Thursday, February 27, 2014

" ဥပုသ်အဓိပ္ပါယ် နှင့် ရှစ်ပါးသီလ- ကိုးပါးသီလ အကြောင်း”

" ဥပုသ်အဓိပ္ပါယ် နှင့် ရှစ်ပါးသီလ- ကိုးပါးသီလ အကြောင်း” ************************************************* ဥပုသ်နှင့်ပတ်သတ်တဲ့ အကြောင်းအရာလေးက နည်းနည်းရှင်းပြပါ့မယ်။ ဥပုသ်ဆိုတာ “ဥပေါသထ” ဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ (ဥပ) ဆိုတာက ညစာမစားခြင်း၊ သူ့အသက်ကို မသတ်ခြင်းဆိုတဲ့ အကျင့်ကောင်းတွေနဲ့ ပြည့်စုံပြီး (ဝသထ) ဆိုတာက နေတာ။ နှစ်ခုပေါင်းလိုက်တော့ ဥပဝသထ- ဥပေါသထ=ဥပုသ်ဆိုတာ ညစာမစားခြင်း၊ သူ့အသက်မသတ်ခြင်းစသော အင်္ဂါရှစ်ပါးနဲ့ပြည့်စုံတဲ့ အကျင့်ကောင်းသီလတွေနဲ့ ပြည့်စုံပြီး စောင့်စည်းနေထိုင်တာကို ဥပုသ်စောင့်ခြင်းလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဒါက ဥပုသ်ရဲ့ အဓိပ္ပါယ်ပါ။

နောက်တစ်ချက်က ဥပုသ်ဆိုတာကို လဆန်း(၈)ရက်၊ လဆုတ်(၈)ရက်၊ လပြည့် လကွယ်နေ့တွေမှာသာ စောင့်ထိန်းအပ်သ ည်မဟုတ်သေး၊ မည်သည့်နေ့မဆို စောင့်ထိန်းလိုကစောင့်ထိန်းနိုင်ကြောင်း မဟာသုဒဿနသုတ်မှာ ဖွင့်ပြထားပါတယ်။ ဒီလိုဖွင့်ပြထားခြင်းကြောင့် ဘယ်နေ့မှာမဆို ဥပုသ်စောင့်နိုင်ပါတယ်။ သဘာဝကျကျစဉ်းစား ကြည့်မယ်ဆိုရင်လည်းကုသိုလ်ကောင်းမှု ပြုခြင်းလို့ ခေါ်တဲ့ ဥပုသ်စောင့်ထိန်းခြင်းဟာ ဥပုသ်နေ့ဥပုသ်စောင့်မှ ကုသိုလ်ရတယ်၊ ဥပုသ်နေ့ မဟုတ်တဲ့နေမှာဆို ဥပုသ်စောင့်ရင် ကုသိုလ်မရဘူးလို့မဖြစ်သင့်ပါဘူး။ဒါကြောင့် ဥပုသ်ကို ဘယ်နေ့မဆို စောင့်သုံးနိုင်တယ်လို့ မှတ်သားထားရပါမယ်။

နောက်တစ်ချက် ဥပုသ်သီလကို မြတ်စွာဘုရားရှင်ထံတော်မှောက်၌ဖြစ်စေ၊ ရဟန်းတစ်ပါးပါး ထံတော်၌ ဖြစ်စေ၊ ဆယ်ပါးသီလနားလည် တတ်ကျွမ်းတဲ့ မိမိထက် အသက် ဂုဏ်ဝါ သိက္ခာ သီလ သမာဓိ ပညာ ကြီးမြတ်ကြတဲ့ လူပုဂ္ဂိုလ်ထံ၌ဖြစ်စေ ဆောက်တည်နိုင်ပါတယ်။ ပါဠိတော်တွေ ဆိုလို့မတတ်ရင်လည်း မြန်မာပြန်သက်သက် ဆောက်တည်နိုင်သေး၏။ ရဟန်းတော်များရှားပါးတဲ့နေရာေ ဒသများမှာဆိုရင်တော့ မြတ်စွာဘုရားထံေ တာ်၌ပင်ဆောက်တည်နိုင်ပါ၏။ ရဟန်းသံဃာတော်တွေရှေ့မှာဆိုရင်တော့ ရဟန်းတော်များကတိုင်ကြားပေးပြီးဆောက်တည်စေတာကြောင့် မိမိသီလအပေါ် ပိုဂရုစိုက်တာပေါ့။ သြော်..ဆရာတော်တွေဆီမှာ (အာမဘန္တေ) ခံလာခဲ့တာပဲဆိုပြီး တော်ရုံ တန်ရုံ သီလကျိုးဖို့တွေ့လာပေမယ့် မကျိုးအောင် ဇွဲတင်းပြီးထိန်းသိမ်းဖြစ်တာပါ။ ဒါကြောင့် ဥပုသ်သီလကို ပါဠိလိုမရလျှင် မြန်မာပြန်သက်သက်သော်လည်းကောင်း၊ ရဟန်းတော်များရှားပါးတဲ့အရပ်ဒေသများမှာ မြတ်စွာဘုရားထံတော်၌လည်းကောင်း၊ ဆယ်ပါးသီလ တတ်ကျွမ်းတဲ့ သီလ သမာဓိ ပညာကြီးမြတ်တဲ့ လူပုဂ္ဂိုလ်ထံ၌လည်းကောင်း၊ ရဟန်းတော် တစ်ပါးပါးထံ၌သော်လည်းကောင်း ဆောက်တည်နိုင်ပါ၏။

နောက်ဆုံးအချက် “ဗုဒ္ဓဘာသာမှာ တစ်ပါးသီလ ရှိသလား”ဟုမေးကြ၏။ဗုဒ္ဓဘာသာမှာ “တစ်ပါးသီလ၊ နှစ်ပါးသီလ၊ သုံးပါးသီလ၊ လေးပါးသီလဟု”ဘုရားဟောပါဠိတော်များမှာ မတွေ့ရပါ။ သို့ရာတွင် “တစ်ပါးတတ်နိုင်လျှင် တစ်ပါး၊နှစ်ပါးတတ်နိုင်ရင်နှစ်ပါး၊ စသည်ဖြင့် စောင့်သုံးနိုင်ကြောင်း အဋ္ဌကထာကျမ်းများမှာ ဖွင့်ဆိုထားသည့်အတွက် တစ်ပါးသီလ၊ နှစ်ပါးသီလ အဖြစ်ဖြစ်ဖြင့် စောင့်ကောင်းပါသည်။” တစ်ပါးသီလ၊ နှစ်ပါးသီလ စသည်ဖြင့် မြတ်စွာဘုရားရှင် မဟောကြားခဲ့သော်လည်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ သိက္ခာပဒဝိဘင်းအဖွင့်၌”လူဝတ်ကြောင်များမှာ သီလခံယူပြီးနောက် ကျူးလွန်သည့် သိက္ခာပုဒ် သာ ပျက်၏။ ကျန်သိက္ခာပုဒ်များမပျက်။ အကြောင်းမှာ လူများသည် သီလမမြဲကြ၊ အမြဲစောင့်နိုင်မှ စောင့်ရမည့် သီလမရှိသည့်အတွက်ကြောင့် ဖြစ်သည်။ စောင့်နိုင်သမျှ သိက္ခာပုဒ်ကိုသာ စောင့်ထိန်းကြသည်”ဟု မိန့်ဆိုထား၏။ အဓိပ္ပာယ်မှာ ရှင်သာမဏေတို့မှာ ဆယ်ပါးသီလကို အမြဲစောင့်ထိန်းကြရ၏။ သိက္ခာပုဒ် တစ်ပါးပျက်လျှင် ဆယ်ပါးလုံးပျက်သွားကာရှင်သာမဏေ မဟုတ်တော့သည့်အတွက် ရှင်သာမဏေများ၌ ဆယ်ပါးသီလ အမြဲရှိရသကဲ့သို့လူဝတ်ကြောင်များမှာ “သီလရှိမှ လူဖြစ်မယ်။သီလမရှိရင် လူမဖြစ်”ဟု အမြဲစောင့်ထိန်းရမည့် သီလမရှိဟု ဆိုလိုပေသည်။ ဤအဋ္ဌကထာ အဆိုအမိန့်အရ လူဝတ်ကြောင်များ သည် ဆယ်ပါးသီလကို မဆိုထားနှင့် ငါးပါးသီလကိုပင် တတ်နိုင်သမျှ စောင့်ရမည်။ ငါးပါးလုံးကို မစောင့်နိုင်ဘဲ တစ်ပါး၊နှစ်ပါးသာ စောင့်ထိန်းလျှင်လည်းငါးပါးလုံး မပြည့်၍ မစောင့်ကောင်း၊ စောင့်သော်လည်းကုသိုလ်မရ၊ သီလမဖြစ်ဟု မဆိုနိုင်ပါချေ။ ငါးပါးမပြည့်ဘဲ စောင့်နိုင်သမျှ စောင့်ရာမှာ ကုသိုလ်လည်းရ၏။ သီလအစစ်လည်းဖြစ်၏ ဟု မှတ်ယူရမည်။ ဆက်၍ဆိုပါဦးမည်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာ “ ပရိယန္တပါရိသုဒ္ဓိသီလ”(ပိုင်းခြားဆောက်တည်၍ စင်ကြယ်သောသီလ) ဟူသောပုဒ် ကို အဋ္ဌကထာဖွင့်ဆိုရာ၌ ပိုင်းခြားဆောက်တည်၍ စင်ကြယ်သောသီလသည် (၁)။ သိက္ခာပုဒ်အပိုင်းအခြား( သိက္ခာပဒ ပရိယန္တ) (၂)။ ကာလအပိုင်းအခြား (ကာလပရိယန္တ) ဟု နှစ်မျိုးရှိ၏။ ထို့တွင် သိက္ခာပုဒ်အပိုင်းအခြားဆိုသည်မှာ ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် အလိုရှိရာ ဆောက်တည်ရိုး အစဉ်အတိုင်း သိက္ခာပုဒ်တစ်ပါးသော်လည်းကောင်း၊ နှစ်ပါးသော်လည်းကောင်း၊ သုံးပါးသော် လည်းကောင်း၊လေးပါးသော်လည်းကောင်း၊ ငါးပါးသော်လည်းကောင်း၊ ရှစ်ပါးသော်လည်း ကောင်း၊ ဆယ်ပါးသော်လည်းကောင်း၊ စောင့်ထိန်းကြကုန်၏။ သိက္ခမာန်၊ သာမဏေယောက်ျားသာမဏေမိန်းမတို့မှာမူ ဆယ်ပါးသော သိက္ခာပုဒ်တို့ကု ဆောက်တည်ကျင့်သုံးကြ၏ဟု ဖွင့်ဆိုထားသည်။

ဤအဋ္ဌကထာဖွင့်ဆိုချက်အရလည်း လူဝတ်ကြောင်တို့သည် သိက္ခာပုဒ်တစ်ပါး ကိုပဲဖြစ်ဖြစ်၊ နှစ်ပါး၊ သုံးပါး၊လေးပါး၊ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးကိုပဲဖြစ်ဖြစ်ဆောက်တည်ပြီးလုံလုံခြုံခြုံေ စာင့်ထိန်းနိုင်လျှင် သိက္ခာပဒပရိယန္တ ပါရိသုဒ္ဓိသီလ( သိက္ခာပုဒ် အပိုင်းအခြားရှိ၍ စင်ကြယ်သောသီလ) အမှန်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာမှာ တစ်ပါးသီလ၊နှစ်ပါးသီလ၊ သုံးပါးသီလ၊လေးပါးသီလဟူ၍မရှိ။ ငါးပါးသီလသာ ထင်ရှားရှိစေကာမူ ငါးပါးလုံး ဆောက်တည်နိုင်မှ ဆောက်တည်ကောင်း၊ စောင့်ထိန်းကောင်းသည်မဟုတ်၊ တစ်ပါးတတ်နိုင်လျှင်တစ်ပါး၊နှစ်ပါးတတ်နိုင်လျှင် နှစ်ပါး၊ သုံးပါးတတ်နိုင်လျှင် သုံးပါး၊ လေးပါးတတ်နိုင်လျှင် လေးပါး ဆောက်တည်ကျင့်သုံးကောင်းကြောင်း မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးဆုံးဖြတ်တော်မူထား၏။ထို့ကြောင့် ဗုဒ္ဓဘာသာမှာ တစ်ပါးသီလဟူ၍ကားမရှိ။ သို့သော် စောင့်ထိန်းလိုလျှင် စောင့်ကောင်း၏။ ကုသိုလ်လည်းရ၏ သီလလည်းဖြစ်၏။

တစ်ထိုင်သီလ၊ ကျောင်းနေသီလ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၊ သီလမယဥာဏနိဒ္ဒေသ အဖွင့်မှာလည်းကာလအပိုင်းအခြားရှိသည့် သီလ (ကာလပရိယန္တ)သီလဆိုသည်မှာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်လေ့ရှိကြသော ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် အလှူလှူဒါန်းကြသည့်အခါ မိမိကျွေးမွေးလှူဒါန်းသည့်အချိန်တွင်း ပိုင်းခြား၍ သီလကို ဆောက်တည်ကြကုန်၏။(ယခုခေတ်၊ တစ်ထိုင်သီလဟု ပြောဆိုနေကြသည့် သီလမျိုးဖြစ်၏။) ဘုန်းတော်ကြီးများကျောင်းသို့ သွားရောက်ကြသောအခါ ကျောင်းမှ မပြန်မီ အတောအတွင်းသီလကို ဆောက်တည်ကြကုန်၏ ။( ကျောင်းမှာနေသည့် ကာလအပိုင်းအခြား ဆောက်တည်သော သီလမျိုးဖြစ်၏။) တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ ထိုထက်များသောရက်တို့ကို ညဥ့်နေ့ပိုင်းခြားပြီးဆောက်တည်ကြ၏။ ဤသို့စွမ်းနိုင် သမျှ အချိန်ကာလကို ပိုင်းခြားသတ်မှတ်၍ ဆောက်တည်သော သီလမျိုးဖြစ်သည်။) ဤအဋ္ဌကထာကျမ်း၏ အဆိုအမိန့်အရ တစ်နေ့လုံး မဟုတ်ဘဲသံဃာတော်များကို အိမ်သို့ပင့်ပြီး လှူဒါန်းနေ သည့် အချိန်ပိုင်း၌ဖြစ်စေ၊ ကျောင်းသို့သွားသည့်အခါကျောင်းမှနေသရွေ့ အချန်ပိုင်း၌ဖြစ်စေ၊သီလစောင့်သုံးနိုင်ကြောင်း၊ ကာလပရိယန္တသီလမျိုးဖြစ်ကြောင်း သိသာထင်ရှားသည့်အတွက် ညဘက်မှာ ပိုင်းခြားသတ်မှတ်ပြီး ဆောက်တည်လိုကလည်း ဆောက်တည်နိုင်၏။ ထို့ကြောင့် “ဥပုသ်နေ့မှာ ညစာမစားဘဲ မနေနိုင်သေးသည့် ကလေးသူငယ်များ၊ အစာအိမ်ရောဂါအခံရှိသူများကို နံနက်ပိုင်းအတွက် ကာလသတ်မှတ်ကာ ဥပုသ်သီလဆောက်တည်စေကောင်းသည်”ဟု ဆရာတော်ကြီးများမိန့်ဆိုတော်မူခြင်း ဖြစ်သည်။ မြတ်သည့်အကျင့်ကို တစ်နေ့လုံးကျင့်မှ ကုသိုလ်ရမည်။အချိန်တစ်စိတ်တစ်ပိုင်းကျင့်လျှင် ကုသိုလ်မရဟု မဆိုနိုင်။ကျင့်နိုင်သမျှ ကုသိုလ်ရသည့်အတွက် ဆရာတော်ကြီးများ၏ မိန့်ဆိုချက်အတိုင်း စွမ်းနိုင်သမျှ အချိန်ပိုင်းဖြင သီလဆောက်တည် ကျင့်သုံးကောင်းသည်ဟု အသိပေးရေးသားလိုက်ရပါသည်။

ရှစ်ပါးသီလ(ကိုးပါးသီလ)တောင်းခြင်း အဟံဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္တွာဂတံ(နဝင်္ဂ သမန္တွာဂတံ) ဥပေါသထ သီလံဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။ ဒုတိယမ္ပိ။ ။အဟံဘန္တေ…… ဒေထ မေ ဘန္တေ။ (ဆက်ဆိုရန်) တတိယမ္ပိ။ ။အဟံဘန္တေ…….ဒေထ မေ ဘန္တေ။ (ဆက်ဆိုရန်) ဘုန်းကြီး။ ။ယမဟံ ဝဒါမိ တံဝဒေထ။ လူများ ။ ။အာမ ဘန္တေပါဘုရား။

ဘုရားရှိခိုးခြင်း နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်) သရဏဂုံဆောက်တည်ခြင်း။ ဗုဒ္ဓံသရဏံဂစ္ဆာမိ။ ဓမ္မံ သရဏံဂစ္ဆာမိ။ သံဃံ သရဏံဂစ္ဆာမိ။ (ဒုတိယမ္ပိ။ တတိယမ္ကိ) ဘုန်းကြီး။ ။တိ သရဏ ဂမနံပရိပုဏ္ဏံ။ လူများ ။ ။အာမ ဘန္တေပါဘုရား။

ရှစ်ပါးသီလ၊(ကိုးပါးသီလ) ဆောက်တည်ခြင်း ၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ (သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။)

၂။ အဒိန္တွာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ (သူတစ်ပါးပစ္စည်းခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏)

၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏)

၎။ မုသာဝါဒါဝေရမဏိ သိက္ခာပဒံသမာဓိယာမိ။ ( လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ပါ၏)

၅။ သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံသမာဓိယာမိ။ (သေရည် သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏)

၆။ ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( နေ့လွဲညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏)

၇။ နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံသမာဓိယာမိ။ (ကခြင်းသီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင်ကြည့်ရှုခြင်း ပန်းနံ့သာ နံ့သာပြောင်းကို လိမ်းကျံခြင်းမှ ရှောင်ကြဉ်ပါ၏)

၈။ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ပါ၏)

၉။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရာမိ။ (မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် အလုံးစုံများစွာ သတ္တဝါတို့၌ ပျံ့နှံ့စေ၍ နေပါမည်။

မှတ်ချက်။ ။ရှစ်ပါးသီလကို လုံခြုံအောင် စောင့်ထိန်း၍ မေတ္တာတရားကို ပွားများနေလျှင် ထိုသူသည် နဝင်္ဂဥပုသ်(ကိုးပါးသီလ)ကို ကျင့်သုံးနေထိုင်သူဖြစ်တော့၏။ မေတ္တာသည် ဘာဝနာဖြစ်၏။ သီလကိုသာ ဆောက်တည်ရသည်။ဘာဝနာဟူသည် မပြတ်ပွားများရသော တရားမျိုးဖြစ်တော့၏။ သို့ဖြစ်၍ နဝင်္ဂဥပုသ်ကို ကျင့်သုံးလိုသော ပုဂ္ဂိုလ်သည် မေတ္တာအတွက် သိက္ခာပုဒ်တစ်ခု ပြုလုပ်၍ ဆောက်တည်ရန်မလို၊ထို့ကြောင့် မြတ်စွာဘုရားရှင်ကသမာဒိယာမိဟူသောပုဒ်ကို ထည့်၍ဟောတော်မမူ၊ရိုးရိုးရှစ်ပါးသီလကို ဆောက်တည်ပြီးနောက်မှ မေတ္တာတရားကို စွမ်းနိုင်သမျှ ပွားများအားထုတ်နေလျှင် အင်္ဂါကိုးပါရှိသော နဝင်္ဂ (ကိုးပါးသီလ)ဥပုသ်ကို ကျင့်သုံးပြီးဖြစ်ကြောင်း မှတ်အပ်၏။ သံဃာ။ ။တိသရဏေန သဟ အဋ္ဌင်္ဂသမန္တွာဂတံ ဥပေါသထ သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။ လူများ ။ ။အာမ ဘန္တေပါအရှင်ဘုရား။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: