Tuesday, February 25, 2014

ဝေဒနာနုပဿနာတရားတော်ကြီး ပထမပိုင်း မဟာစည်ဆရာတော်

ဝေဒနာနုပဿနာတရားတော်ကြီး ပထမပိုင်း

ဝေဒနာနုပဿနာတရားတော်ကြီး ပထမပိုင်း မဟာစည်ဆရာတော် (၁၃၁၃ခုနှစ်တန်ဆောင်မုန်း လပြည့်နေ့ည အသံလွှင့်ဟောကြားသည်)

ဒီကနေ့ဟောမည့် တရားတော်ကတော့ဝေဒနာနုပဿနာ တရားတော်ကြီးဖြစ်တယ်။ ကိုယ်ထဲစိတ်ထဲက ခံစားမှု အမျိုးမျိုးတွေကို ရှုပြီးအသိဥာဏ်ထူးဖြစ်ပေါ်ပုံကို ဟောမည့် တရားတော်ကြီးလို့ဆိုလိုတယ်။ ခံစားမှုဝေဒနာဆိုတာ သုံးမျိုးရှိတယ်။ အာရုံကောင်းတွေနဲ့ တွေ့တွေ့ပြီးကိုယ်ထဲ စိတ်ထဲမှာ ကောင်းကောင်းသွားတာကို "သုခဝေဒနာ" လို့ခေါ်တယ်။ အာရုံဆိုးတွေနဲ့ တွေ့တွေ့ပြီး ကိုယ်ထဲစိတ်ထဲမှာ အနေဆိုးအခံခက်သွားတာကို

"ဒုက္ခဝေဒနာ"လို့ ခေါ်တယ်။ မဆိုးမကောင်း အလယ်အလတ် နေသာရုံဖြစ်နေတာကိုတော့ "ဥပက္ခောဝေဒနာ" လို့ခေါ်တယ်။

ဒီဝေဒနာဟာ နာမ်တရားထဲမှာဆိုရင်အထူးထင်ရှားတဲ့ တရားတစ်မျိုးပဲ။ ပြီးတော့ သူ့ကို အမှန်အတိုင်း သိဖို့လဲ အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လောကမှ သတ္တ၀ါတွေကဒီခံစားမှုကလေးကို အမှန်အတိုင်း မသိကြတဲ့ အတွက် အလွန် အထင်ကြီးနေကြတယ်။

ဒီခံစားမှုကိုပဲ "သတ္တ၀ါကောင်" လို့ထင်နေကြတယ်။ "ဧရာမချမ်းသာကြီး" လို့ပဲ ထင်နေကြတယ်။ ကောင်းစား ချမ်းသာမှုကလေးတွေဖြစ်နေတဲ့အခါမှာဆိုရင် "ငါကောင်းနေတယ်။ ငါချမ်းသာနေတယ်" လို့ ဒီလိုထင်နေကြတယ်။ ဆင်းရဲမှုကလေးတွေ ဖြစ်နေတဲ့ အခါမှာလဲ "ငါဆင်းရဲနေတယ်"လို့ ဒီလိုထင်နေကြပြန်တယ်။

ဒီလို ထင်နေကြတဲ့ အတွက် "ငါကောင်းစားချမ်းသာရအောင် ငါနဲ့ စပ်တဲ့ သူကလေးတွေ ကောင်းစားချမ်းသာရအောင်" ဒီလိုရည်ရွယ်ပြီးအမျိုးမျိုးရှာကြံ အားထုတ် နေကြရတယ်။ အိပ်ရာ နိုးကတည်းကစပြီးတစ်နေလုံး တစ်ညလုံး အချိန်နာရီရှိတိုင်း"ငါချမ်းသာဖို့ ငါနဲ့စပ်တဲ့လူတွေ ချမ်းသာဖို့"ကြံစည်အားထုတ် နေကြရတယ်။ ဒီလိုအားထုတ်ပေမဲ့အားထုတ်တိုင်းလည်းချမ်းသာတာတော့ မဟုတ်ပါဘူး။ ကိုယ်ထင်ကြေးနဲ့မကိုက်ဘဲ ဆင်းရဲဒုက္ခရောက်နေကြတာတွေ အများကြီးပါပဲ။ ဒါကြောင့် သတ္တ၀ါတွေဟာ တလှုပ်လှုပ်တရွရွနဲ့ ဒုက္ခတွေရောက်နေကြတာပဲ။ အပါယ်လေးပါးကို ကျရတာလဲ ဒီခံစားမှုကို အမှန်အတိုင်းမသိလို့ပဲ။ ဘ၀အသစ်အသစ်တွေဖြစ်ပြီးအိုရ၊ နာရ၊ သေရ၊ စိုးရိမ်ပူဆွေးရ ငိုကြွေးရဆိုတဲ့ဒီလိုဘေးဆိုး ဒုက္ခဆိုးကြီးတွေနဲ့ရင်ဆိုင်တွေ့နေကြရတာတွေလဲ တခြားကြောင့် မဟုတ်ပါဘူး။ မရှုမမှတ်လို့ပါပဲ။

ဒါကြောင့်ဒီခံစားမှုကို အမှန်အတိုင်းသိအောင် ရှုမှတ်ဖို့ရာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီလိုအရေးကြီးတဲ့ အတွက်ပဲ မြတ်စွာဘုရားက ဒီဝေဒနာနုပဿာနာကို သုတ်ပေါင်းများစွာမှာ အကြိမ်ကြိမ် အထပ်ထပ် ဟောထားခဲ့တယ်။ မဟာသတိပဋ္ဌာနသုတ် မှာဆိုရင် ဒီဝေဒနာ ၉ မျိုးခွဲခြားပြီးဟောကြားခဲ့တယ်။ ခွဲခြားပုံကတော့ သုခ၊ ဒုက္ခ၊ဥပေက္ခာလို့ ဒီလိုသာမန်ဝေဒနာကသုံးမျိုး၊ သာမိသ သုခ၊သာမိသ ဒုက္ခ၊သာမိသ ဥပေက္ခာ လို့ ဒီလိုသာမိသ ဝေဒနာက သုံးမျိုးနိရာမိသ သုခ၊နိရာမိသ ဒုက္ခ၊နိရာမိသ ဥပေက္ခာလို့ဒီလို နိရာမိသ ဝေဒနာသုံးမျိုး ဒီလိုသုံးမျိုးသုံးလီ ၉ မျိုးခွဲခြားပြီးဟောထားတယ်။ ဒီလို၉ မျိုးထဲမှာ ပထမဆုံးသုခဝေဒနာ ရှုပုံကို ဒီလို ဟောထားတယ်။

"သုခံဝါ ဝေဒနံ ဝေဒယမာနော- ချမ်းသာတဲ့ ခံစားမှကို ခံစားလျှင်လဲ၊သုခံဝေဒနံ ဝေဒယာ မီတိ- ချမ်းသာတဲ့ ခံစားမှုကိုခံစားရသည်ဟုပဇာနာတိ- သိ၏"တဲ့။

ကိုယ်ထဲမှာ စိတ်ထဲမှာ ချမ်းသာမှုဖြစ်ပေါ်ရင်လဲ အဲဒီချမ်းသာမှုကို စူးစိုက်ပြီးချမ်းသာတယ်၊ ချမ်းသာတယ်လို့ ဒီလိုရှုမှတ်ပြီးသိရမယ်တဲ့။ ချမ်းသာတယ်ဆိုတဲ့ စကားကတော့ စာသုံးစကားပဲ။ အရပ်သုံးစကားဆိုရင်တော့ ကိုယ်ထဲကချမ်းသာမှုကို နေသာတယ်လို့လဲ ခေါ်ရတယ်။ စိတ်ထဲက ချမ်းသာမှုကိုတော့ ၀မ်းသာတယ်၊ ပျော်ရွှင်တယ် စသည်ဖြင့်လဲ ခေါ်ရပါတယ်။ အများအားဖြင့်ဆိုရင်တော့ အဲဒီချမ်းသာ ၂ မျိုးလုံးကို ကောင်းတယ်လို့ပဲ ခေါ်ဝေါ် ပြောဆိုလေ့ ရှိကြပါတယ်။ ဒါကြောင့်အဲဒီချမ်းသာမှုကို ကိုယ်ခေါ်နေကျအတိုင်းနေသာတယ်နေသာတယ်လို့လဲ ရှုမှတ်နိုင်ပါတယ်။ ၀မ်းသာတယ် ၀မ်းသာတယ် စသည်ဖြင့်လဲ ရှုမှတ်နိုင်ပါတယ်။ ကောင်းတယ် ကောင်းတယ်လို့လဲ ရှုမှတ်နိုင်ပါတယ်။

ယခုပြောခဲ့တဲ့ အတိုင်းချမ်းသာမှုကို စူးစိုက်ပြီးရှုမှတ်နေရင် အဲဒီချမ်းသာမှု သုခဝေဒနာကို သဘော အမှန်အတိုင်း သိတယ်။ အဲဒီလို သုခဝေဒနာရဲ့ သဘောအမှန်ကို သိတာဟာ ဝေဒနာနုပဿနာ ပါပဲ။ ဒီနေရာမှာ သဘောအမှန်ကိုသိတယ် ဆိုတာက "လောကီသုခသဟဂုတ်စိတ် ၃၁မှာရှိတဲ့ ဝေဒနာကို သုခဝေဒနာခေါ်တယ် "လို့ဒီလို သုတမယ ဥာဏ်လောက်နဲ့ မှန်းဆဆင်ခြင်ပြီးသိတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး။ ကိုယ်သန္တန်မှာ တကယ်ဖြစ်ပေါ်နေတဲ့ ခံစားမှုကလေးကို ရှုမှတ်ပြီးတော့သေသေချာချာသိသိသွားတာကို ဆိုလိုတယ်။ ဒါကြောင့်သတိပဋ္ဌာနသုတ် ပါဠိတော်မှာ "ဝေဒယမာနော - ခံစားနေတုန်းသိရမယ်"လို့ ဆိုထားတာပေါ့။ ဒီလိုတကယ်ဖြစ်နေတဲ့ ခံစားမှုကို လက်နဲ့ ကိုင်ကြည့်သလို သေသေချာချာ သိနေရင် ကျမ်းဂန်အဆိုတွေစာညွှန်းတွေနဲ့ ထပ်ပြီးဆင်ခြင်နေဖို့ မလိုတော့ပါဘူး။ ဥပမာ ဆင်ကောင်ကြီးကိုလဲ သေသေချာချာ တွေ့မြင်နေတဲ့ လူမှာဆင်ရုပ်ရေးကြည့်ဖို့ မလိုတော့သလိုပါပဲ။

သို့ပေမဲ့ မသိနားမလည်သေးတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီလိုမေးစရာရှိတယ်။ ဘယ်လိုလဲဆိုတော့ "ချမ်းသာရင် ချမ်းသာတယ်လို့သိတာ ကောင်းရင် ကောင်းတယ်လို့ သိတာဟာ လူတိုင်း လူတိုင်း သိနေတာမျိုးပဲ မဟုတ်လား၊ လူကြီးတွေတင်မကသေးဘူး။ နို့စို့ကလေးသူငယ်များ တောင်မှ ဒီလိုပဲ သိနေကြမယ်မဟုတ်လား၊ဒီတော့ ရှုမှတ်ပြီးသိတာနဲ့မရှုမှတ်ဘဲ အလိုလိုသိနေတာဟာ အတူတူပဲမဟုတ်ပေဘူးလား" လို့ဒီလိုမေးစရာရှိတယ်။ မေးဆိုတာကတော့ မသိနားမလည်တဲ့လူတွေရဲ့ လုပ်ငန်းစဉ်ပဲ။ မသိမေးမစင်ဆေးဆိုတဲ့ လောကပရိယာယ် ဘာသာစကားအတိုင်းပဲမသိရင်တော့ မေးကြပေလိမ့်မယ်။ ဒီလိုမေးတော့ သိတဲ့ ပုဂ္ဂိုလ်က ဖြေရှင်းရုံရှိတာကိုး။ ဒါကြောင့်ဒီနေရာမှာဘုရားရှင်ရဲ့ရည်ရွယ်ချက်တို့ကိုလဲ အဋ္ဌကထာဆရာကဖြေရှင်းထားပါတယ်။ ဟော သူပြောဆိုပုံကို ယခုနားထောင်ကြရမယ်။

အဋ္ဌကထာဆရာ၏ ဖြေရှင်းချက်

လူကြီးတွေတွင်မကဘူး၊နို့စို့ကလေးသူငယ်များတောင်မှ ချမ်းသာတယ်ကောင်းတယ်လို့သိကြတာကတော့ မှန်ပါတယ်တဲ့၊သို့ပေမဲ့ မရှုမမှတ်ရဘဲ အလိုလိုသိနေတာနဲ့ ရှုမှတ်ပြီးသိတာကတော့မတူပါဘူးတဲ့။ ပြောင်းပြန်ကို ထူးခြားနေပါတယ်တဲ့။ ထူးခြားပုံကတော့ ရှုမှတ်မှု မရှိတဲ့ လူတွေဆိုတာဟာလူကြီးပဲဖြစ်ဖြစ် ကလေးပဲဖြစ်ဖြစ် သိပုံချင်းအတူတူပါပဲ။ လူကြီးက ပိုပြီးထူးထူးခြားခြား သိတယ်လို့ဂုဏ်မယူနိုင်ပါဘူး။ အဲသူတို့ အကုန်လုံးဟာ နိစ္စ သုခ အတ္တ အနေနဲ့ချည်းသိနေကြတာပါပဲ။ သူတို့ရဲ့သိပုံကို စစ်ဆေးပြရလျှင် ရှုမှတ်မှုကင်းတဲ့ သူတွေဟာ ချမ်းသာကိုသိတယ်ဆိုပေမဲ့ အဲဒီချမ်းသာမှုကိုဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်းလဲ သိကြတာမဟုတ်ပါဘူး။ အများအားဖြင့် ဆိုရင် နေ့ရော ဥာဥ့်ပါအခါခပ်သိမ်းတခြားတစ်ပါးတွေကို ကြံစည်စဉ်းစားရင်းအချိန်ကုန်နေတာကသာ များကြပါတယ်။တစ်ခါတစ်ရံလောက်ပဲသိနိုင်ကြပါတယ်။ ဒီလိုသိပြန်တော့လဲ ခံစားမှုသဘောတရားအနေနဲ့ မသိကြ မထင်ကြပါဘူး။ "ငါချမ်းသာနေတယ်၊ငါကောင်းနေတယ်" လို့ဒီလိုအတ္တကောင်အနေနဲ့သာ ထင်မြင်စွဲလမ်းနေကြပါတယ်။

ပြီးတော့ အသစ်အသစ်ဖြစ်ဖြစ်ပြီးတစ်ခဏချင်း ပျက်ပျက်သွားတဲ့အနေ မမြဲတဲ့အနေနဲ့ လဲမသိကြ မထင်ကြပါဘူး။ "အလျင်က ရှိနေတဲ့ငါကပဲ ယခု ချမ်းသာကောင်းစားနေတယ်"လို့ဒီလို မြဲတဲ့ အနေနဲ့သာ ထင်မြင်စွဲလန်းနေကြတယ်။ ဒီတော့ဒီလိုအသိဟာ အတ္တကောင်ငါကောင်လို့ ထင်နေတဲ့ မူလကအသိအစွဲနဲ့ အတူတူပဲမဟုတ်လား။ အတူတူဖြစ်တဲ့ အတွက် အတ္တကောင် ငါကောင်လို့ ထင်နေတဲ့ မူလကအသိအစွဲကို မပယ်နိုင်တဲ့ပြင်သူက ထပ်ပြီးတော့တောင်ထောက်ခံချက်ပေးနေပါသေးတယ်။ ဒါကြောင့်ရှုမှတ်ခြင်းမရှိဘဲနဲ့အလိုလိုသိနေတယ် ဆိုတဲ့ ဒီလိုအလေ့ပေါက်အသိမျိုးဟာ"ကမ္မဋ္ဌာန်းလဲမဖြစ်ဘူး၊ သတိပဋ္ဌာန်ဘာဝနာလဲ မဖြစ်ဘူး။ ဒီလိုအသိမျိုးကို မြတ်စွာဘုရားက ရည်လဲမရည်ရွယ်ပါဘူး"တဲ့။

အနို့ဒါဖြင့် ဘယ်လိုအသိကို ရည်ရွယ်ပါသလဲဆိုတော့ ကိုယ်ထဲစိတ်ထဲ မှာ ဖြစ်ပေါ်လာတဲ့ ချမ်းသာမှု ကောင်းစားမှုကလေးတွေကို ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း စူးစူးစိုက်စိုက် မပြတ်ရှုမှတ်သိနေတဲ့ ယောဂီရဲ့ အသိကိုသာ ရည်ရွယ်ပါတယ်တဲ့။ တည့်တည့် ပြောရရင် ကိုယ်ထဲ စိတ်ထဲ ချမ်းသာမှုကလေးတွေ ဖြစ်နေတဲ့ အခါမှာ ချမ်းသာတယ်ထင်ရင်လဲ "ချမ်းသာတယ်ချမ်းသာတယ်" လို့ မှတ်ရမယ်၊၀မ်းသာတယ်ထင်ရင်လဲ "၀မ်းသာတယ် ၀မ်းသာတယ်"လို့ မှတ်ရမယ်။ ကောင်းတယ်ထင်ရင်လဲ "ကောင်းတယ် ကောင်းတယ်" လို့ မှတ်ရမယ်၊ ဒီလိုမှတ်ပြီး ချမ်းသာမှုရဲ့ သဘောမှန်ကို သိရမယ်လို့ ဆိုလိုပါတယ်.။ သဘောမှန်ကို သိတယ်ဆိုတာလဲ သဘာဝလက္ခဏာနဲ့သိတာရယ်၊ ရသနဲ့သိတာရယ် ပစ္စုပဋ္ဌာန်နဲ့သိတာရယ် ပဒဋ္ဌာန်နဲ့ သိတာရယ်ပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာတွေနဲ့သိတာရယ် ဒီလိုသိတာကို ဆိုလိုပါတယ်တဲ့။

www.mahasidhamma.com

No comments: