြီး ပုဠဝကသညာ (သြဒါတသညာ)ကို ဖြစ်စေ လျက် ပဌမဈာန်ကို ရခဲ့တယ်။ အဲဒီ ပရိဗိုဇ်ဘဝမှ သေတဲ့အခါ ပဌမဈာန် ဗြဟ္မာ့ဘုံမှာ ဗြဟ္မာဖြစ်ခဲ့တယ်။ ဗြဟ္မာဘဝမှ စုတေတဲ့အခါ လူ့လောက၌ သူဌေးသမီး ဖြစ်ခဲ့တယ်။ အဲဒီ သူဌေးသမီးဘဝက သေတဲ့အခါ ဒီ ဝက်မကလေး ဖြစ်နေရရှာတယ်။ အဲဒီ အကြောင်းအရာတွေကို မြင်လို့ ငါပြုံးတယ်လို့ မိန့်တော်မူပါတယ်။ အဲဒီ အကြောင်းအရာကို ကြားရတော့ အရှင်အာနန္ဒာနှင့်တကွ ရဟန်းတော် များမှာ ကြီးစွာသော သံဝေဂကို ရကြပါသတဲ့။ အဲဒီအခါ မြတ်စွာဘုရားက ဆွမ်းခံကြွနေရင်း လမ်းမှာပဲ ရပ်တော်မူလျက် တရားဂါထာ ၆-ပုဒ်ကို ဟောတော်မူပါတယ်။ ယခု အဲဒီ ၆-ပုဒ်ထဲက ပထမတစ်ပုဒ်ကို ထုတ်ပြမယ်။ ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠှေ၊ ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ။ ဧဝမ္ပိ တဏှာနုသယေ အနုဟတေ၊ နိဗ္ဗတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။ မူလေ - အမြစ်အရင်းသည်၊ အနုပဒ္ဒဝေ ဒဠှေ - ဘေးရန် မရှိဘဲ ခိုင်မြဲနေလတ်သော်၊ ဆိန္နောပိ - အထက်ပိုင်းဘက် အကိုင်းအခက်ကို ထုတ်ဖြတ်ထားငြားသော်လည်း၊ ရုက္ခော - သစ်ပင်သည်၊ ပုနရေဝ ရူဟတိ ယထာပိ - တစ်ဖန် ပြန်၍သာလျှင် အညွန့်အတက် ပေါ်ထွက်စည် ပင်ပြန်သကဲ့သို့၊ ဧဝမ္ပိ - ဤအတူပင်လျှင်၊ တဏှာနုသယေ အနုဟတေ - သန္တာန်၌ ဖြစ်ထိုက်သော အနုသယတဏှာကို အရိယမဂ်ဖြင့် မပယ်အပ်သေးသည်ရှိသော်၊ ဣဒံ ဒုက္ခံ - ဘဝအသစ်ဖြစ်ခြင်း စသော ဤဆင်းရဲသည်၊ ပုနပ္ပုနံ - အဖန်ဖန် အထပ်ထပ်၊ နိဗ္ဗတ္တတိ - ဖြစ်လေတော့၏ တဲ့။ အဲဒီ ဂါထာဖြင့် ဖော်ပြလိုရင်းကတော့ ဥဗ္ဗရီမင်းသမီးဘဝတုန်းက ပရိဗိုဇ်ရသေ့ပြုပြီး တရားနှလုံးသွင်းလို့ ပဌမဈာန်ကို ရခဲ့တယ်။ ဒါပေမယ့် အဲဒီဈာန်က စိတ်ကူးအဖြစ်နဲ့ ဖြစ်ပေါ်တဲ့ ကာမရာဂ ပရိယုဋ္ဌာန် တဏှာ ကိုသာ ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်နိုင်တယ်။ အခိုက်အတန့် အတော်အတန် ကြာအောင် ဝေးကွာစေတာပါပဲ။ ဒါကြောင့် အဲဒီ ပဌမဈာန်ရတဲ့ ဘဝတုန်းကနဲ့ ဗြဟ္မာဘဝတုန်းက ကာမရာဂတဏှာ မဖြစ်ပေါ်ဘဲ ကင်းနေခဲ့တယ်။ ဒါပေမယ့် အရိယမဂ်ဖြင့် အမြစ်ပြတ် ပယ်တာ မဟုတ်သောကြောင့် လူ့ဘဝ သူဌေးသမီး ဖြစ်တဲ့အခါကျတော့ အဲဒီ ကာမတဏှာဟာ ဖြစ်မြဲ ပြန်ဖြစ်တာပဲ။ ဘဝတဏှာကတော့ ဈာန်ရနေတုန်းကလည်း ဖြစ်နေခဲ့တာပါပဲ။ အဲဒီလို အနုသယတဏှာ အမြစ်မပြတ်တဲ့အတွက် ဗြဟ္မာဖြစ်ပြီးတဲ့နောက် လူ့ ဘဝမှတဆင့် ဝက်ဘဝလည်း ရောက်ရပြန်တယ်။ တဏှာမကင်းသေးသမျှ ကာလပတ်လုံး ဒီပုံဒီနည်းဖြင့် ကံအားလျော်စွာ ဘဝ အမျိးမျိုးတွေ အဖန်ဖန် ဖြစ်သွားရမယ်လို့ ဆိုလိုပါတယ်။ အဲဒီမှာ ဗြဟ္မာဖြစ်ပြီးတဲ့နောက် ဝက်ဖြစ်ရပြန်တာကို အကြောင်းပြုပြီးတော့ ရှေးဆရာတော်ကြီးများက “ဗြဟ္မာဖြစ်လို့ တဝင်းဝင်း၊ ဝက်စာကျင်းမှာ တမြုံ့မြုံ့”လို့ ဆိုတော်မူခဲ့ကြပါတယ်။ ဒါပေမယ့် ဗြဟ္မာဘဝမှ စုတေပြီးလျှင် ပြီးချင်း ဝက်တော့ မဖြစ်နိုင်ဘူး။ အခြား တိရစ္ဆာန် ငရဲသားဆိုတာတွေလည်း မဖြစ်နိုင်ပါဘူး။ ဈာန်ရတဲ့ဘဝက ဈာန်၏အနီးဖြစ်တဲ့ ဥပစာရ ဘာဝနာ ကုသိုလ်၏ အစွမ်း ကြောင့် လူ့လောက နတ်လောက၌သာ ဖြစ်နိုင်ပါတယ်။ ယခု ပြောနေတဲ့ ဝက်မကလေးဟာလည်း လူ့လောက သူဌေးသမီးဘဝမှတဆင့် ဝက်ဘဝကို ရောက်ရတာပဲ။ အဲဒါဟာလည်း သူဌေးသမီးဘဝတုန်းက မာန်ယစ်ပြီး ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို မရိုမသေ ပြစ်မှားခဲ့တဲ့ အကုသိုလ်ကံကြောင့် ဖြစ်ဖွယ်ရှိပါတယ်။ အဲဒီ ဝက်မကလေးဟာ အဲဒီဘဝမှ သေတဲ့အခါ ‘သုဝဏ္ဏဘူမိ’ဆိုတဲ့အရပ် မင်းမျိုး ၌ ဖြစ်တယ်။ သုဝဏ္ဏဘူမိဆိုတာ သထုံပြည်ပဲလို့ အများက ယူဆကြပါတယ်။ အချို့ပညာရှိများကတော့ သာသနာတော်နှစ် ၁၅၀၀ နီးပါးက ဒေဒပါလမင်း ရေးထိုးထားခဲ့တဲ့ ကြေးပုရပိုက်စာကို အထောက်အထား ပြုပြီးတော့ သုမာတြာ (စုမာတြာ)ကျွန်းကို သုဝဏ္ဏဘူမိ ခေါ်တယ်လို့ ဆိုကြတယ်။ အဲဒီ သုဝဏ္ဏဘူမိ မင်းသမီးဘဝမှ သေတဲ့အခါ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့၌ အမျိုးသမီးဖြစ်တယ်။ အဲဒီ ဘဝမှ သေတဲ့အခါ ဝနဝါသီတိုင်း၌ အမျိုးသမီး ဖြစ်တယ်။ ဝနဝါသီတိုင်းဆိုတာ ဘုံဘေမြို့နယ်၏ အရှေ့တောင်အရပ်မှာ ရှိတယ်။ အဲဒီ ဘဝမှ သေတဲ့အခါ သုပ္ပါရက သင်္ဘောဆိပ်အရပ်၌ မြင်းကုန်သည်သမီး ဖြစ်တယ်။ သုပ္ပါရက သင်္ဘောဆိပ်ဆိုတာ ဘုံဘေမြို့မြောက်ဘက် ပင်လယ်ကမ်းခြေမှာ ရှိတယ်။ အဲဒီ ဘဝမှ သေတော့ ကာဝီရ သင်္ဘောဆိပ်အရပ်၌ လှေသူကြီးသမီး ဖြစ်တယ်။ ကာဝီရ သင်္ဘောဆိပ်ဆိုတာ အိန္ဒိယကျွန်းဆွယ် အရှေ့တောင်ဘက်အစွန်းမှာ ရှိတယ်။ ရှေးတုန်းက ဒမိဠ ခေါ်တဲ့ တမီးလ်လူမျိုးတို့၏နိုင်ငံ ပင်လယ်ကမ်းခြေပေါ့။ အဲဒီ ဘဝမှ သေတော့ ယခု သီရိလင်္ကာခေါ်တဲ့ သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ အစိုးရပိုင်း အမျိုးထဲ၌ ဖြစ်တယ်။ အဲဒီ ဘဝမှ သေတော့ အနုရာဓမြို့တောင်ဘက် ဘောက္ကန္တ ဆိုတဲ့ ရွာမှာ ‘သုမန’ဆိုတဲ့ သူကြွယ်၏သမီး ဖြစ်တယ်။ အမည်ကတော့ ဖခင်အမည်လိုပင် ‘သုမနာ’လို့ ခေါ်တယ်။ နောင်အခါမှာ သူ့ဖခင်က အဲဒီရွာကို စွန့်ခဲ့ပြီးတော့ ဒီဃဝါပီနယ် မဟာမုနိ ဆိုတဲ့ ရွာမှာ နေတယ်။ အဲဒီရွာမှာ နေစဉ် ဒုဋ္ဌဂါမဏိမင်း၏ အမတ်ဖြစ်တဲ့ ‘လကုဏ္ဍကအတိမ္ဗရ’ ဆိုသူက ကိစ္စတစ်ခုဖြင့် အဲဒီရွာ ရောက်လာတဲ့အခါ မယ်သုမနာကို မြင်ရ၍ မေတ္တာသက်ဝင်သဖြင့် ထိမ်းမြားမင်္ဂလာကို အကြီးအကျယ်ပြုပြီး သူ့နေရပ် ဖြစ်တဲ့ မဟာပုဏ္ဏရွာသို့ ခေါ်ဆောင်သွားတယ်။ အဲဒီရွာ၌ နေစဉ် တောင်စွန်းကျောင်းတိုက်ကြီး၌ သီတင်းသုံးသော မဟာ အနုရုဒ္ဓမထေရ်က အဲဒီရွာ ဆွမ်းခံကြွလာတော့ မယ်သုမနာ၏ အိမ်တံခါးဝ၌ ဆွမ်းရပ်နေစဉ် မယ်သုမနာကို တွေ့မြင်ရ၍ နောက်ပါ ရဟန်းများနှင့် ဒီလို ပြောဆိုပါသတဲ့။ အာဝုသော - ငါ့ရှင်တို့၊ သူကရပေါတိကာ - ဘုရားလက်ထက်တော်က ဝက်မကလေးသည်၊ လကုဏ္ဍက အတိမ္ဗရ မဟာမတ္တဿ - လကုဏ္ဍက အတိမ္ဗရ ခေါ် အမတ်ကြီး၏၊ ဘရိယ ဘာဝံ - အမတ်ကတော်အဖြစ်သို့၊ ပတ္တာနာမ - ရောက်နေတုံသေး၏၊ အဟော အစ္ဆရိယံ - သြော် ... အံ့သြစရာ ကောင်းပါပေစွတကား ... တဲ့။ အဲဒီစကားကို ကြားရတော့ အမတ်ကတော် မယ်သုမနာမှာ ရှေးဘဝဟောင်းတွေကို ပြန်လည်အောက်မေ့နိုင်တဲ့ ဇာတိဿရဉာဏ် ဖြစ်ပေါ်လာသတဲ့။ အဲဒီဉာဏ်ဖြင့် သူဖြစ်ခဲ့ဖူးတဲ့ ဘဝဟောင်းတွေကို ပြန်လည် ဆင်ခြင်ကြည့်လိုက် တဲ့အခါ သံသရာကို ထိတ်လန့် ကြောက်ရွံ့တဲ့ သံဝေဂဉာဏ်လည်း ဖြစ်လာပြန် သတဲ့။ ဒါကြောင့် သူ့ခင်ပွန်း အမတ်ကြီးထံမှ ခွင့်တောင်းပြီး ဘိက္ခုနီကျောင်းတိုက်မှာ ရဟန်းပြုခဲ့တယ်။ ရှင်ရဟန်းပြုပြီးတော့ တိဿမဟာဝိဟာရကျောင်းတိုက်မှာ သတိပဋ္ဌာန်သုတ် တရားကို ကြားနာပြီး ထိုနည်းအရ ရှုမှတ်သဖြင့် သောတာပတ္တိမဂ်ဖိုလ် ရောက် သွားပါသတဲ့။ အဲဒီကနောက် ဒုဋ္ဌဂါမဏိမင်းကြီး နန်းတက်ပြီးတဲ့အခါ သူ့ဇာတိအရပ်ဖြစ်တဲ့ ဘောက္ကန္တရွာသို့ သွားရောက်ပြီး နေစဉ် ကလ္လမဟာဝိဟာရကျောင်းတိုက်၌ အာသီဝိသောပမသုတ်ကို ကြားနာရ၍ အရဟတ္တဖိုလ်ရောက်ပြီး အာသဝေါ ကုန်ခန်းတဲ့ ရဟန္တာမဖြစ်သွားပါသတဲ့။ အဲဒီ သုမနာထေရီမ၏ ဘဝဖြစ်စဉ်ကို ဘုန်းကြီးက ဒီလို ဆောင်ပုဒ် စီထားတယ်။ လူ, ကြက်မကြီး၊ မင်းသမီးတဖြာ ဗြဟ္မာ, သူဌေး ဝက်ကလေးဖြစ်ရ သုဝဏ္ဏ ဗာရာ၊ ဝနဝါနှင့် သုပ္ပါရက၊ ကာဝီရမှ သီဟဠနုရာ၊ ဘောက္ကန်ရွာဟု ဖြစ်ရာပေါင်းစု၊ ဆယ့်သုံးခုသည် မယ်သုမနာ ဖြစ်စဉ်တည်း။ အဲဒီ မယ်သုမနာရဲ့ ဖြစ်စဉ် တစ်ဆယ့်သုံးဘဝကို သေသေချာချာ စဉ်းစားကြည့် ရင် အင်မတန် သံဝေဂ ဖြစ်စရာ ကောင်းတယ်။ ကကုသန်ဘုရားလက်ထက်တော်တုန်းက လူ့ဘဝမှ သေတဲ့အခါ သားသမီး အခြွေအရံတွေရော လက်ရှိပစ္စည်းတွေရော မိမိကိုယ်ပေါ် စွန့်ပစ်ခဲ့ပြီး သေသွား ရရှာတယ်။ သားသမီး စသည်တွေက ငိုကြွေးပြီး ကျန်နေရစ်ကြရှာမှာပေါ့။ သူ့မှာလည်း သေပြီးတော့ ကြက်မ ဖြစ်ရရှာတယ်။ လူစင်စစ်က ကြက်ဖြစ်သွားတာ ကြောက်စရာပါပဲ။ အဲဒီ ကြက်မဘဝမှာလည်း သားသမီး ကြက်အခြွေအရံတွေ ရှိမှာပဲ။ သိန်းငှက်က ထိုးသုတ် ဖမ်းယူပြီး ထိုးဆိတ် စားလို့ ခေါင်းပြတ်ပြီး မချိမဆန့်နဲ့ သေရရှာတယ်။ အဲဒီကနောက် ကမ္မဋ္ဌာန်းတရားသံ ကြားနာရတဲ့ ကုသိုလ်ကံကြောင့် မင်းသမီး ဖြစ်ရတယ်ဆိုတာကတော့ ဝမ်းသာစရာပါပဲ။ အဲဒီ ကြက်မဟာ ကမ္မဋ္ဌာန်းတရားအကြောင်းကို ဘာမှ နားလည်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကြည်ညိုတဲ့ စိတ်နဲ့ နာလို့ ကုသိုလ်ဖြစ်ပြီး အဲဒီ ကုသိုလ်ကြောင့် လူ့ဘဝ ပြန်ရောက်ပြီး မင်းသမီးတောင် ဖြစ်ရတယ်ဆိုတော့ တရားနာရတာဟာ အင်မတန် အားကိုးစရာ ကောင်းတာပဲ။ အဲဒီ မင်းသမီးဘဝက ဈာန်ရလို့ နောက်ဘဝ၌ ဗြဟ္မာဖြစ်ရတာလည်း ဝမ်းသာစရာပဲ။ ဗြဟ္မာဘဝမှ စုတေတော့ လူ့လောက၌ သူဌေးမျိုးမှာ ဖြစ်ရတယ်။ အဲဒါလည်း ဝမ်း သာစရာပါပဲ။ ဒါပေမယ့် အဲဒီဘဝမှ သေတဲ့အခါ သားသမီးစသည် အခြွေအရံတွေရော ပစ္စည်း ဥစ္စာတွေရော မခွဲချင်ဘဲနဲ့ သေပြီး ခွဲခဲ့ရတာဟာ ဝမ်းနည်းစရာပဲ။ သေပြီးတော့ ဝက်မကလေးဖြစ်ရတယ်ဆိုတာက သာပြီး ဝမ်းနည်းစရာ ကောင်း သေးတယ်။ ဗြဟ္မာက လူဖြစ်, လူက ဝက်ဖြစ်ရတာဆိုတော့ ကြောက်စရာလည်း အလွန် ကောင်းတာပဲ။ သံဝေဂယူစရာပါပဲ။ အခြားလူတွေလည်း အရိယမဂ်ကို မရသေးရင် အဲဒီလို ယုတ်ညံ့တဲ့ ဘဝတွေကို ရောက်သွားနိုင်တယ်။ ဒါကြောင့် သတိသံဝေဂဖြစ်ပြီး တရားကို လေးလေးနက်နက် နှလုံးသွင်းနိုင်အောင် မြတ်စွာဘုရားက ဒီဝက်မကလေး ဖြစ်စဉ်ကို မိန့်တော်မူခဲ့တာပဲ။ အဲဒီ ဝက်မကလေးဘဝတုန်းက ဘယ်လို သေရတယ်ဆိုတာတော့ ပြဆိုမထားဘူး။ ဒါပေမယ့် ယခုကာလလိုပဲ ဝက်ရှင်က သတ်လို့ သေရတာ ဖြစ်မှာပါပဲ။ အဲဒီ အခါတုန်းက ဝက်မမှာ သားသမီး စသည့် အခြွေအရံ အပေါင်းအဖော်တွေ ရှိမှာပဲ။ အဲဒါတွေနဲ့ သေကွဲ ကွဲလာခဲ့ရတဲ့အခါ သက်ဆိုင်ရာတွေအားလုံး စိတ်ဆင်းရဲတွေ များစွာ ဖြစ်ကြရမှာပဲ။ အဲဒီကနောက် သုဝဏ္ဏဘူမိအရပ်မှ အနုရာဓမြို့အထိ ၆-ဌာနမှာ လူ့ဘဝချည်း ဖြစ်သွားရတယ်ဆိုတော့ တော်သေးရဲ့လို့ ဆိုရမှာပဲ။ ဒါပေမယ့် အဲဒီ ၆-ဘဝမှ သေရတဲ့အခါတိုင်း သူကိုယ်တိုင်ရော သက်ဆိုင်တဲ့ သူ တွေရော ဝမ်းနည်းကြရ စိုးရိမ်ပူဆွေးကြရမှာချည်းပဲ။ နောက်ဆုံးမှာ သုမနာထေရီဖြစ်ပြီး ရဟန္တာမ ဖြစ်သွားတာကတော့ ဝမ်းသာစရာ အကောင်းဆုံးပဲ။ အဲဒီ ဖြစ်စဉ်ထဲမှာ ဘဝဟောင်းမှ သေ,သေပြီး ဘဝအသစ် အသစ် ထပ်ကာ ထပ် ကာ ဖြစ်ရတာဟာ ဘာကြောင့်လဲဆိုရင် ဆင်းရဲဖြစ်ပွားကြောင်း သမုဒယသစ္စာ ဆိုတဲ့ တဏှာကြောင့်ပဲ။ အခြားသူတွေလည်း တဏှာမကင်းသေးရင် ဒီလိုပဲ သေ,သေပြီး ဘဝ အသစ် အသစ် ဖြစ်,ဖြစ်သွားရလိမ့်မယ်။ ဒါကြောင့် ဒီ သမုဒယသစ္စာဆိုတဲ့ တဏှာ ကင်းငြိမ်းအောင် မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်သုံးပွားများဖို့ရန် အလွန်ပင် အရေးကြီးပါတယ်။ သုမနာထေရီမမှာတော့ သတိပဋ္ဌာနသုတ်တရားကို နာကြားပြီးတော့ အဲဒီ သတိပဋ္ဌာန်နည်းအတိုင်း ရှုမှတ်ပွားများပြီး သောတာပန် ဖြစ်တယ်။ အဲဒီကနောက် အာသီဝိသောပမသုတ်ကို နာကြားပြီး တစ်ဖန် နှလုံးသွင်းသဖြင့် အရဟတ္တဖိုလ်ရောက်ပြီး ရဟန္တာမ ဖြစ်သွားတယ်။ သမုဒယဆိုတဲ့ တဏှာ ကင်းသွားတယ်။ ဒါကြောင့် တစ်ဖန် ဘဝအသစ် ဖြစ်ဖို့ မရှိတော့ဘူး။ ပရိနိဗ္ဗာန်ပြုပြီး အေးငြိမ်းသွားဖို့ပဲ ရှိတော့တယ်။ ဒါကြောင့် အဲဒီ သုမနာထေရီဟာ အာယုသင်္ခါရ ကုန်တဲ့အခါ ပရိနိဗ္ဗာန်ပြုတော့ မည့်အကြောင်း သီတင်းသုံးဖော်များအား ပြောကြားတယ်။ အဲဒီအခါ အမျိုးသား ရဟန်းတော်များနှင့် အမျိုးသမီး ရဟန်းမများက သူ့အကြောင်းအရာကို မေးကြတဲ့အတွက် ..... ဘုရားတပည့်တော်မဟာ ကကုသန်ဘုရားလက်ထက်တော်က လူအမျိုးသမီးဖြစ်ခဲ့ပါတယ်။ အဲဒီဘဝက သေတော့ ကြက်မဖြစ်ခဲ့ပါတယ်။ အဲဒီ ကြက်မဘဝမှာ သိန်းငှက်က ထိုးသုတ်ပြီး စားလို့ ခေါင်းပြတ်ပြီး သေခဲ့ရတယ်။ သေပြီးတော့ လူ့ဘဝမှာ မင်းသမီးဖြစ်ခဲ့ရတယ် .. စသည်ဖြင့် ဘောက္ကန္တရွာ၌ အဆုံးစွန်ဘဝတိုင်အောင် သူ့အကြောင်းအရာတွေကို ဘိက္ခုနီသံဃာအား ဖြစ်စဉ်အတိုင်း ပြောကြားပြီးတော့ - “ဧဝံ - ယခု ပြောကြားခဲ့သည့်အတိုင်း၊ သမဝိသမေ - ညီမျှ မညီမျှကုန်သော၊ ဝါ - အကောင်းအဆိုး အမျိုးမျိုးကုန်သော၊ တေရသ အတ္တဘာဝေ - တစ်ဆယ့်သုံးခုသော ဘဝ အတ္တဘောတို့ကို၊ ပတွာ - ရောက်ခဲ့ပြီး၍၊ ဣဒါနိ - ယခု နောက်ဆုံးဘဝ၌၊ ဥက္ကဏ္ဌိတွာ - သံသရာ၌ ငြီးငွေ့သောကြောင့်၊ ပဗ္ဗဇိတွာ - ရဟန်းပြု၍၊ အရဟတ္တံ - ရဟန္တာအဖြစ် အရဟတ္တဖိုလ်သို့၊ ပတ္တာ - ရောက်ခဲ့ပါပြီ၊ သဗ္ဗေပိ - အားလုံးသော အရှင်ကောင်း အရှင်မတို့သည်လည်း၊ အပ္ပမာဒေန - မမေ့မလျော့ အမှတ်ရသည့် သတိတရားဖြင့်၊ သမ္ပာဒေထ - သီလ သမာဓိ ပညာကို ပြီးစီး ပြည့်စုံအောင် အားထုတ်ကြပါကုန်လော့”လို့ ပြောကြားလျက် ပရိသတ်လေးပါးကို သံဝေဂဖြစ်စေ ပြီးလျှင် ပရိနိဗ္ဗာန် ဝင်စံသွားပါသတဲ့။ ယခု ပြောခဲ့တဲ့ ဝက်မကလေးဝတ္ထုကတော့ ဓမ္မပဒအဋ္ဌကထာ (ဒု နှာ ၃၃၂-၅)မှာ အပြည့်အစုံ ပြဆိုထားလျက် ရှိပါတယ်။ +++++ မဟာစည်ဆရာတော်ဘုရားကြီး၏ “ဓမ္မစကြာတရားတော်ကြီး”မှ

Sunday, June 02, 2013

သတိပဋ္ဌာန်အကြောင်းသိကောင်းစရာ

"သတိပဋ္ဌာန်အကြောင်းသိကောင်းစရာ" *************************** သတိပဋ္ဌာန်ဟူသည် လွန်စွာတည်သော သတိ ခိုင်မြဲစွာတည် သော သတိဟု အဓိပ္ပါယ်ရရှိပါသည်။သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိတ်ကို ဆိုလိုပါသည်။ တရားကိုယ်အားဖြင့်သတိစေတသိတ်(၁)ပါးပင်ဖြစ်သော်လည်းအာရုံ(၄)မျိုးယူပုံအခြင်းအရာ(၄)မျိုး၊ ပယ်ခွာခြင်း(၄)မျိုး ပြားခြင်းကြောင့်သတိပဋ္ဌာန် (၄)မျိုး ပြားရခြင်းဖြစ်ပါသည်။၎င်းတို့မှာ ၁။ ကာယနုပဿနာသတိပဋ္ဌာန် ၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန် ၃။ စိတ္တာနုပဿနာသတိပဋ္ဌာန် ၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန် တို့ဖြစ်ပါသည်။ ၁။ ကာယာနုပဿနာ သတိပဋ္ဌာန် ကာယာနုပဿနာသတိပဋ္ဌာန်ဟူသည် ထွက်သက်ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာသော သတိဖြစ်သည်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်၌(ဝါ) ဆံပင်မွှေးညှင်းစသော (၃၂)ကောဋ္ဌာသ၌ အဖန်ဖန် ရှုခြင်းခြင်းဖြစ်ပါတယ်။အဲဒီလို အဖန်ဖန်ရှုတဲ့အခါ အသုဘ(မတင့်တယ် ရွံရှာဖွယ်) အခြင်းအရာ ထင်လာပါတယ်။ ဤသတိပဋ္ဌာန်နဲ့ ခန္ဓာကိုယ်ကို တင့်တယ် တယ်လို့မှတ်ထင်နေတဲ့ သုဘဝိပလ္လာသကို ပယ်ခွာနိုင်ပါတယ်။(သုဘဝိပလ္လာသ-တင့်တယ်၏ဟု ဖော်ပြန်စွာမြင်မှု)၊


၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန် ဝေဒနာနုပဿနာသတိပဋ္ဌာနဟူသည် ဝေဒနာတရားတို့၌ ခိုင်မြဲစွာ တည်သော သတိဖြစ်သည်။တနည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိဖြစ်ပါသည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန်ရှုသောအခါ အဖြစ်အပျက်ဒဏ် အမြဲခံရပုံကို မြင်ရတဲ့အတွက် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာပါတယ်။ ထိုသတိပဋ္ဌာန်နဲ့ ရုပ်နာမ် တို့၌သုခဟု မှတ်ထင်သော သုခဟု မှတ်ထင်သော သုခဝိပလ္လာသကို ပယ်ရှားနိုင်ပါတယ်။ (သုခဝိပလ္လာသ-ချမ်းသာ၏ဟု ဖောက်ပြန်စွာမြင်မှု)


၃။ စိတ္တာနုပဿနာသတိပဋ္ဌာန် စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ်၊ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ခိုင်မြဲစွာ တည်သော သတိဖြစ်ပါသည်။တစ်နည်းအားဖြင့် စိတ်ကို အာရုံပြု၍ ဤစိတ်ကားရာဂစိတ်၊ဤစိတ်ကား ရာဂကင်းသောစိတ်စ သည်ဖြင့် ခွဲခြားလျက် အနိစ္စအခြင်းအရာထ င်လာအောင် အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာထင်လာပါတယ်။ ဤသတိပဋ္ဌာန်ဖြင့် နိစ္စဝိပလ္လာသကို ပယ်ခွာနိုင်ပါတယ်။(နိစ္စဝိပလ္လာသ-မြဲ၏ဟု ဖောက်ပြန်စွာမြင်မှု)


၎။ ဓမ္မာနုပဿနာသတိပဋ္ဌာန် ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် နီဝရဏစသော ဓမ္မတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်ပါတယ်။တစ်နည်းအားဖြင့် ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့် ဝေဒနာက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿနာဖြင့် ရှုပြီးဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခ`ါရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှုသော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်းအရာ ထင်လာအောင် အဖန်ဖန်တလဲလဲ အာရုံပြု၍ရှုသောအခါ အရာရာ ကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွတ်ဆောင်နေကြောင်း ပရမတ္ထချည်းသာ ထင်ရှားရှိကြောင်းကို သိရ၍ စီမံနိုင်သော အတ္တ (အသက်လိပ်ပြာဝိညာဉ်)ကောင်မရှိသော အနတ္တအခြင်းအရာ လွန်စွာထင်လာပါတယ်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တဝိပလ္လာသကို ပယ်ရှားနိုင်ပါတယ်။ (အတ္တဝိပလ္လာသ-အတ္တရှိ၏ဟု ဖောက်ပြန်စွာမြင်မှု)။


စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)