ဝေဒနာ နုပဿနာ တရားတော်ကြီးပထမပိုင်း(၂)
"အာရုံကောင်းများခံစားတတ်သည် စိတ်အဖော်များရွှင်ပွားစေသည် ကိုယ်စိတ်ထဲမှာ ကောင်လှထင်သည် ချမ်းသာမှုမှတ်ရှုမြတ်ယောဂီ" တဲ့။
ဒီဆောင်ပုဒ်ထဲမှာ "အာရုံကောင်းများခံစားတတ်သည်" ဆိုတာဟာ အာရုံကောင်းတွေ ခံစားပြီးကောင်းနေတာဟာ သုခဝေဒနာရဲ့ သဘောလက္ခဏာပဲ။ အဲဒါကို ယောဂီဟာ ရှုမှတ်ရင်းသိသိသွားရမယ်လို့ဆိုလိုတယ်။ "စိတ်အဖော်များ ရွှင်ပွားစေသည်" ဆိုတာကတော့စိတ်စေတသိက်ဆိုတဲ့ ဝေဒနာနဲ့အဖော်တွေကို ရွှင်လန်းတိုးတက်စေတာဟာ သုခဝေဒနာရဲ့စွမ်းရည်သတ္တိ ရသတဲ့။ အဲဒါကိုလည်း ရှုမှတ်ရင်းသိသိသွားရမယ် လို့ဆိုလိုတယ်။ "ကိုယ့်စိတ်ထဲက ကောင်းလှထင်သည်"ဆိုတာကတော့ကိုယ်ထဲစိတ်ထဲမှာ "ကောင်းလိုက်တာ ကောင်းလိုက်တာ"လို့ထင်ရတာ ကလေးတွေသုခဝေဒနာရဲ့အခြင်းအရာအခြေအနေ ပစ္စုပဋ္ဌာန်ပဲ၊အဲဒါကိုလည်းရှုမှတ်ရင်းသိသိသွားရမယ်လို့ ဆိုလိုပါတယ်။
"ချမ်းသာမှုမှတ်ရှု မြတ်ယောဂီ"ဆိုတာကတော့ချမ်းသာမှု သုခဝေဒနာဖြစ်တိုင်းရှုမှတ်ပြီးယခုပြောခဲ့တဲ့"လက္ခဏာ"နဲ့ ဖြစ်ဖြစ်၊"ရသ "နဲ့ ဖြစ်ဖြစ် "၊ "ပစ္စုပဋ္ဌာန် "နဲ့ဖြစ်ဖြစ် သိသိသွားရမယ်လို့ ဆိုလိုတယ်။
ဒါကြောင့်-"အာရုံကောင်းများခံစားတတ်သည် စိတ်အဖော်များရွှင်ပွားစေသည် ကိုယ်စိတ်ထဲမှာ ကောင်းလှထင်သည် ချမ်းသာမှုမှတ်ရှုမြတ်ယောဂီ"
ဆိုတဲ့ဆောင်ပုဒ်ကလေးကိုလည်းအရ ကျက်မှတ် ထားကြရမယ်။ ကိုယ်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ချမ်းသာမှု ကလေးကို ဖြစ်ဆဲမှာသာ စူးစိုက်ပြီးရှုမှတ်ကြည့်ပါ။ ယခုပြောခဲ့တဲ့ အတိုင်း"လက္ခဏာ နဲ့ရော၊ ရသနဲ့ရော ပစ္စုပ္ပဋ္ဌာန်နဲ့ရော"သိနိုင်ပါတယ်။
ဒီလို "လက္ခဏာ၊ရသ၊ပစ္စုပဋ္ဌာန်" နဲ့သိတယ်ဆိုရင် ကောင်းတဲ့ အာရုံတွေရလို့ကောင်းကောင်းသွားတယ်ဆိုတဲ့ သူ့အကြောင်း"ပဒဋ္ဌာန်" ကိုလဲ သိသွားတော့ တာပါပဲ။ ဒီနေရာမှာ သုခဝေဒနာထက်ဒုက္ခဝေဒနာက သာပြီး ထင်ရှားသေးတယ်။ အဲဒီ ဒုက္ခဝေဒနာ ထင်ရှားပုံကိုတော့ ဒုက္ခဝေဒနာ ရှုပုံအပိုင်းကျမှ ဟောရမယ်။
ယခုပြောခဲ့တဲ့ သုခဝေဒနာ ကို ဖြစ်တိုင်းဖြစ်တိုင်းရှုမှတ်ပြီး သဘောမှန်ကို သိရင်အဲဒီ ချမ်းသာမှုလေးရဲ့ အစပေါ်လာမှုဖြစ်မှုကိုလည်းထင်ရှားသိတော့တာပဲ။ ကုန်ဆုံးပျောက်ကွယ်သွားတာကိုလည်း ထင်ရှားသိတော့တာပဲ။ ဒီတော့ချမ်းသာမှု ကလေးတွေကို တစ်ခုစီ တစ်ပိုင်းစီတစ်ပိုင်းစီ ခွဲခြားပြီးသိနိုင်တယ်။ ဒါကြောင့်အလျင်တုန်းကတစ်ယောက်တည်းရယ်လို့ ထင်ရတဲ့ သန္တတိ ပညတ်ဟာ ယခုသူ့အလိုလို ပျက်သွားပါရော။
ဒီလို သန္တတိပညတ် ပျက်သွားတော့ "ဖြစ်ပေါ်ပြီး ပျက်ပျက်သွားလို့မမြဲဘူး"ဆိုတဲ့အနိစ္စ လက္ခဏာဟာလည်း သူ့အလိုလိုပဲထင်ရှားပေါ်လာပါတယ်။
ပြီးတော့" ဖြစ်လိုက်ပျက်လိုက်နဲ့ ဖြစ်မှု ပျက်မှုက မပြတ် နှိပ်စက်နေလို့ ဘာမှအားမကိုးလောက်ဘူး။ ဆင်းရဲပဲ " ဆိုတဲ့ဒုက္ခ လက္ခဏာဟာလည်းသူ့အလိုလိုပဲ ထင်ရှားပေါ်လာပါတယ်။
ပြီးတော့ "ကိုယ့်အလိုအတိုင်းမဖြစ်ဘဲသူ့သဘော အတိုင်းချည်းဖြစ်ပျက်နေလို့အစိုးမရဘူး၊ ငါကောင်မဟုတ်ဘူး" ဆိုတဲ့ အနတ္တလက္ခဏာလည်း သူ့အလိုလို ထင်ရှားပေါ်လာပါတယ်။
ဒီလို ထင်ရှားပေါ်လာတဲ့အတွက်ယောဂီဟာ သုခဝေဒနာ ကို ရှုမိတိုင်းရှုမိတိုင်း"ခံစားတတ်တဲ့ငါကောင်မရှိဘူး။ ကောင်းစားချမ်းသာနေတဲ့ငါကောင်မရှိဘူး။ အာရုံကောင်းကလေးတွေနဲ့ တွေ့တွေ့ပြီးအသစ်အသစ် ဆင့်ကာဆင့်ကာမပြတ်ဖြစ်နေတဲ့ခံစားမှု အပေါင်းမျှသာ ရှိတယ်" လို့လည်းရှင်းရှင်းကြီးသဘောကျကျသွားပါတယ်။
ဒါကြောင့်"ကောဝေဒယတိ-ဘယ်သူခံစားတာလဲ၊ ခံစားတတ်တဲ့ အတ္တကောင်ရှိသလား" ဆိုတဲ့ ဟောဒီ ပထမ မေးခွန်းကိုလည်းပြေလည်အောင်သိသွားပါတယ်။
ပြီးတော့ "ခံစားမှုရဲ့ပိုင်ရှင် အတ္တကောင်ရယ်လို့မရှိဘူး။ ခံစားမှုမျှရှိတာပဲ "လို့ အသိရှင်းနေတဲ့ အတွက် "ကဿဝေဒနာ- ဘယ်သူရဲ့ ခံစားမှုလဲ၊ခံစားမှုရဲ့ပိုင်ရှင် အတ္တကောင်ရှိသလား" ဆိုတဲ့ ဟောဒီ ဒုတိယ မေးခွန်းကိုလည်းပြေလည်အောင်သိသွားပါတယ်။
ပြီးတော့ "အာရုံကောင်းကလေးတွေနဲ့ တွေ့တွေ့ပြီး ချမ်းသာမှုကောင်းစားမှု အသစ်အသစ်ဖြစ်နေရုံမျှပဲ"လို့ အသိရှင်း နေတဲ့ အတွက် "ကိံကာရုဏာ ဝေဒနာ ဘယ်အကြောင်းကြောင့် ခံစားမှု ဖြစ်သလဲ " ဆိုတဲ့ဟောဒီ တတိယမေးခွန်းကိုလည်းပြေလည်အောင် အသိရှင်းနေပါတယ်။
ယခုပြောတဲ့ အတိုင်းမေးခွန်း(၃) ချက် အရ ပြေလည်အောင် အသိရှင်းနေတာကို သမ္ပဇာနဥာဏ် လို့ခေါ်တယ်။ အသမ္မောဟသမ္ပဇဉ် ဆိုတာလည်းဒီဥာဏ်ပါပဲ။ ကိုယ်ထဲ စိတ်ထဲမှာ မပြတ်ဖြစ်နေတဲ့ ခံစားမှုတွေကို စူးစိုက်ပြီး မပြတ်မှတ်နေရင်အသမ္မောဟသမ္ပဇဉ် ခေါ်တဲ့ အသိဥာဏ် ဖြစ်ပေါ်လာတာကို ကိုယ်တိုင်ပဲတွေ့ရပါတယ်။
ဒီလို အသိဥာဏ်ကတော့ခံစားမှု ဟူသမျှကို "သဘောတရားမျှ" အနေနဲ့လည်း သိနေတယ်။ "အနိစ္စ၊ ဒုက္ခ၊အနတ္တ" လို့လည်းရှင်းလင်းစွာသိနေတယ်။
ဒီနေရာမှာ သိ ဆိုတာက တကယ့်ကို သိတာပဲ။ စဉ်းစားဆင်ခြင်ပြီးယုံကြည်ရုံမျှ သဘောကျရုံမျှကို သိတယ်လို့မဆိုလိုပါဘူး။
ဒီလို တကယ်သိ နေတဲ့ အတွက် ခံစားမှုကို ငါကောင်လို့ ထင်မြင်စွဲလန်းခဲ့တဲ့ အယူမှားကိုလည်းပယ်ဖျောက်နိုင်တယ်။ "ပယ်ဖျောက်" ဆိုတာ ကတော့အလင်းရောင် ပေါ်လာတော့ အမှောင်ပျောက်သွားတာမျိုးပဲ၊ "အမှန်အတိုင်းသိလိုက်တာနဲ့ မူလကရှိနေတဲ့ အသိမှာ အထင်မှားတွေ အလိုလို ပျောက်သွားတာ"ကိုပဲ ဆိုလိုပါတယ်။
ဒါကြောင့်ရှုမှတ်ပြီးသိနေတဲ့ ယောဂီရဲ့ ဒီသမ္ပဇဉ်အသိ ဟာ ကမ္မဋ္ဌာန်းလည်းဖြစ်ပါတယ်။ ဒီလိုအသိကိုပဲ ရည်ရွယ်ပြီးတော့မြတ်စွာဘုရားကချမ်းသာရင် "ချမ်းသာတယ် ချမ်းသာတယ်" လို့ရှုမှတ်ပြီးသိဖို့ ဟောတော်မူတာပါပဲတဲ့။
အဲယခုပြောခဲ့တာဟာ အဋ္ဌကထာဆရာရဲ့ ဖြေရှင်းချက်ပါပဲ။ ကဲရှင်းကြရဲ့ မဟုတ်လား။ မရှင်းသေးရင်လည်း ကိုယ်တိုင်သာ အားထုတ် ကြည့်ကြပေတော့။ အားထုတ်ကြည့်လို့ ကိုယ်တိုင်တွေ့တဲ့အခါကျတော့ အဲဒီ ကိုယ်တိုင်တွေ့ အသိယုံမှားတွေဝေမှု ကို ရှင်းလင်း သုတ်သင်သွားပါလိမ့်မယ်။
ဟော- အချိန်က ကုန်သွားပြီ။ ဟောစရာတွေ ကတော့ အများကြီးပဲ ကျန်သေးတယ်။ ယခုဟောခဲ့တဲ့ ဝေဒနာ ၉-ပါးရှိတဲ့အနက်က သုခဝေဒနာ လောက်သာ ပြီးခဲ့သေးတယ် ဝေဒနာ ရှစ်ပါးတောင် ကျန်သေးတယ်။ ဒီလိုကျန်နေတာတွေကိုတော့နောင်အခွင့်သာတဲ့ အခါကျမှ ဆက်ပြီးဟောရတော့မှာပဲ။ ယခုတော့ ဒီဝေဒနာ နုပဿနာ တရားတော်ကို ပထမပိုင်းအဖြစ်နဲ့ ဒီတင်ပဲ အဆုံးသတ်ကြစို့။
ယခုပြောခဲ့တဲ့ နည်းအမြွက်နှင့်အညီ ဝေဒနာနုပဿနာ လုပ်ငန်းစဉ်ကို မှန်ကန်စွာအားထုတ်နိုင်ကြ၍ ဆင်းရဲ ခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သောနိဗ္ဗာန် တရားတော်မြတ်ကို မဂ်ဥာဏ်ဖိုလ်ဥာဏ်တို့ဖြင့်လျင်မြန်စွာဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။
ဝေဒနာနုပဿနာတရားတော်ပထမပိုင်းပြီး၏။
www.mahasidhamma.com
No comments:
Post a Comment