Sunday, June 02, 2013

“သတိပဋ္ဌာန် ပွားများရကျိုး''

“သတိပဋ္ဌာန် ပွားများရကျိုး”


မြတ်စွာဘုရားသည်ရဟန်းတော်တို့အား ကာယာနုပဿနာမှစ၍ သတိပဋ္ဌာန်ဒေသနာတော်ကို ဟောတော်မူပြီး၍ယခုအခါ သတိပဋ္ဌာန်တရားကို ပွားများအားထုတ်ရန် တိုက်တွန်းခြင်းနှင့်တကွ အကျိုးကျေးဇူးကိုပြတော်မူသည်မှာ -


ရဟန်းတို့ --တစ်စုံတစ်ယောက်သော ယောဂီသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ၇-နှစ်ပတ်လုံးယခု ဟောပြောခဲ့သည့်နည်းလမ်းဖြင့် ပွားများသည်ဖြစ်အံ့၊ ထိုယောဂီအား ယခုမျက်မှောက်ဘဝ၌သော်လည်း အရဟတ္တဖိုလ်ကို ရရာ၏။ဥပါဒါန် အကြွင်းရှိသေးလျှင်ကား အနာဂါမိဖိုလ်ကို ရရာ၏။ ဤအကျိုးနှစ်ပါးတွင် တစ်ပါးပါးကို ဧကန်ရလိမ့်မည်ဟုလိုလားကာ အားထုတ်ပါလေ -ဟု မိန့်တော်မူသည်။


၇-နှစ်တိုင်တိုင် ပွားများအားထုတ်မှသာလျှင် ရသည်မဟုတ်သေး။ ၆-နှစ်,၅-နှစ်,၄-နှစ်,၃-နှစ်,၂-နှစ်,၁-နှစ်၊ သို့မဟုတ် ၇-လ,၆-လ,၅-လ,၄-လ,၃-လ,၂-လ,၁-လ၊ သို့မဟုတ် ၁၅ -ရက်,၇-ရက် အားဖြင့် ပုဂ္ဂိုလ်၏ ပါရမီဥာဏ်အားလျော်စွာ ဤသတိပဋ္ဌာန်တရားကို အားထုတ်လျှင် ဤဘဝ၌ပင် အရဟတ္တဖိုလ်ကို ရရာ၏။ ဥပါဒါန်အကြွင်း ရှိသေးလျှင်မူကားအနာဂါမိဖိုလ်ကိုရရာ၏။ ဤအကျိုးနှစ်ပါးတွင် တစ်ပါးပါးကို ဧကန်ရလိမ့်မည်ဟု လိုလားကာ အားထုတ်ပါလေ- ဟု မိန့်တော်မူသည်။


၇-နှစ်မှသည် ၇-ရက်အထိ အားထုတ်မှူကိုပြဆိုခြင်းသည် ပါရမီဥာဏ်အလတ်စားဖြစ်သော ပုဂ္ဂိုလ်တို့ကိုရည်ရွယ်၍ ဟောတော်မူသည်။


ထက်မြက်သောပါရမီဥာဏ်ရှိသူ ဖြစ်မူကားနံနက်အခါ သင်ကြားဟောပြောပေးသည်ကို နာယူ၍အားထုတ်လျှင် ညနေဘက်၌ တရားရနိုင်သည်၊ ညနေအခါ သင်ကြားဟောပြောပေးသည်ကို နာယူ၍အားထုတ်လျှင် နံနက်ဘက်၌တရားရနိုင်သည်။ အဋ္ဌကထာ၌ဆိုသည်။ အဋ္ဌကထာစကားကို ထောက်၍၇-နှစ်တိုင်တိုင် အားထုတ်၍မှမရသေးသော ပုဂ္ဂိုလ်သည် ထိုကာလထက် ပိုလွန်၍အားထုတ်သော် တရားရနိုင်သည်ကိုလည်း ပြဆိုရာရောက်သည်။


သတိပဋ္ဌာန်ပါဠိတော်၌“ယော ဟိ ကောစိ ဘိက္ခဝေ” ဟူသောပုဒ်ကို “ယော ဟိ ကောစိ ဘိက္ခဝေဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ” ဟူ၍အဋ္ဌကထာ ဖွင့်ပြသဖြင့် ဤသတိပဋ္ဌာန်ဒေသနာတော်ကို ရဟန်းယောကျာ်းဖြစ်စေ၊ ရဟန်းမဖြစ်စေ၊ ဒါယကာဖြစ်စေ၊ဒါယကာမဖြစ်စေ မည်သူမဆို အားထုတ်နိုင်ကြောင်း အားထုတ်လျှင် ဥာဏ်အားလျော်စွာ ပါရမီအထုံဝါသနာ အားလျော်စွာ တရားထူးရရှိနိုင်သည်ကို ဝမ်းမြောက်စွာ သိအပ်ကြသည်။ဤကျမ်းစာ မြန်မာပြန်ရာ၌မူ ကား သဗ္ဗသင်္ဂါဟိက နည်းအားလုံးကို သိမ်းရုံးသောသဘောဖြင့် ယောဂီဟူ၍ပြန်ဆိုလိုက်သည်။


ရဟန်းတို့ --သတ္တဝါတို့၏သန္တန်၌ ကိလေသာအညစ်အကြေး မှ စင်ကြယ်စေခြင်းငှာလည်းကောင်း၊သောက ပရိဒေဝတို့ကို လွန်မြောက်ခြင်းငှာ လည်းကောင်း၊ ဒုက္ခ ဒေါမနဿတို့၏ ချုပ်ငြိမ်းခြင်းငှာ လည်းကောင်း၊အရဟတ္တဖိုလ်ကို ရခြင်းငှာလည်းကောင်း၊နိဗ္ဗာန်ကို မျက်မှောက်ပြုခြ င်းငှာလည်းကောင်းတစ်ကြောင်းတည်းသော လမ်းဖြစ်သည်ဟူ၍ ငါဘုရားဟောတော်မူခဲ့သည်မှာ ဤသတိပဋ္ဌာန်လေးပါးကို ရည်ညွှန်း၍ဟောတော်မူခြင်း ဖြစ်ပေသည်-ဟု မိန့်တော်မူလျှင်တရားနာသော ရဟန်းတော်တို့သည်မြတ်စွာဘုရားဟောတော်မူအပ်သော တရားတော်ကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၏။


သတိပဋ္ဌာန် ဒေသနာတော် အဆုံး၌သုံးသောင်းသော ရဟန်းတော်တို့သည်အရဟတ္တဖိုလ်သို့ ရောက်တော်မူကြသည်ဟု အဋ္ဌကထာ ၌ဆိုသည်။


ရွှေကျင်နိကာယသံဃဦးစီးဥက္ကဋ္ဌရွှေကျင်သမ္မုတိသာသနာပိုင် အဘိဓဇမဟာရဋ္ဌဂရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက စစ်ကိုင်းတောင်ရိုးရွှေဟင်္သာတိုက်သစ်ဆရာတော်


No comments: