Monday, February 24, 2014

နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း

ိနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း

တို့တစ်တွေ အတွယ်အတာ ရှိနေသေးသမျှ နိဗ္ဗာန်ကို မရောက်နိုင်သေးဘူးလို့ မှတ်ရမယ်။ အတွယ်အတာ ကင်းပြတ်သွားပြီဆိုရင် တို့တစ် တွေနိဗ္ဗာန် ရောက်ပြီလို့၊ အေးတချို့က အဲလိုကျ တော့ပြောကြလိမ့်မယ်။ “တပည့်တော်ဘယ်သူမှ မတွယ်တာတော့ပါဘူး၊ သားသမီးတွေအပေါ်လဲ မတွယ်တာဘူး၊ ပစ္စည်းဥစ္စာလဲ မတွယ်တာဘူး၊ အားလုံးစွန့်လွှတ်ထားပြီ။ ”ဒီလိုပြောကောင်းပြော လိမ့်မယ်။ တွယ်တာမှုဆိုတာတစ်ခုပြီးတစ်ခုလိုက် တွယ်နေတာနော်၊ လွတ်သွားတယ်ရယ်လို့မရှိဘူး၊ သားသမီးမရှိလို့ သား သံယောဇဉ်မရှိဘူး၊ သမီး သံယောဇဉ်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်က တစ်ခုခုသွားပြီး တော့သံယောဇဉ်ရှိသေးတာပဲ။ တဏှာရှိနေသေး တဲ့ပုဂ္ဂိုလ်ဟာမတွယ်လို့ကိုမရဘူး။ တွယ်နေသေး တာပဲ။ နောက်ဆုံးဘယ်သူ့တွယ်တုန်းဆိုရင်ကိုယ့် ကိုယ်ကိုပြန်တွယ်နေတယ်။

အဓိကကတော့လူတွေဟာ အတွယ်အတာဟာ ဘယ်အပေါ်မှာ အားအကြီးဆုံးတုန်း ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုပေါ်တွယ်တာတာ အားအကြီးဆုံးပဲ တဲ့။“အတ္တသမံ ပေမံနတ္ထိ” အဲဒါကြောင့်မို့လို့မြတ်စွာ ဘုရားကဟောတယ်။ “ကိုယ့်ကိုယ်ကိုပေါ်မှာတွယ် တာတာလောက် တခြားတွယ်တာမှုကမရှိနိုင်ဘူး” တဲ့။ ကိုယ့်ကိုယ်ဟာလောကမှာအချစ်ဆုံးပဲ။ သား သမီးချစ်တယ်တို့ တခြား ပစ္စည်း ချစ်တယ်ဆိုတာ ကိုယ့်အတွက်ချစ်ကြတာ။ ထင်ကြတယ်သူ့အတွက် လို့ထင်တယ်။ မဟုတ်ဘူး ကိုယ့်အတွက်၊ ဘယ်လို ကိုယ့်အတွက်တုန်းလို့ဆိုတော့ ဒီသား ဒီသမီး ဒီ ပစ္စည်း ဒီဥစ္စာ ဒီပုဂ္ဂိုလ်နဲ့ နေရလို့ရှိရင် စိတ်ချမ်းသာ နေတယ်။ အဲဒီစိတ်ချမ်းသာမှုလေးကိုချစ်ခင် နေတာ။ အဲဒီစိတ်ချမ်းသာမှုကဘယ်သူ့ရဲ့စိတ်ချမ်းသာမှုလဲဆို တော့ ကိုယ့်ရဲစိတ်ချမ်းသာမှုပဲ။ သူတို့ရဲ့စိတ်ချ မ်းသာ မှုမဟုတ်ဘူး။

ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုနှောက်ယှက်ဖျက်ဆီးလာ လို့ရှိရင် ဘယ်သူ့မှလက်မခံတော့ဘူး။ ချစ်လှပါတယ် ဆိုတဲ့သားတည်း အမွေပြတ်ကြေငြာတာပဲ။ ချစ်လှပါ တယ်ဆိုတဲ့သမီးလည်း အမွေပြတ်ကြေငြာတာပဲ။ ဘာဖြစ်လို့တုန်းဆိုတန်ဖိုးထားတဲ့ကိုယ့်ရဲ့ နှစ်သက်မှု ကျေနပ်မှု ပျော်ရွှင်မှုလေးကို ပျက်စီးအောင်လုပ်လို့ မချစ်နိုင်တော့ဘူး။ တကယ့်အနှစ်သာရကိုကြည့်မယ် ဆိုရင် လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ ဟုတ်တယ်။

နောက်ဆုံးမှာတွယ်တာမှုကဘယ်အထိသွားတုန်းဆို လို့ဆိုရင် အတွယ်အတာဟာ အာရုံတွေကာမဂုဏ် တွေ တစ်ခုပေါ်မှ မတွယ်တော့ပါဘူး။ ဘ၀လည်း မတွယ်တော့ဘူး ဆိုလို့ရှိရင် ဘာသွားတွယ်နေတုန်း ဆိုရင်ကိုယ်ရထားတဲ့ တရားဓမ္မအပေါ်မှာသွားတွယ် နေတယ်။ အဲဒါကို “ဓမ္မရာဂ ဓမ္မနန္ဒီ”လို့ခေါ်တယ်။ အဲဒီဓမ္မအပေါ်မှာတွယ်တဲ့အရာကိုပါတွယ်တာမှု အား လုံးကိုလုံးဝစွန့်လွှတ်လိုက်ပြီဆိုတဲ့အခါကျတော့ “အ တွယ်အတာလွတ်ခြင်းသည်ပင် ဘ၀ကလွတ်မြောက် ခြင်းပဲ၊ အတွယ်အတာရှိနေခြင်းသည် ဘ၀၌ရှိနေခြင်း ပဲ””ဒီလိုမှတ်ရမယ်။ အဲဒီတော့နိဗ္ဗာန်ဆိုတာ အတွယ် အတာက လုံးဝလွတ်သွားတယ်ခေါ်တယ်ပေါ့။

“ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ” နိဗ္ဗာန်ကိုသိနို င်တာ ဘာနဲ့သိနိုင်လဲဆိုလို့ဆိုရင် မဂ်ဉာဏ်လေးပါးနဲ့မှ သိနိုင် တယ်။ ပကတိမျက်စိနဲ့နိဗ္ဗာန်ကိုမြင်လို့မရဘူး။ သာမာန် ဉာဏ်ကလေးနဲ့လည်းနိဗ္ဗာန်ကိုမြင်လို့မရဘူး။ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတာ ကိုယ်တွေ့ သိတာကိုပြော တာ။ ကိုယ့်ရဲ့မျက်စိအောက် ဆိုတဲ့သဘောမျိုး၊ မျက်စိ အောက်ဆိုတဲ့အထဲမှာ မျက်မှောက်ပြုတယ်ဆိုတဲ့အဓိ ပ္ပါယ်ကကိုယ်တိုင်မြင်တယ်၊ ကိုယ်တိုင်ကြားတယ်၊ ကိုယ်တိုင်အနံ့ရတယ်။ ဒီလိုဟာမျိုးကို မျက်မှောက်လို့ ခေါ်တယ်။ ကိုယ်တွေ့သိတာ။

အဲဒီတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဆိုတာ ဉာဏ်နဲ့ မှမျက်မှောက်ပြုနိုင်တာ။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဆိုတာနဲ့ သာမာန်စိတ်တွေနဲ့ မျက်မှောက်ပြုလို့မရဘူး။ မသိနိုင်ဘူး။ နိဗ္ဗာန်ကိုလက်လှမ်းမမှီဘူးပေါ့။ နိဗ္ဗာန်ကို မျက်စိနဲ့ကြည့်လို့မရဘူးလို့ဒီလိုပြောတာ။ ဉာဏ်ဆိုတဲ့ နေရာမှာလည်းပဲ သာမာန်ဉာဏ်နဲ့နိဗ္ဗာန်ကိုမျက်မှောက် မပြုနိုင်ဘူးတဲ့။ ဒါကြောင့် “စတုမဂ္ဂ ဉာဏေန သစ္ဆိကာ တဗ္ဗံ”“မဂ်ဉာဏ်လေးပါးနဲ့မှ မျက်မှောက်ပြုနိုင်တယ်။”

ဒေါက်တာနန္ဒမာလာဘိဝံသ အဘိဓမ္မာမြတ်ဒေသနာ

No comments: