Sunday, June 02, 2013

“အသုဘ ကမ္မဋ္ဌာန်း''

“အသုဘ ကမ္မဋ္ဌာန်း (သတ္တမပိုင်း -နိဂုံး )”


“ပုပ်သိုးနံစော် ရေလျှော်ပစ်ရ ကိုယ်ကာယ”


(၁၃) ဒွိပါဒကောယ မသုစိ၊ ဒုဂ္ဂန္ဓော ပရိဟရတိ။ နာနာကုဏပ ပရိပူရော၊ ဝိဿဝန္တော တတော တတော။


ဒွိပါဒကော၊အခြေနှစ်ချောင်းရှိသော။အယံ ကာယော၊ ဤကိုယ်သည်။ အသုစိ၊ မစင်ကြယ်လျက်။ ဒုဂ္ဂန္ဓော၊ မကောင်းသောအနံ့ရှိလျက်။နာနာကုဏပပရိပူရော၊ အထူးထူးသော အပုပ်အတိပြည့်လျက်။ တတော တတော၊ မျက်စိ နားစသော ထိုထို ကိုယ်အရပ်မှ။ ဝိသဝန္တော၊ အထူးထူးအထွေထွေ ယိုစီးလျက်။ဗာလော၊ လူမိုက်သည်။ နှာနာဒီဟိ၊ရေချိုးခြင်းစသည်တို့ဖြင့်။ပရိဟရတိ၊ ရွံ့ရှာဖွယ်တို့ ကို သုတ်သင်ဖယ်ရှား၏။ပုပ္ဖဂန္ဓဝတ္ထာလင်္ကာရာဒီဟိ၊ပန်း၊နံ့သာ အဝတ်တန်ဆာ စသည်တို့ဖြင့်။ပရိဟရတိ၊ ကိုယ်လုံးဝန်းကျင် ပြုပြင်ဆောင်ရွက်၏။


အခြေနှစ်ချောင်းရှိသော လူ၏ကိုယ်သည် အမှန်အားဖြင့် မသန့်ရှင်း မစင်ကြယ်သည်သာ ဖြစ်၏။ကောင်းမွန်မွှေြး ကိုင်သော အနံ့မရှိရုံသာမဟုတ်၊ ပုပ်သိုး ညှီဟောင်သော အနံ့လည်းရှိ၏။အထူးထူးအထွေထွေသော အပုပ်တို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ထိုထို မျက်စိပေါက်၊ နားပေါက်စသည်တို့မှ အညစ်အကြေးတို့သည်ယိုစီးလျက်ရှိ၏။ယင်းသို့လျှင် အလွန်မနှစ်သက်ဖွယ်၊ ရွံ့ရှာဖွယ်၊ စက်ဆုပ်ဖွယ်ဖြစ်သော ကိုယ်ကိုပင်လျှင်တရားမယှဉ် အမြင်မမှန်သော သူတို့သည် ရေချိုးခြင်း၊သနပ်ခါး ပန်းနံ့သာ အမွှေးအကြိုင် လိမ်းကျံခြင်း၊ ပိုးဖဲကတ္တီပါ အဝတ်အရုံတို့ကိုဝတ်ရုံသုံးဆောင်ခြင်းဖြင့် အပုပ်အတိပြီးသောကိုယ်ကိုကာကွယ်ဖုံးအုပ်ကာ မိမိကိုယ်ကိုလည်းမိမိနှစ်သက်မြတ်နိုး သာယာကြကုန်၏။ ဗဟိန္ဓဖြစ်သော အခြားသော ကိုယ်ကိုလည်း သာယာနှစ်သက် တပ်မက်စွဲလမ်းကြကုန်၏- ဟု အကျဉ်းချူပ်ဒေသနာတော်ဖြင့် ဟောတော်မူသည်။


“ပုပ်သိုးနေသောကိုယ်ဖြင့် တရားမမြင် မာန်ဝင်နေကြခြင်း”


(၁၄) ဧတာဒိသေနကာယေန၊ ယော မညေဥဏ္ဏမေတဝေ။ ပရံ ဝါ အဝဇာနေယျ၊ ကိမညတြအဒဿနာ။


ဧတာဒိသေန၊ ဤပြဆိုအပ်ပြီးသော သဘောရှိသော။ကာယေန၊ အပုပ်အသိုးအတိပြည့်သောကိုယ်ဖြင့်။ယော၊ အကြင်တရားမယှဉ် ဥာဏ်မမြင်သောပုဂ္ဂိုလ်သည်။ ဥဏ္ဏမေတဝေ၊မာန်တကြွားကြွားငါတကားဟု ထောင်လွှားခြင်းငာ။မညေ၊ တဏှာအားဖြင့် ငါ့ကိုယ်၊ မာနအားဖြင့် ငါတကား၊ ဒိဋ္ဌိအားဖြင့် ငါ့ကိုယ်မြဲ၏ဟု အောက်မေ့မှတ်ထင်၏။ပရံ ဝါ၊ သူတစ်ပါးကိုမူလည်း။အဝဇာနေယျ၊ ဇာတိ နာမ ဂေါတ္တ စသည်ဖြင့် မထီမဲ့မြင်ရှုတ်ချရာ၏။ တံ ကာရဏံ၊ထိုသူမိုက်၏ မိမိကိုယ်ကို ဘဝဂ်ကိုမြှင့် ချီးပင့်မြှောက်စား သူတစ်ပါးကို အောက်အဝီစိ ဆိုက်ဘိကောင်းဖွယ် နှိပ်နယ် ရှုတ်ချခြင်း၏ အကြောင်းသည်။အဒဿနာ၊အရိယမဂ်ဖြင့် အရိယသစ္စာကို မမြင်ခြင်းဟူသော အဓိဂမ မရှိခြင်းကို။ဝါ၊ ကာယဝိစ္ဆိန္ဒနိက သုတ္တန်ဟူသော အာဂမ၊ ထိုသုတ္တန်ဖြင့် ပြအပ်သော သုညတစသည်ကို မမြင်ခြင်းကို။အညတြ၊ကြဉ်ထား၍။ ကိံ သိယာ၊ အဘယ်မှာ ဖြစ်ရာအံ့နည်း။အာဂမာဓိဂမာဘာဝမေဝ၊ အာဂမဟူသောပရိယတ်၊အဓိဂမဟူသော ပဋိဝေဓ မရှိခြင်းသည်သာလျှင်။ကာရဏံ၊ ကိုယ့်ကိုမြှောက်စား သူတစ်ပါးကို ရှုတ်ချခြင်း၏အကြောင်းရင်းပေတည်း။


“ကာယာနုပဿနာဖြင့်နန္ဒထေရီရဟန္တာမဖြစ်ခြင်း”


ဤဒေသနာတော် အဆုံး၌ နန္ဒာထေရီသည် “ငါသည် အလွန်မှ မိုက်မဲလေစွတကား၊ကိုယ်ခန္ဓာကို အကြောင်းပြု၍ ဤကဲ့သို့သော ဒေသနာတော်ကို ဟောကြားတော်မူသော မြတ်စွာဘုရားအားဖူးမြော်ကာ တရားနာရန်မလာမိခဲ့ပေ” ဟု သံဝေဂ ဖြစ်လေသည်။ သံဝေဂဖြစ်ပြီးနောက် ကာယဝိစ္ဆိန္ဒနိကသုတ္တန် ဒေသနာတော်ကို ကောင်းစွာနှလုံးသွင်း ဆင်ခြင်၍ထိုကာယနုပဿနာကမ္မဋ္ဌာန်းဖြင့်သာလျှင် ၂-ရက်၊ ၃-ရက်အတွင်း၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသဖြင့် ခီဏာသဝအဂ္ဂဒက္ခိဏေယျရဟန္တာထေရီမ အဖြစ်သို့ ရောက်လေပြီ။ ဤကား သာဝတ္ထိမြို့၌ နန္ဒာထေရီကို အကြောင်းပြု၍ဟောတော်မူခြင်းတည်း။


ရာဇဂြိုလ်မြို့၌အညတရ ရဟန်းကိုအကြောင်းပြု၍ ဟောတော်မူသောအခါ၌ကား တရားတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့သည် အကျွတ်တရားရကြကုန်၏။သီရိမာနတ်သမီးသည်လည်း အနာဂါမိဖိုလ်သို့ရောက်လေသည်။အညတရ ရဟန်းသည်ကားသောတာပတ္တိဖိုလ်၌ တည်သည် -ဟု ဆိုသည်။


ဤတရားစာအစ၌ ပြဆိုခဲ့သည်အတိုင်း-


၁။ ရုပ်အစုအပေါင်း၏အနှစ်သာရမရှိခြင်း။


၂။ အမွှေးနံ့သာတို့ဖြင့် ပြည့်သောရုပ် မဟုတ်ခြင်း၊


၃။ ရွံ့ရှာစက်ဆုပ်ဖွယ်အတိပြည့်သော ရုပ်အပေါင်းမျှသာ ဖြစ်ခြင်း၊


၎။ တပ်မက်နှစ်သက်ဖွယ်မရှိခြင်း -ဟု ဆိုအပ်သော ကောဋ္ဌာသ ရုပ်အစုအပေါင်း၏သဘောမှန်ကို ဥာဏ်ဖြင့် သိမြင်ကာ ထိုရုပ်အစုအပေါင်း၌ မှားယွင်းသောအမြင်ဖြင့် တပ်မက်နှစ်သက် တွယ်တာခဲ့သော တဏှာ၊ ငါတကားဟူသော မာန၊ ဒိဋ္ဌိတို့ကို ဝိပဿနာဥာဏ်အဆင့်ဆင့်ဖြင့် တဖြည်းဖြည်းခေါင်းပါး အားနည်းစေလျက် မဂ်ဥာဏ်အတန်တန်ဖြင့် ကျော်ကာ အရဟတ္တမဂ်ဥာဏ်ဖြင့်ကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ်ငြိမ်းအေးစေသည်ဖြစ်၍အာသဝေါကုန်ခန်းသော အဂ္ဂဒက္ခိဏေယျရဟန္တာအဖြစ်သို့နန္ဒာထေရီ စသော သူတော်ကောင်းတို့ကဲ့သို့ ရောက်ကြရ၍ဒုက္ခဇာတ်သိမ်း အငြိမ်းကြီးငြိမ်းကြစေရန် ဤကာယာနုပဿနာတရားကို ကြည့်ရှု့ကြားနာကြရသော သူတော်ကောင်းရဟန်း ရှင်လူအပေါင်းတို့သည်လည်း ရုပ်အစုအပေါင်း၏အဖြစ်မှန်ကို ဝိပဿနာဥာဏ်အမြင်ဖြင့် ရှေးဦးစွာမြင်ကြပြီးလျှင် အရဟတ္တမဂ်ဥာဏ်ဖြင့်ကိလေသာအပေါင်းကိုအကြွင်းမဲ့ ပယ်သတ်နိုင်ကြသောအားဖြင့် ဒုက္ခဇာတ်သိမ်းအငြိမ်းကြီးငြိမ်း ရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။


ကာယဝိစ္ဆိန္ဒနိကသုတ် ပြီး၏။


ကိုးကား။ ။ကမ္မဋ္ဌာန်းတရားအားထုတ်ရခြင်းအကြောင်း၊ မဟာစည်ဆရာတော်၊ သတိပဋ္ဌာန်ဘာဝနာ အားထုတ်ပုံ၊ ချမ်းမြေ့ဆရာတော်။ မဟာသတိပဋ္ဌာန်တရားတော်၊ မဟာစည်ဆရာတော်။


No comments: