Tuesday, February 25, 2014

"သောတာပန်ဆိုတာ..."

"သောတာပန်ဆိုတာ..."

(www.infinitydhamma.com)

သောတာပန်တည်သွားသည်နှင့် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်သွား၏။ ရတနာသုံးပါးကို အသက်နှင့်လဲပြီး ယုံကြည်ကိုးကွယ်သွား၏။ ငါးပါးသီလကို အသက်နှင့်လဲပြီးလုံခြုံသွား၏။ ၀ိပလ္လာသရှစ်ပါးကို အရှင်းပယ်သတ်သွား၏။ ဒိဋ္ဌိသံယောဇဉ်၊သီလဗ္ဗတပရမာသသံယောဇဉ်၊ ၀ိစိကိစ္ဆာသံယောဇဉ်တို့ ကို ပယ်သတ်လိုက်၏။ မိမိမှာရှိသော အပြစ်ကို မရှိဟန်ဆောင်သော မာယာနှင့် မိမိ၌ မရှိသည့်ဂုဏ်ကို ရှိဟန်ဆောင်သည့် သာဌေယျတို့ ကိုလည်း ပယ်သတ်၏။

သောတာပန် ပယ်သတ်သည့် ၀ိပလ္လာသ(၈)ပါး

-ခန္ဓာငါးပါးကို မြဲသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊ -ခန္ဓာငါးပါးကို မြဲသည်ဟု အမှတ်မှားမှု သညာဝိပလ္လာသ၊ -ခန္ဓာငါးပါးကို မြဲသည်ဟု အသိမှားမှု စိတ္တ၀ိပလ္လာသ၊ -ခန္ဓာငါးပါးကို အစိုးရသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊ -ခန္ဓာငါးပါးကို အစိုးရသည်ဟု အမှတ်မှားမှု သညာဝိပလ္လာသ၊ -ခန္ဓာငါးပါးကို အစိုးရသည်ဟု အသိမှားမှု စိတ္တ၀ိပလ္လာသ၊ -ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊ -ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ။

သောတာပန် မပယ်သေးသော ၀ိပလ္လာသလေးပါး

-ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အသိမှားခြင်း စိတ္တ၀ိပလ္လာသ၊ -ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အမှတ်မှားခြင်း သညာဝိပလ္လာသ၊ -ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အသိမှားခြင်း စိတ္တ၀ိပလ္လာသ၊ -ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အမှတ်မှားခြင်း သညာဝိပလ္လာသ။

ဤဖောက်ပြန်မှားယွင်းသော အသိမှား၊ အမှတ်မှား၊ ၀ိပလ္လာသလေးချက် ကျန်နေသောကြောင့် သောတာပန်၊ သကဒါဂါမ်များသည် အိမ်ထောင်သားမွေး ပြုလုပ်ကြခြင်းဖြစ်၏။

မြေတပြင်လုံး၌ ဧကရာဇ်မင်းဖြစ်ရသည်ထက် လည်းကောင်း၊နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက် လည်းကောင်း၊ တစ်လောကလုံးကို အစိုးရသည်ထက် လည်းကောင်း သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။ (ဓမ္မပဒ)

အဘယ်ကြောင့်နည်း၊ စကြာမင်း သိကြားမင်း ဗြဟ္မာမင်းတို့ သည် သေလျှင် အပါယ်လေးပါးသို့  ကျနိုင်သေးသော်လည်း သောတာပန်သည် ဘယ်သောအခါမျှ အပါယ်သို့

မကျနိုင်သောကြောင့်တည်း။

ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) (သီလအစွမ်း အံ့မခန်း မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ (www.infinitydhamma.com)

No comments: