Sunday, December 15, 2013

ဒိဋ္ဌိ ဖြုတ်ရန် အရေးကြီးသောအချက် သောတာပန်တည်ရန် အင်္ဂါ၎ပါး

ိဒိဋ္ဌိ ဖြုတ်ရန် အရေးကြီးသောအချက် သောတာပန်တည်ရန် အင်္ဂါ၎ပါး


၁။သစ္စာတရားဟောပြနိုင်သောဆရာကောင်း ကိုရှာဖွေရမည်။(သပ္ပုရိသ သံသေဝ )


၂။တရားများကိုနာယူရမည်၊ (သဒ္ဓမ္မသဝန)


၃။နှလုံးသွင်းမှန် အောင်ဆင်ခြင်နိုင်ရမည်။( ယောနိသောမနသီကာရ )


၎။လောကုတ္တရာတရား၉ ပါး အားလျော်သောအကျင့်ကို ကျင့်ရမည်။ ( ဓမ္မနုဓမ္မပဋိပတ္တိ )


၁။သစ္စာတရားဟောပြနိုင်သောဆရာကောင်း ကိုရှာဖွေရမည်။(သပ္ပုရိသ သံသေဝ )


သစ္စာတရားဟောတတ်သောဆရာသမားကောင်း ရှိခြင်း၊ တွေ့ခြင်းသည် အလွန်အရေးကြီးလှ သည်၊


သစ္စာတရားများကို ခန္ဓာဥာဏ်ရောက်အောင် သင်ပြပေးနိုင်သောဆရာကောင်း အရိယာသူတော်ကောင်းများ ထံမှ အဖိုးမဖြတ်နိုင် သည့် အဆုံးအမစကားများသည် သိမ်မွေ့နက်ရှိုင်း ခက်ခဲလှသောငါယောင်ယောင်အယူမှားအမှတ်မှား အထင်မှားအစွဲမှားများကို အချိန်တိုတိုအတွ င်းမှာ အမြင်မှန် လမ်းမှန်သို့လျှောက်စေ ရောက်စေနိုင်သည်၊


ယထာဘူတံဥာဏာယ သတ္တာပရိယေသိတဗ္ဗာ-ယထာဘူတဥာဏ်ရနိုင်ဘို့ ရန် ဆရာမှန်ရှာအပ်သည်ဟု မြတ်စွာဘုရားသည် ၄၄-ကြိမ်တိုင်တိုင် သတိပေးတော်မူခဲ့ သည်၊


ဆရာသမားကောင်း၊ မိတ်ဆွေကောင်းရှိခြင်း၊ ထိုထိုဆရာသမားတို့၏စောင့်ရှောက်မှုကိုခံရခြင်း၊ အဆုံးအမစကားများနာကြားရခြင်းသည် အရိယာမဂ်ဆိုက်ဘို့ရန် နိဗ္ဗာန်ရောက်ဘို့ ရန် ၁၀၀% ရာနှုန်းပြည့်သေချာသည်ဟု မြတ်စွာဘုရားမိန့်ကြားခဲ့ သည်၊


ဘဝသံသရာကြီးမှ လွတ်မြောက်ဘို့ရန် ဆရာကောင်းရှိရမည်၊ဆရာကောင်း၏အဆုံးအမများသည် နိဗ္ဗာန်အမြင်ရနိုင်ဘို့ ရာဦးတည်လျက် သုတမယဥာဏ်( သုတ =ကြားခြင်း မယ = ပြီးမြောက်ခြင်း)အကြားအမြင်နှင့် ပြီးမြောက်သော ဥာဏ်ကို အချိန်တိုတိုအတွင်း၌ပင်ဖြစ်စေနိုင်သည်၊


ဥပမာ-အာရုံ ဒွါရတိုက်၍ ပေါ်လာသမျှသော စိတ် (သဘောခန္ဓာများ) သည် ချက်ခြင်းပင်ပျက်စီးသွားသဖြင့် ( အနိစ္စ)မမြဲ၊ ( ဒုက္ခ) ဆင်းရဲမှုသက်သက်၊ ဒုက္ခသစ္စာ၊ သူ့ သဘောသူဆောင်ကိုယ်မပိုင်သော (အနတ္တ) ဓာတ်သဘောမျှသာဖြစ်သည်ဟု အဖိုးမဖြတ်နိုင် သောသစ္စာဆိုက်တရားပြောပြ ဟောပြသော ဆရာ့စကားများကို မှတ်သားလိုက်ရုံနှင့် ကိလေသာများ တစတစ ခန်းခြောက်ရတော့ မည့် ပါရမီရှင်ဖြစ်ကြ ရပေမည်၊


သပ္ပုရိသသံသေဝ (ဒိဋ္ဌိပြုတ်၊သစ္စာ ဆိုက်ခန္ဓာဥာဏ်ရောက်တရားများကိုဟောပြောပေးနိုင်သောဆရာ)ရှိပါက သံသရာမှ ၁၀၀ % လွတ်မြောက်ရန်သေ ချာပေသည်ဟုမှတ်ချက်ချလိုက်ပါ၊


၂။တရားများကို နာယူရမည်၊ (သဒ္ဓမ္မသဝန )


ဒိဋ္ဌိ ဖြုတ်တရားများ၊ သစ္စာဆိုက်တရားများကို နာကြားခြင်းသည်အဖိုးမဖြတ်နိုင်ေ သာတရားထူးရရန် အလွန်အရေးကြီးပေ သည်။


အဘိဓမ္မာကိုသင်ယူလေ့လာခြင်း၊ တရားနာခြင်းသည်လွန်စွာအကျိုးများပေသည်၊ ပညာဉာဏ်ကို ပို၍ ထက်သန်စေသည်၊


တရားနာ တရားအားထုတ်သည် ဆိုသည်မှာ အစာစားသကဲ့သို့ ၊ ခန္ဓာကိုယ်အတွက် အာဟာရသည်အထောက်အပံ့ တခုဖြစ်သဖြင့် ဆာလည်းစား၊ မဆာလဲစား၊ ကြိုက်လည်းစား ၊ မကြိုက်လည်းစား၊ စားချင်လည်းစား၊ မစားချင်လည်းစား ရမည်သာ၊ ထို့အတူ တရားနာခြင်းအလုပ်ကို နာချင်လည်းနာ၊ မနာချင်လည်းနာ သင့်သည်၊ တရားအားထုတ်ခြင်းကိုလည်း အားထုတ်ချင်လည်းထုတ်၊ အားမထုတ်ချင်လည်းထုတ်သင့်ပေသည်။


ဘုရားစကားများအဆုံးအမ များကို နားလည်အောင်ကြိုးစားသင်ယူရမည်၊ ဘုရားစကား အဆုံးအမများကိုတရားနာယူ ကျင့်သုံးမှသာ သိနိုင် နားလည်နိုင်သည်၊ လောကစကားတွေအားလုံးနားလည်လာမည်၊


အရိယာသူတော်ကောင်းများသည် ရုပ်ရယ်၊ နာမ်ရယ် ၊ တရားရယ်ထို သုံးဦးနှင့်သာ ပျင်းရိခြင်းမရှိ အဖော်ပြုနေ ကြသည်၊


ပုထုဇဉ်များ မကောင်မှုများလုပ်၊ မကောင်းသည်များေ ပြာ၊ မကောင်းမှုများကြံစည် နေကြခြင်းသည်မှာ အဆန်းမဟုတ်ပါ၊ သူတို့မကောင်းသည်မှာ ကိုယ်နှင့်မဆိုင်၊


ကိုယ့်အလုပ်သည်တရားရဘို့ ၊ တရားရှုမှတ်ဘို့ သက်သက်သာ၊ တရားနှင့် နေကာ တရားနှင့်ဖြေကာ လူ့ ဘဝခဏလေးမှာ ခန္ဓာအတွက်စီးပွားရှာရင်း၊ တရားရအောင်တရားနာ၊ တရားရှိအောင်တရား ရှုမှတ်ကြရမည်သာ၊


၃။ နှလုံးသွင်းမှန် အောင်ဆင်ခြင်နိုင်ရမည်။ ( ယောနိသော မနသီကာရ )


တရားနှင့် အိပ်စက်ခြင်း၊ တရားနှင့်နိုးထခြင်း၊ တရားနှင့်နေ့ စဉ် နေစဉ် မွေ့ပျော်ခြင်း သည် အပ္ပမာဒတရားမမေ့မလျော့တရားနှင့် နေခြင်းမည်၏၊


မည်သည့် ပုဂ္ဂိုလ်မဆို အဖိုးတန်လှသော သာသနာတွင်းကာလနှင့် ဆုံခိုက်၊ ကြုံခိုက် တရားအားထုတ်သင့်သည်။ တရားအားထုတ်ဘို့ ရန် အားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ ကြိုးစားရှုမှတ်သင့်သည်၊ သေချင်သည်ဖြစ်စေ ၊ မသေချင်သည်ဖြစ်ေ စ မုချမသွေသေကြရမည်သာ၊ သေချိန်ရောက်သော်မအားသေးဟုပြော၍ မရ၊


ဝိပဿနာတရားအားထုတ်သည် ဆိုသည်မှာ တရားကို အချိန်တိုင်းနှလုံးသွင်းနေရမည့် ”စိတ် ”အလုပ်သာဖြစ်သည်၊


သတိသည်အရေးအကြီးဆုံး၊ ထိတိုင်းထိတိုင်း သိသိနေ၊ သိတိုင်းသိတိုင်းဖြစ် ချုပ်ကာ မမြဲ ၊ ဆင်းရဲ၊ မခေါ်ဘဲ ပေါ်လာသောအာရုံများ မနှင်ဘဲ ပျောက်ပျောက်ကာ သွားကြသည်ကို မြင်အောင်ကြည့်ပါ၊


ဖြစ်လာကာ ပျောက်သွားသော အာရုံအားလုံးကို သိ သိ သိ သိ နေမှုသည် တရားရှုမှတ်ခြင်း မည်၏၊ တခြားလူသိစရာမလို။ ကိုယ်၏စိတ်အလုပ်ကိုယ်သာသိနေစေ၊ သတိမြဲစေ၊ ကြာကြာရှုနိုင်လေ ကိလေသာကြားမခိုလေပါဘဲ၊ ပေါ်တိုင်းပေါ်တိုင်း သိသိနေ၊ သိသိစိတ်ကို ဥာဏ်နဲ့ ကြည့်၊ မရှိတာတွေ့ တာဥာဏ်ကူတာ၊ သိတဲ့ စိတ်ကို ” ငါ ” မရောစေနဲ့၊ ဝိပဿနာတရားအားထုတ်ခြင်းသည် စိတ်ကိုပြု ပြင်သောအလုပ်၊ အဝတ်ပြောင်းစရာ၊ ဂူအောင်းစရာ မလို၊သွားရင်း၊ လာရင်း၊ ထိုင်ရင်း၊ ထရင်း၊ စကားပြောရင်း၊ အလုပ်လုပ်ရင်း ရသမျှအချိန် ရသလို သတိရှိကာ နှလုံးသွင်းနေရ န်သာ။


မြင်သည့်အပေါ် ကြားသည့်အပေါ် အနံ့ရသည့်အပေါ် စားသည့်အရသာအပေါ် ထိသည့်အပေါ် တွေးကြံသည့်အပေါ် သတိထား၊ သတိထားလျှင် တရားမြင်မည်၊ သတိမထားရင်အမှားဝင်မည်၊


၎။ လောကုတ္တရာ တရား၉ ပါး(မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်) အားလျော်သောအကျင့်ကို ကျင့်ရမည်။ ( ဓမ္မနုဓမ္မပဋိပတ္တိ )


သီလ၊ သမာဓိ၊ ပညာကိုလက်ကိုင်စွဲ၍ ဝိပဿနာဘာဝနာ ကိုနေစဉ်ရော၊ နေ့ စဉ်ပါ ရှုပွား ကျင့် သုံးရမည်၊


ခန္ဓာကသူ့ တရားသူပြမည်၊ ကြည့်တတ်ဘို့ကအဓိက၊ တရားအားထုတ်ရာ နည်းမှန် လမ်းမှန် အားထုတ်ပါက အတော်သက်သာသောအလုပ်ဖြစ်သည်။ အလွန်အေးချမ်းသောအလုပ်၊ အလွန်ငြိမ်းချမ်းသောအလုပ်ဟုမှတ်ယူ၍ ကျင့်သုံးသင့်ကြပေသည်၊


ခန္ဓာကပြသော အရှိ ( ရုပ်သဘော၊ နာမ်သဘော ) ကို အသိ ( ပညာဥာဏ် ) ဖြင့်ပစ္စုပ္ပန်တည့်တည့်တွင် သတိထားကြည့်နေရုံသာ၊


အပြင်မှာ လောကဓံများ မည်သို့ ပင်တိုက်ခိုက်ပါစေ၊ အတွင်း၌ တရားရှုမှတ်ရင်း အေးချမ်းအောင်နေ တတ်ရမည်၊၊ တရားသိအောင် တရားနာ၊ တရားရှိအောင်တရားရှု၊ တရားအားထုတ်ရင်း နေတတ်သူသည် အရှုတ်ထဲမှာ ရှင်းအောင်နေတတ် သူမည်၏၊


တရားသိမှတရားမြင်မှတရားရှိမှ တရားကျင့်မှ အကုသိုလ်ပယ်၊ ကုသိုလ်နှင့်ကယ်နိုင်ဆယ်နိုင်မည်၊ အရှုံးထဲမှ အမြတ်များရလာမည် ၊ လောကီတဘဝချမ်းသာထက် လောကုတ္တရာ တသံသရာလုံးမှာ ချမ်းသာမည့်ဝိပဿနာအလုပ်လုပ် ရခြင်းသည် သေချာပေါက်အကျိုးရှိမည်ကို တရားရှိ၊ တရားသိမှသာ အမှန်မြင်လာနိုင်သည်၊


စိန္တာမယဥာဏ် (စိန္တာ =ကြံခြင်း၊ မယ=ပြီးမြောက်ခြင်း )ကိုယ့်ခန္တာကိုယ်ကိုဥာဏ်ဖြင့်ကြည့်ကာ အကြံနှင့် အပြီးအစီးသို့ ရောက်သောဥာဏ်၊ ထိုဥာဏ်သည် ကိလေသာခန်းခြောက်ရုံသာမက ကိလေသာ ပျောက်စေသည်။ တရားနာလျှင်ကိလေသာ ခန်းခြောက်စေကာ ကိုယ်တိုင်တရားရှုမှတ်ပွား များလျှင် ကိလေသာတစတစ ပျောက်ကာ ဒိဋ္ဌိ၊ ဝိစိကိစ္စပယ်သတ်က အရိယာ သောတပန်ဖြစ်ပေမည်၊


ဆရာကောင်း၏သစ္စာဆိုက်တရားများလိုအပ်၍ အရေးကြီးသကဲ့သို့ မိမိကိုယ်လဲ ကောင်းအောင် ကိလေသာပျောက်တရားများ ရှုမှတ်ပွားများ နှလုံးသွင်းမှန်ဘို့ ရာအရေးကြီးပေသည်၊


အရေးကြီးသော ဆရာ ရော၊ ဒကာ ရော နှစ်ဦးစလုံးကောင်းပါက သာသနာကြီးဆိပ်ကွ ယ်ပျက်သုံး လိမ့်မည်မဟုတ်ပါ ၊ ဆရာ့စကားတသွေမသိမ်းလိုက်နာသော ဒကာ၊ဒကာမ များသည် သာသနာကြီးမပျက်စီး၊ မညစ်နွမ်းရလေအော င် သာသနာကို စောင့်ရှောက်သောသူများအဖြစ်အမြဲ ရပ်တည်နေနိုင်မည်သာ၊


ကိလေသာများကို စိတ်ဖြင့်ဖြတ်ရမည်၊ စိတ်ကို တရားဖြင့် ပြုပြင်ရမည်၊ တရားရှိအောင် တရားအားထုတ်ကြရမည်၊ တရားကသာ ကိလေသာကို ဖြတ်နိုင်၊ ပြတ်နိုင်အောင် လုပ်ပေးမည်သာ၊ အကုသိုလ်ကို ပယ်သတ်မည်သာ၊


(အရှင်ဝါသေဋ္ဌာဘိဝံသ)


No comments: