Sunday, June 02, 2013

ဝိပဿနာ သမာဓိဥာဏ် မဂ်ဖိုလ်ဥာဏ်ဖြစ်ပုံ

ဝိပဿနာ သမာဓိဥာဏ် မဂ်ဖိုလ်ဥာဏ်ဖြစ်ပုံ”


ဝိပဿနာလုပ်ငန်းစဉ်ကား မေ့သွားသည့်စိတ်များ တခြားသို့ထွက်သွားသည့်စိတ်များကိုရှု့သိရ၏၊ ထိုသို့ ရှုသိပြီးမှ ဖောင်းမှူ့၊ ပိန်မှူ့၊ စသော ရှုမြဲကို ပြန်၍ ရှုသွားရပေသည်။ဤကားသမထနှင့် ဝိပဿနာတို့၌ နီဝရဏကို ပယ်ခြင်းနှင့်စပ်၍လုပ်ငန်းစဉ်ထူးခြားပုံ တစ်ရပ်ပေတည်း။


[သမထဘာဝနာ တစ်ခုတည်းသောအာရုံ၌ စိတ်တည်တံနေအောင် သမထအာရုံကိုသာ မပြတ်ရှု့နေရ၏၊ သမထအာရုံမဟုတ်သော ရုပ်နာမ်အာရုံကိုကား ရှု့ရန်တာဝန် မရှိ၊ ထို့ကြောင့် တစ်ရံတစ်ခါကြံစည် စဉ်းစားနေသော နီဝရဏစိတ်များဖြစ်ပေါ်လာသော်လည်း၎င်းတို့ကား ရှု့ရန်မလို၊ ပယ်ရန်သာလို၏။ဝိပဿနာ ဘာဝနာမှာမူ ဒွါရ၆-ပါးကဖြစ်ပေါ် သမျှ ရုပ်နာမ်တို့ကို ရှု့ရသောကြောင့် တစ်ရံတစ်ခါ မရှုမိဘဲမေ့လျက်တစ်ခြားကို စဉ်းစားမိသောစိတ်များလိုချင်နှစ်သက်မှူ့စသော နီဝရဏစိတ်များဖြစ်ပေါ်လာလျှင် ထိုစိတ်များကိုလည်း ရှုပ်သည်သာ၊မရှု့မိလျှင် ထိုစိတ်များ၌လည်းနိစ္စ၊သုခ၊အတ္တဟု စွဲလမ်းမှု့ကျရောက်မည်ချည်းသာ၊ သို့ဖြစ်၍ ထိုသို့သောစိတ်များဖြစ်ပေါ်လာလျှင် သမထအလုပ်မှာကဲ့သို့ (အသတိအမနကာရ)နှလုံးမသွင်းဘဲ ထားရုံမျှဖြင့် ကိစ္စမပြီးသေး၊ ၎င်းတို့ကိုလည်းသဘာဝလက္ခဏာ သာမညလက္ခဏာတို့ဖြင့် မှန်ကန်စွာသိအောင် ရှု့မှသာလျှင် စွဲလမ်းမှူ့ကင်းစေနိုင်၍ ဝိပဿနာကိစ္စပြီးပေသည်။ဤကား ထပ်၍ ရှင်းချက်ဖြစ်သည်။]


ဤသို့ရှု့ဖန်များလာသောအခါ၌ တခြားသို့ ပျံ့လွင့်သောစိတ်မှာ မရှိသလောက်ပင် ကင်းငြိမ်းနေလိမ့်မည်၊တခြားသို့ စိတ်ထွက်လျှင်လည်းချက်ချင်းပင်သိနိုင်၍ချက်ချင်းပင် ထိုစိတ် ပြတ်စဲသွားလိမ့်မည်။ တစ်ရံတစ်ခါမှာ တခြားသို့ထွက်သွားရန် စိတ်ဦးလှည့်လိုက်သည်ကိုပင် ရှု့သိနိုင်၍ တစ်ခြားသို့မထွက်တော့ဘဲ ရှု့မြဲပင်တစ်စဉ်တည်းအခြေမပျက် ရှု့သိနေနိုင်သည်ကိုလည်းတွေ့ရလိမ့်မည်၊ထိုအခါမှာ ရှု့ရာရှုရာ အာရုံ၌ကပ်ကနဲ ကပ်ကနဲ အံကျကိုက်လျက် တည်တည်နေသော သမာဓိသည် ဝိပဿနာခဏိက သမာဓိမည်၏။ကာမစ္ဆန္ဒစသော နီဝရဏတို့မှ ကင်းနေသောကြောင့် သမထလမ်းက ဥပစာရသမာဓိနှင့်လည်း ညီမျှ၏၊ ပျံ့လွင့်ပြေးသွားနေသော ထိုနီဝရဏနှင့် ရောနှောခြင်းမရှိဘဲ ရှုသိမှူ ဘာဝနာစိတ်ချည်းရှေ့နောက် တစ်စိတ်တည်းစင်ကြယ်လျက်ရှိသောကြောင့် စိတ္တဝိသုဒ္ဓိလည်းမည်၏။


ထိုအခါ ရှုတိုင်းရှုတိုင်း ရှုမိသည် ဖောင်းမှူ ပိန်မှူ့စသော ရုပ်အပေါင်းကို အသိနာမ်နှင့်လည်းကောင်း၊ အခြားရုပ်များနှင့်လည်းကောင်း၊ မရောယှက်စေဘဲ သီးသန့်ပိုင်းခြား၍သိ၏။ရှုမှူ့ကြံသိမှူ့မြင်မှူ့စသော နာမ် အပေါင်းကိုလည်းရုပ်နှင့်လည်းကောင်း၊ အခြားနာမ်များနှင့်လည်းကောင်းမရောယှက်ဘဲ သီးသန့်ပိုင်းခြား၍သိ ၏။တစ်ကြိမ်တစ်ကြိမ်ရှု့ခိုက်မှာပင် နာမ်နှင့်ရုပ်အသိစိတ်ကို တစ်ခြားစီပိုင်းခြား၍သိ၏ဤသို့ နာမ်နှင့်ရုပ်ကို ပိုင်းခြား၍ သိခြင်းသည် နာမရူပပရစ္ဆေဒမည်၏။


ထိုသို့ သိဖန်များသောအခါ ဤကိုယ်ထဲ၌ ဖောင်းမှူ့ပိန်မှူ့လှူပ်ရှားမှူ့စသော (အာရုံကို မသိတတ်သည့်) ရုပ်တရားနှင့် ရှု့သိမှူု၊ မြင်သိမှူ့စသော (အာရုံကို သိတတ်သည့်) နာမ်တရားဟူ၍ ဤရုပ်၊ နာမ် ၂-မျိုးသာရှိသည်။ ဤရုပ် နာမ်မှတစ်ပါး ပုဂ္ဂိုလ် သတ္တဝါကောင် မည်သည် မရှိတော့ပြီ ဟု သိမြင်သဘောကျ၏။ ရှု့နေရင်းပင် ဤသို့သိမြင် သဘောကျသွားခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိမည်၏။


ထို့နောက် ဆက်လက်၍အားထုတ် နေလျှင် ရှု့တိုင်း၊ ရှု့တိုင်း အကြောင်းအကျိုးဆက်စပ်၍ထိုရုပ် နာမ်များ ဖြစ်ပေါ်နေကြသည်ကိုလည်းသိမြင်သဘောကျလာ၏။ သိပုံကား ကွေးချင် ဆန့်ချင် လှူပ်ရှားပြုပြင်ချင်သောစိတ်ကြောင့် ကွေးရုပ် ဆန့်ရုပ် လှူပ်ရှားပြုပြင်ရုပ်များ ဖြစ်ပေါ်လာကြသည်ကိုလည်းကောင်း အပူ အအေးဓာတ်ကြောင့် ပူရုပ် အေးရုပ်များ ပြောင်းလဲဖြစ်ပေါ်လာကြသည်ကိုလည်းကောင်း အစာအာဟာရကြောင့် ရုပ်သစ်များဖြစ်ပေါ်လာကြသည်ကိုလည်းကောင်း၊ မျက်မှောက်တွေ့လျက် သိမြင်သဘောကျ၏။


ထို့ပြင် မျက်စိနှင့်အဆင်းနားနှင့်အသံ စသည်ရှိ၍ မြင်မှူ ကြားမှူ့စသည်တို့ ဖြစ်ပေါ်လာသည်ကို လည်းကောင်း၊ ဖောင်းမှူ့ ပိန်မှူ့စသော ရှု့စရာအာရုံရှိ၍ ရှု့သိမှူဖြစ်ပေါ်လာသည်ကို လည်းကောင်းနှလုံးသွင်းမှူ့ရှိ၍ ထိုထိုအာရုံများဆီသို့ စိတ်ကရောက်ရောက်သွားသည်ကို လည်းကောင်းမျက်မှောက်တွေ့လျက် သိမြင်သဘောကျ၏။


ထို့ပြင် “ကောင်းသည် ချမ်းသာသည်” ဟုထင်သော အဝိဇ္ဇာကောင်းစားချမ်းသာချင်သော တဏှာတို့ကြောင့် ကြံစည်အားထုတ် ပြုလုပ်နေကြသည်ကိုလည်းကောင်း၊ ထိုပြုလုပ်မိရာကိုပင် စွဲလမ်း၍စိတ်ဝိဥာဏ်အသစ်အသစ် ဖြစ်ပေါ်နေသည်ကိုလည်းကောင်း၊သေခြင်းဟူသည်မှာလည်း ရှု့သိရသော ဤ စိတ်ကလေးမျိုး နောက်ဆုံးပျောက်ကွယ်သွားခြင်းပင် ဟူ၍ လည်းကောင်း၊ ဘဝသစ်ဖြစ်ခြင်းဟူသည်မှာလည်းမှီရာရုပ်နှင့်တကွ စိတ်ကလေးမျိုး အသစ်ဖြစ်ပေါ်လာခြင်းပင်ဟူ၍လည်းကောင်း ဤသို့ စသည်ဖြင့်လည်းသိမြင်သဘောကျ၏။


ဤသို့ အကြောင်းတရားပါသိမြင်ခြင်းသည် ပစ္စယပရိဂ္ဂဟဥာဏ် မည်၏။


ဤသို့ အကြောင်းနှင့် အကျိုးမျှသာ ဆက်စပ်လျက်ဖြစ်နေသည်ကို သဘောကျလာသောအခါ “ရှေးကလည်းဒီလိုအကြောင်းအကျိုးရုပ်နာမ်မျှသာ ရှိခဲ့သည်။ နောင်လည်းဒီလို အကြောင်းအကျိုးရုပ်နာမ်မျှသာရှိမည်” ဟူ၍လည်း သိမြင်သဘောကျ၏။ဤသို့ သိမြင် သဘောကျခြင်းသည် ကင်္ခါဝိတရဏ ဝိသုဒ္ဓိမည်၏။


အကြောင်းအကျိုးရုပ်နာမ်မျှသာရှိသည်ဟု မသိသေးမီက ထိုရုပ် နာမ်များကိုပင် အတ္တကောင် ငါကောင် ထင်မှတ်၍ “ရှေးကလည်းငါရှိခဲ့လေသဘော? ယခုမှဘဲ ရှိလာလေသလော? ဒီငါဟာ သေပြီးသည့်နောက်မှာလည်း ရှိဦးမည်လေလော့”ဟု ဤသို့တွေးတောယုံမှားမှူ့မျိုး ဖြစ်ပေါ်နိုင်၏။ယခုမူကား ထိုယုံမှားမှူ့မျိုးမဖြစ်နိုင်တော့ပြီ၊ ထိုယုံမှားမှူ့မျိုးကို လွန်မြောက်သွားပြီဟု ဆိုလို၏။


ဆက်လက်၍အားထုတ်နေလျှင် ရှု့တိုင်းရှု့တိုင်းသော ရုပ်နာမ်များသည်ဖြစ်ပေါ်လာပြီးလျှင် ပျောက်ပျောက်သွားကြသည်ကိုသာ တွေ့ရသောကြောင့် မမြဲဟူ၍လည်းသုံးသပ်ဆင်ခြင်မိ၏။ အနိစ္စသမ္မသနဥာဏ်ပင်တည်း။


ဖြစ်လိုက် ပျက်လိုက်နှင့် ဖြစ်ပျက်မှူ့ကမပြတ် နှိပ်စက်နေသည်ကိုသာ တွေ့ရသောကြောင့် နှစ်သက်သာယာဖွယ် အားကိုးဖွယ်မရှိ ကြောက်ဖွယ်ကောင်းသော ဆင်းရဲချည်းဟူ၍လည်း သုံးသပ်ဆင်ခြင်မိ၏။ဒုက္ခသမ္မသနဥာဏ်ပင်တည်း။


ဤသို့ သုံးသပ်ဆင်ခြင်၍အားရသောအခါ မသုံးသပ်မဆင်ခြင်တော့ဘဲ ရှု့ရုံသာရှု့လျက်ရှိ၏။ထိုအခါ ရှု့ရင်းရှု့ရင်းရှု့မိသောအာရုံ၏အစဖြစ်ပေါ်လာပုံကိုလည်း ရှင်းလင်းပြတ်သားစွာ သိရ၏။ ထိုအာရုံ၏ တိခနဲပြတ်သွားပုံကိုလည်း ရှင်းလင်းပြတ်သားစွာသိရ၏။ အလင်းရောင်များနှစ်သက်အားရမှူ့များ စိတ်အေးချမ်းသာမှူ့များ ဘုရားတရားနှင့်စပ်သော သဒ္ဓါကြည်ညိုမှူ့များထက်သန်သော အားထုတ်လိုမှူ့များ ဝမ်းသာမှူ့များအလွန်လျင်မြန်သန့်ရှင်းသော သိမှူ့များ၊ ရှု့စရာအာရုံတွေကို အလွတ်မရှိအောင် အမှတ်ရလျက် ရှု့နိုင်မှူ့များအထူးကြောင့်ကြမပြုရဘဲ ရှု့နိုင်မှူ့များ၊ရှု့ရသည်၌ ပျော်လျက်နှစ်သက်သာယာမှူ့များဟူသော ဤထူးခြားသော သဘောတရားတို့သည်လည်းဖြစ်ပေါ်လာတတ်ကုန်၏။ ထို့ကြောင့် ယောဂီသည်မိမိ၏ဖြစ်မှူ့များကို မပြောရဘဲ မနေနိုင်လောက်အောင် ဝမ်းသာတက်ကြွလျက်ရှိတတ်ကြ၏။ တရားထူးကို ရပြီဟူ၍လည်း ထင်မှတ်၏။နုသော ဥဒယဗ္ဗဥာဏ်နှင့် မဂ်မှားပေတည်း။


ထို အလင်းရောင်စသည်တို့ကို “တရား” မဟုတ်သေးဟူ၍ လည်းကောင်း၊“ပေါ်လာသမျှကို ရှု့ရုံမျှမပြတ်ရှု့နေခြင်းသည်သာလျှင် တရားထူးကိုရရန် ဝိပဿနာလမ်းမှန်ဖြစ်သည်”ဟူ၍ လည်းကောင်း ကျမ်းဂန်ဗဟုသုတအရဖြစ်စေ ဆရာသမားတို့ စကားအရဖြစ်စေ ယုံကြည်ဆုံးဖြတ်ရ၏။ထိုသို့ ဆုံးဖြတ်လိုက်ခြင်းသည် မဂ္ဂါမဂ္ဂဥာဏဒဿနဝိသုဒ္ဓိမည်၏။


ထိုသို့ ဆုံးဖြတ်ပြီးနောက် ဆက်လက်၍ရှု့နေလျှင် ထို အလင်းရောင်နှစ်သိမ့်အားရမှူ့စသည်တို့သည် တဖြည်းဖြည်း နည်း၍နည်း၍သွား၏။ရှု့သိမှူ့မှာလည်းသာ၍ရှင်းလင်း၏၊ လက်ခြေတစ်ကွေးတစ်ဆန့်အတွင်း ခြေတစ်လှမ်း အတွင်းမှာပင် တစ်နေရာမှ တစ်နေရာသို့ မရောက်ဘဲ တရွေ့ချင်းတရွေ့ချင်းဖြစ်ပျက်သွားသော လှူပ်ရှားမှူ့ပေါင်းများစွာတို့ကို တစ်ပိုင်းစီ တစ်ပိုင်းစီ ရှင်းလင်းပြတ်သားစွာ သိရ၏။ ဥပက္ကိလေသမှ လွတ်သော ရင့်သော ဥဒယဗ္ဗယဥာဏ်ပေတည်း။


ထိုဥာဏ်အားကောင်းလာသောအခါ အသိသည် တိုး၍လျင်မြန်လာ၏။ ထို့ကြောင့် အာရုံ၏အစဖြစ်မှူ့ထက် အဆုံးပျောက်မှူ့ကိုသာ သာ၍ထင်ရှားစွာတွေ့ရ၏။ ရှု့ရသောအာရုံများမှာ ကုန်ဆုံး၍ ပျေက်ပျက်နေနှင့်သကဲ့သို့ထင်ရ၏။ လက် ခြေ ခေါင်း ကိုယ်စသော ပုံသဏ္ဌာန် အထည်ဒြပ်ကို မတွေ့ရတော့ဘဲ တရိပ်ရိပ်နှင့် ပျောက်ပျောက်နေသည်ကိုသာ ရှု့တိုင်း ရှု့တိုင်းတွေ့ရ၏။ရှု့သိနေသောစိတ်ကလေးပါ သူ့အာရုံနှင့်အတူရှေ့နောက်ဆင့်လျက်တစ်ပါတည်း ပျောက်ပျောက်သွားသည်ကို တွေ့ရ၏။ဤသို့ ရှုတိုင်းရှု့တိုင်း အာရုံရော အသိစိတ်ပါ တစ်စုံလုံးတစ်စုံလုံး ပျောက်ပျောက်သွားသည်ကို သိခြင်းသည် ဘင်္ဂဥာဏ်မည်၏။


ရှု့တိုင်းသိတိုင်း အာရုံရော အသိစိတ်ပါ တစ်ပျက်တည်းပျက်နေသည်ကိုသာ တွေ့ရသောကြောင့် “ကြောက်စရာကောင်းသည်” ဟု ထင်မြင်သဘောကျလာ၏၊ ဘယဥာဏ်ပေတည်း။


“မကောင်းဘူး”ဟု အပြစ်လည်းမြင်လာ၏။အာဒီနဝဥာဏ်


“နှစ်သက်ပျော်မွေ့ဖွယ်မရှိ၊ပျင်းရိငြီးငွေ့ဖွယ်”ဟူ၍လည်း ထင်မြင်လာ၏။နိဗ္ဗိဒါဥာဏ်ပေတည်း။“ဒီလိုဖြစ်ပျက်နေသော ရုပ်နာမ်တွေမရှိမှ ကောင်းမည်”ဟု ရုပ်နာမ်ဆင်းရဲများမှ လွတ်မြောက်ရန် မျှော်ကြည့်သော ဥာဏ်လည်းဖြစ်လာ၏။ မုဉ္စိတုကမျတာဥာဏ်ပေတည်း။


ထိုအခါ လွတ်မြောက်စေရန် အထူးကြောင့်ကြပြု၍ တစ်ဖန်ရှု့သဖြင့်အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို ရှင်းလင်းစွာသိမြင်၏။အထူးအားဖြင့် ဒုက္ခသဘောများကို အလွန်ထင်ရှားစွာ တွေ့ရတတ်၏။ ပဋိသင်္ခါဥာဏ်ပေတည်း။


ထိုပဋိသင်္ခါဥာဏ်အားပြည့်သောအခါ ရှု့သိမှူသည် ကြောင့်ကြမစိုက်ရဘဲ သူ့အလိုလိုပင် သိလျက်သိလျက် နာရီစက်များကဲ့သို့သွားနေ၏။အကောင်းအဆိုးအာရုံ၏ သဘောနောက်သို့မလိုက်ဘဲ သိရုံမျှ သိရုံမျှသာ လျစ်လျူရှု့လျက်ရှိနေ၏။အလွန်ပင် ညင်သာသိမ်မွေ့လှပေ၏။ သူ့အရှိန်နှင့်သူ သိလျက်သိလျက်သွားနေသည်မှာ တစ်နာရီ နှစ်နာရီ သုံးနာရီလည်း ကြာသွားတတ်၏။ထိုမျှကြာသော်လည်း ညောင်းညာပင်ပန်းခြင်းကားမရှိပေ၊ ဤသို့ အကောင်းအဆိုး အာရုံနောက်သို့လည်းမလိုက် ကြောင့်ကြလည်းမစိုက်ရဘဲ သဘောမှန်ကို သိရုံမျှကြာရှည်စွာ သိသိသွားနေခြင်းသည် သင်္ခါရုပေက္ခာဥာဏ်မည်၏။


ဤသို့ သူ့အရှိန်နှင့်သူ သိလျက်သိလျက် အလိုလိုသွားနေရာထဲက အထူးသွက်လက်လျှင်မြန်သော အသိကလေးများဖြစ်ပေါ်လာပြန်၏။ ထိုအသိကလေးများမှာ ဝုဋ္ဌာနမည်သောမဂ်ဆီသို့ တဟုန်ထိုးတက်သွားသော ဝုဋ္ဌာနဂါမိနီဝိပဿနာဥာဏ် မည်၏။


ထိုထူးခြားသော အသိကလေးများမှာလည်းထိုခဏ၌ ဒွါရ ၆-ပါးတွင် ထင်ရှားပေါ်လာသော “ရုပ် နာမ် အာရုံကိုပင် မမြဲဟူ၍သော်လည်းကောင်း၊ ဆင်းရဲဟူ၍သော်လည်းကောင်း၊ အနတ္တဟူ၍သော် လည်းကောင်း” သိမြင်လျက် ဖြစ်ပေါ်ပေသည်။ထိုတွင် နောက်ဆုံးအကြိမ်အသိမှာ ပရိကံ ဥပစာ အနုလုံခေါ်ဇောသုံးခုပါဝင်သော အနုလောမဥာဏ်ပေတည်း။ရှေးဝိပဿနာဥာဏ် နောက်မဂ်ဥာဏ်တို့နှင့် သင့်လျော်စွာဖြစ်သော ဥာဏ်ဟုဆိုလို၏။


ရှေးရင့်သော ဥဒယဗ္ဗယဥာဏ်မှစ၍ ဤအနုလောမဥာဏ်တိုင်အောင် ဥာဏ် ၉-ပါးအပေါင်းသည် ပဋိပဒါဥာဏဒဿနဝိသုဒ္ဓိ မည်၏။


ထိုဥာဏ်အခြားမဲ့၌အသိစိတ်သည် ရုပ် နာမ်ဆင်းရဲချူပ်သော နိဗ္ဗာန်အာရုံသို့ကျရောက်သွား၏။ဂေါတြဘုဥာဏ်ပေတည်း၊ ပုထုဇဉ်အနွယ်ကိုဖြတ်ကာ အရိယာအနွယ်သို့ ဝင်ရောက်သွားသော ဥာဏ်ဟုဆိုလိုသည်။


ထို့နောက် နိဗ္ဗာန်ကိုပင် မျက်မှောက်တွေ့သိမြင်လျက် သောတာပတ္ထိမဂ်ဥာဏ် ဖိုလ်ဥာဏ်များ ဖြစ်ပေါ်လာကြ၏။ ထိုတွင် မဂ်ဥာဏ်ကို ဥာဏဒဿနဝိသုဒ္ဓိဟု ခေါ်သည်။


ထိုမဂ်ဖိုလ်ဖြစ်ခိုက် အချိန်မှာ တစ်စက္ကန့်မျှပင်မကြာပေ၊ ထို့နောက်ထူးခြားစွာ တွေ့သိရသော မဂ်ဖိုလ် နိဗ္ဗာန်တို့ကို ပြန်လည်၍ ဆင်ခြင်မိ၏။ပစ္စဝေက္ခဏာဥာဏ်ပေတည်း။


ဤအစီအစဉ်အတိုင်း ပစ္စဝေက္ခဏာဥာဏ်တိုင်အောင် ပြည့်စုံစွာတွေ့မြင်သောသူသည် သောတာပန်အဖြစ်သို့ ရောက်နေသောသူပေတည်း။


သောတာပန်မှာ -


၁။ သက္ကာယဒိဋ္ဌိ - ရုပ် နာမ်အပေါင်းကို အတ္တကောင်ဟု ထင်မှတ်ခြင်း။၂။ဝိစိကိစ္ဆာ - ဘုရား၊တရား၊သံဃာ၊ အကျင့်သိက္ခာတို့နှင့်စပ်၍ယုံမှားခြင်း။၃။သီလဗ္ဗတပရာမာသ -အရိယမဂ်လမ်းအကျင့်မှ တစ်ပါးသော အလေ့အကျင့်များကို နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းဟု ယုံကြည်ယူမှားခြင်း။


ဟူသော ဤသံယောဇဉ်သုံးပါးကင်းငြိမ်း၏။ထို့ပြင် ငါးပါးသီလလည်းကျိုးခြင်း၊ ပျက်ခြင်းမရှိဘဲ သူ့သဘာဝအတိုင်းပင် လုံခြုံစင်ကြယ်လျက်ရှိ၏။ထို့ကြောင့် သောတပန်ပုဂ္ဂိုလ်သည် အပါယ်၎-ပါးမှ လုံးဝလွတ်မြောက်၏။ လူ့ဘုံ၊ နတ်ဘုံတို့မှာလည်းအလွန်ဆုံး ၇-ဘဝမျှသာ ကျင်လည်၍ ၇-ဘဝမြောက်တွင် ရဟန္တာဖြစ်ကာ နိဗ္ဗာန်သို့ ဝင်စံရလေသည်။


ထိုသောတာပန်ပုဂ္ဂိုလ်သည် မိမိရပြီးသော ဖိုလ်တရားသို့ ဝင်ရောက်ရည်သန်၍ဝိပဿနာရှုလျှင် ထိုဖိုလ်သို့ဝင်ရောက်လျက် ငါးမိနစ်၊ဆယ်မိနစ်၊ နာရီဝက်၊ တစ်နာရီစသည်ဖြင့် ဖလသမာပတ်၌တည်နေနိုင်၏။ ဝသီဘော်နိုင်နင်းလျှင် အလျှင်အမြန်လည်း ဝင်စားနိုင်၏။ တစ်နေ့လုံး တစ်ညလုံးသော်လည်းကြာရှည်စွာ ထိုဖလသမာပတ်၌ တည်နေနိုင်၏။


မရသေးသောမဂ်ဖိုလ်များသို့ ရောက်ရန်ရည်သန်၍ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို နည်းတူပင် ရှု့ပါမူကား ဥဒယဗ္ဗယဥာဏ်စသော ဝိပဿနာဥာဏ်များနည်းတူပင် အစဉ်အတိုင်းဖြစ်ပြီးလျှင် ဣနြေ္ဒလည်းရင့်ကျက်ပါမူ သကဒါဂါမိမဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်ကာ သကဒါဂါမ်အဖြစ်သို့ ရောက်သွားလေသည်။သကဒါဂါမ်မှာ ကြမ်းတမ်းသော ကာမရာဂနှင့် ဗျာပါဒတို့လည်း ကင်းငြိမ်းသွားပြန်၏။ထို့ကြောင့် သကဒါဂါမ်ပုဂ္ဂိုလ်သည် လူ့ဘုံ နတ်ဘုံတို့၌အလွန်ဆုံးနှစ်ဘဝမျှသာ ဖြစ်ပြီးလျှင် ရဟန္တာဖြစ်ကာ နိဗ္ဗာန်သို့ဝင်စံရလေတော့သည်။


ထိုသကဒါဂါမ် ပုဂ္ဂိုလ်သည်လည်းဖိုလ်ဝင်စားလို၍ ဝိပဿနာရှု့လျှင်ရပြီးသော ဖိုလ်သို့ရောက်၏။ အထက်မဂ်ဖိုလ်သို့ ရောက်ရန်ရည်သန်၍ ဝိပဿနာရှုလျှင်ကား နည်းတူပင် ဝိပဿနာဥာဏ်များ အစဉ်အတိုင်းဖြစ်ပြီးလျှင် အနာဂါမိမဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် နိဗ္ဗာန်ကိုတွေ့မြင်ကား အနာဂါမ်အဖြစ်သို့ ရောက်သွားလေ၏။အနာဂါမ်မှာကား ကာမရာဂနှင့် ဗျာပါဒတို့ လုံးဝကင်းငြိမ်း၏။ ထို့ကြောင့် အနာဂါမ်ပုဂ္ဂိုလ်သည် ကာမဘုံ၌ တစ်ဖန်မဖြစ်တော့ပြီ၊ရူပ အရူပ ဗြဟ္မာဘုံတို့၌သာဖြစ်၍ ထိုဘုံတို့၌ပင် ရဟန္တာဖြစ်ကာ နိဗ္ဗာန်စံဝင်ရလေတော့သည်။


ထိုအနာဂါမ် ပုဂ္ဂိုလ်သည်လည်းဖိုလ်ဝင်စားလို၍ ဝိပဿနာရှု့လျှင်ရပြီးဖိုလ်သို့ရောက်၏။ အထက်မဂ်ဖိုလ်သို့ရောက်ရန် ရည်သန်၍ ဝိပဿနာရှု့လျှင်ကားနည်းတူပင် ဝိပဿနာဥာဏ်များ အစဉ်အတိုင်းဖြစ်ပြီးလျှင် အရဟတ္တမဂ်ဥာဏ်၊ဖိုလ်ဥာဏ်ဖြင့် နိဗ္ဗာန်ကိုတွေ့မြင်ကာ ရဟန္တာအဖြစ်သို့ ရောက်သွားလေတော့၏။


ရဟန္တာပုဂ္ဂိုလ်မှာ ၁-ရူပရာဂ၊၂ -အရူပရာဂ၊ ၃-မာန၊၄-ဥဒ္ဓစ္စ၊ ၅-အဝိဇ္ဇာဟူသော ဤအကြွင်းသံယောဇဉ် ငါးပါးနှင့်တကွ ကိလေသာဟူသမျှ အလုံးစုံ ကင်းငြိမ်း၏။ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်မှာ နောင်တစ်ဖန်ဘဝအသစ်ဖြစ်ရခြင်းမရှိတော့ပြီ၊ ထိုဘဝမှာပင်အသက်အပိုင်းအခြားကုန်ဆုံးသောအခါ ပရိနိဗ္ဗာန်ဝင်စံရလေတော့သည်။ပရိနိဗ္ဗာန်ဝင်စံပြီးသော အချိန်မှစ၍ဘဝအသစ်ဖြစ်ပေါ်ခြင်းမရှိသောကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်းစသော ဆင်းရဲဟူသမျှမှ လုံးဝလွတ်မြောက်လျက်ရှိလေတော့၏။ဤသို့ လွတ်မြောက်သွားခြင်း အကျိုးကိုပင် ရည်ရွယ်၍ ဤကျမ်းငယ်၏ အစ၌ -အဘယ့်ကြောင့် ကမ္မဋ္ဌာန်းတရားကို အားထုတ်ရသနည်း။


ဟူသော မေးခွန်းကို -နိဗ္ဗာန်သို့ရောက်၍အိုခြင်း၊ နာခြင်း၊ သေခြင်းစသော ဆင်းရဲဟူသမျှမှ လွတ်မြောက်ရန်အတွက် အားထုတ်ရပေသည်။ဟုဖြေဆိုခဲ့ပေသည်။


သို့ဖြစ်၍ နိဗ္ဗာန်ကိုရောက်ကာ အိုခြင်း သေခြင်းစသော ဆင်းရဲဟူသမျှမှ လွတ်မြောက်လိုသော ပုဂ္ဂိုလ်တို့သည် ဤကျမ်း၌ ညွှန်ကြားထားသည့်အတိုင်းအားထုတ်နိုင်ကြ၍ ဆင်းရဲငြိမ်းသော နိဗ္ဗာန်သို့ လျင်မြန်စွာဆိုက်ရောက်ကြပါစေသတည်း။


ကောက်နုတ်ချက်။ ။ကမ္မဋ္ဌာန်းတရား အားထုတ်ရခြင်းအကြောင်း၊မဟာစည်ဆရာတော်။


No comments: