Monday, February 24, 2014

အသေထွက် အရှင်ထွက်

အသေထွက်၊ အရှင်ထွက် *****************

မြန်မာပြည်၌ ပိဋကတ်၌မလာသော ပြဿနာတစ်မျိုးရှိသေး၏။ ယင်းကား ထွက်ရပ်ပေါက်သည် ဆိုသောစကားဖြစ်လေသည်။

ထွက်ရပ်လမ်းပေါက်သည်ဆိုရာ၌ နှစ်မျိုး နှစ်စားရှိသည် ဆို၏။

ပထမတစ်မျိုးမှာ အသေထွက်ဖြစ်၍ နောက်တစ်မျိုးမှာ အရှင်ထွက်ဟူ၍ ဖြစ်လေသည်။

အသေထွက်ဆိုသည်မှာ သတ္တဝါတစ်ဦးသည် သေလွန်ပြီးနောက် ထွက်ရပ်လည်း ပေါက်သွားသည်ဟု ဆိုလို၍

အရှင်ထွက်ဆိုသည်မှာ မသေဘဲ ထိုပုဂ္ဂိုလ်သည် လူမမြင်ရသော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီး နှစ်ပေါင်းများစွာ အသက်ရှင်လျက် တရားဓမ္မကိုကျင့်နေသည်ဟု ဆိုလိုပေသည်။

အသေထွက်၊ အရှင်ထွက်ပုဂ္ဂိုလ်များသည် လူများမမြင်နိုင်သော ခန္ဓာကိုယ်အဖြစ်သို့ ရောက်သွားသည်၊ လက်ရှိခန္ဓာကိုယ်ကိုစွန့်၍ ရောက်သွားသူနှင့် ခန္ဓာကိုယ်ကို မစွန့်ဘဲ ရောက်သူဟူ၍သာ ခြားနားသည်ဟု ဆိုကြလေသည်။

ဤအယူအဆသည် ပိဋကတ်တော်မှာလည်း မလာဘဲလျက် မည်သည့် အယူအဆမှ တစ်ဆင့် ကူးလာသနည်းဆိုသောအချက်ကို ကျွန်ုပ်တို့ လေ့လာသင့်ကြပေသည်။

အစပထ လေ့လာရန်အချက်မှာ ရှင်လေးပါ၊ သေလေးပါးဟူ၍ ရဟန္တာပုဂ္ဂိုလ်များကို ခွဲခြား၍ သတ်မှတ်ထားကြ၏။

ရှင်လေးပါး စာရင်း၌ -(၁) ရှင်ဥပဂုတ္တ - တောင်သမုဒ္ဒရာ (၂) ရှင်သာရဒတ္တ - မြောက်သမုဒ္ဒရာ (၃) ရှင်အက္ကောသာရ - အရှေ့သမုဒ္ဒရာ (၄) ရှင်မေဓရ - အနောက်သမုဒ္ဒရာ

သေလေးပါးစာရင်း၌ -(၁) ရှင်မဟာကဿပ - ဝေဘာရတောင် (၂) ရှင်မဟာသသာရ - ဥတ္တမတောင် (၃) ရှင်ဥပေက္ခ - မကုလတောင် (၄) ရှင်ဓမ္မသာရ - မလူကတောင်

ယင်း ရှင်လေးပါး၊ သေလေးပါးမှာ မည်သည့်ပိဋကတ်ကျန်းဂန်များမှာမျှ မလာဘဲ ရှေးခေတ်ကပေါ်ခဲ့ဖူးသော ဘုရားရှိခိုးအမျိုးမျိုးစာအုပ်တွင် တွေ့ရဖူး၏။ မည်သူက စတင်တီထွင်လိုက်သည်ဟု လက်သည်အတိအကျမရှိဘဲ မြန်မာဗုဒ္ဓဘာသာများအတွင်းသို့ အယူအဆတစ်မျိုးရောက်နေသည်မှာ ဝမ်းနည်းဖွယ်ရာကောင်းလှ၏။

ရဟန္တာပုဂ္ဂိုလ်များ၏ ဂုဏ်တော်၊ ဗုဒ္ဓ၏တရားတော်များကိုမျှ မျက်နှာတော်မထော က်ဘဲ ထင်ရာကိုဖန်တီးကြသည်မှာ ဗုဒ္ဓဘာသာဝင်များအဖို့ ကောင်းသောလက္ခဏာကား မဟုတ်ချေ။ ပရိနိဗ္ဗာန်ပြုပြီးသော ရဟန္တာပုဂ္ဂိုလ်များကို ယနေ့တိုင်အောင် အသက်ရှင်လျက်ရှိ သည့်သဘော သက်ရောက်အောင်ဖန်တီး၍ ယုံကြည်နိုင်ကြသည်မှာ အံ့သြဖွယ်ရာရှိချေသည်။

(အရှင်ရာဟုလာ ဆရာတော်) ~~~~~~~~~~~~~~~~ မင်းနန် (မော်ကျွန်း) ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၃၀၂) မှ ကောက်နုတ်ပူဇော်ပါသည်။

Dhamma Dãna Source : ထေရဝါဒ ရနံ့ https://www.facebook.com/thefragranceoftheravada

No comments: