Friday, December 27, 2013

ပြောင်းလဲလာသော ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး (သို့မဟုတ်) အရှေ့တိုင်းပညာရေးအကြောင်း တစေ့တစောင်း

ပြောင်းလဲလာသော ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး (သို့မဟုတ်) အရှေ့တိုင်းပညာရေးအကြောင်း တစေ့တစောင်း.

“ပညာရေး ဝေးသည်မရှိ” ဟူသော အဝေးသင်တက္ကသိုလ်ဆောင်ပုဒ်ကဲ့သို့ “ပညာဆို အိုသည်မရှိ၊ ပညာကောင်း ဟောင်းသည် မရှိ” ဟု ဆိုချင်ပါ၏။ ရှေးဟောင်း ဘုန်းတော်ကြီး ပညာရေးဟု ဆိုသော်လည်း တကယ်တန်း ဘုန်းတော်ကြီးပညာရေးသည် အိုသွားသည်၊ ဟောင်းသွားသည်မရှိ၊ ယနေ့ခေတ်ထိ ကောင်းလျက်၊ အမြဲသစ်လွင် တောက်ပလျက်ရှိပေသည်။ ယနေ့တိုးတက်ပြောင်းလဲလာသော ခေတ်ကြီးတွင်လည်း ဘုန်းတော်ကြီးကျောင်းများတွင်သာမက ပြည်တွင်းပြည်ပ လောကီတက္ကသိုလ်များ၌ပင် ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး (သို့မဟုတ်) အရှေ့တိုင်းပညာရေးကို အထူးပြု သင်ကြားပေးလျက်ရှိ၏။

ဘုန်းတော်ကြီးကျောင်းများနှင့် လောကီတက္ကသိုလ်များတွင် သိလိုသူ စိတ်ဝင်စားသူများ သင်ယူလေ့လာနေသည့် ဘုန်းတော်ကြီးပညာ၊ အရှေ့တိုင်းပညာဘာသာရပ်ဆိုသည်မှာ ဗုဒ္ဓစကားတော်များကို မှတ်တမ်းတင်ထားသည့် ပါဠိနှင့် ဆက်စပ်သော ဘာသာများကို အထူးပြု သင်ကြားပေးသည့် ဘာသာရပ်ပင် ဖြစ်၏။ အထူးသဖြင့် ပါဠိစာပေ၏ မြစ်ဖျားခံရာ ဗုဒ္ဓသာသနာတော်၏ ဇစ်မြစ်မြေ၊ ဇာတိနယ်မြေ ဖြစ်သော အိန္ဒိယပြည်ကြီး၏ နယ်နိမိတ်အပိုင်းခြားကို ကျော်လွန်၍ အရှေ့တိုင်း အရှေ့ဖျား အရပ်ဒေသ နိုင်ငံများအထိ ရောက်ရှိ ဖြန့်ဖြူးပေးသည့် ဗုဒ္ဓယဉ်ကျေးမှု မွေအနှစ်နှင့် ဗုဒ္ဓဘာသာ သမိုင်းစသည့် ဗဟုသုတ အဖြာဖြာတို့ကို လေ့လာသင်ယူအပ်သည့် ဘာသာရပ်ဟု ဆိုလိုပါ၏။ ဘုန်းတော်ကြီးပညာရေး သို့မဟုတ် အရှေ့တိုင်းပညာရေးကို ပါဠိဘာသာအခြေခံလျက် ဘာသာရေးအမြင်၊ ဘာသာဗေဒအမြင်၊ သမိုင်းအမြင်၊ ဒဿနအမြင်စသည်ဖြင့် မိမိတို့လက်လှမ်းမိသမျှ ရှု့ထောင့်အမျိုးမျိုးတို့မှ ချဉ်းကပ် လေ့လာသင်ယူကြရပေ၏။

မြတ်ဗုဒ္ဓသည် ဘီစီ၆ရာစုက အိန္ဒိယပြည်ကြီးမှာ ပွင့်တော်မူခဲ့၏။ တရားတော်များကို ထိုခေတ်ထိုအခါက အများသုံး ပါဠိဘာသာဖြင့် မြတ်ဗုဒ္ဓ ဟောတော်မူခဲ့၏။ မြတ်ဗုဒ္ဓဟောတော်မူသည့်အတိုင်း ခေတ်အဆက်ဆက်က မြတ်ဗုဒ္ဓတရားတော်များကို ပါဠိဘာသာဖြင့် မှတ်တမ်းတင်လာခဲ့ကြ၏။ အမှန်စင်စစ် မြန်မာစာပေမှာပင် ခွဲထုတ်လို့ မရနိုင်လောက်အောင် ပါဠိစာပေ ပါဠိအငွေ့သက်များး စိမ့်ဝင်နေခဲ့၏။ ဗုဒ္ဓဘာသာ မြန်မာတို့၏ ယဉ်ကျေးမှု နှလုံးသား မဏ္ဍိုင် ဗဟိုချက်မ ဖြစ်သော ပုဂံခေတ်မှ မြန်မာတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသောအခါ မြတ်ဗုဒ္ဓ၏ တရားတော်များ စုဝေးရာ ပါဠိဘာသာကို အပတ်တကုတ် လေ့လာသင်ယူခဲ့ကြ၏။ ပါဠိစာပေဖြင့် မှတ်တမ်းတင်ခဲ့ကြသည်ကို လေ့လာသိရှိနိုင်၏။ ထို့ကြောင့် ယနေ့ခေတ်တိုင်အောင် ကိုးကွယ်ရာဘာသာမှအစ မြန်မာဘာသာ၊ မြန်မာ့ပညာရေး၊ မြန်မာစာပေ၊ မြန်မာ့ဓလေ့၊ မြန်မာ့ ယဉ်ကျေးမှုစသည့် အဆောက်အဦ တစ်ခုလုံးကို ပါဠိစာပေ ပါဠိဘာသာက လွှမ်းခြုံ ပတ်သက်လျက် ရှိနေသည်ကို တွေ့မြင်နိုင်၏။ ဘာသာဗေဒရှု့ဒေါင့်မှ လေ့လာကြည့်လျှင်တော့ မြန်မာဘာသာစကားနှင့် ပါဠိဘာသာစကားတို့ ဆင်းသက်လာခဲ့သည့် မျိုးနွယ်ချင်း၊ စကားလုံးဖွဲ့စည်းပုံချင်း၊ ဝါကျတည်ဆောက်ပုံချင်းမှအစ တစ်ခုနှင့်တစ်ခု မတူကွဲများကြောင်းကို တွေ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ပါဠိဘာသာသည် အင်ဒို-ဥရောပအနွယ်၊ ဝိဘတ်သွယ် ရုပ်ပြောင်းဘာသာ (Inflectional Language) ဖြစ်ပြီး မြန်မာဘာသာသည် တိဘက်မြန်မာနွယ်၊ ပူးတွဲဘာသာစကား (Agglutinativa Language) ပင်ဖြစ်၏။

မည်သို့ပင်ဆိုစေ ပါဠိစာပေသည် မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို အမှန်ပင် လွှမ်းမိုးနေရာယူထားပေ၏။ မြန်မာ့စာပေ၊ မြန်မာ့ပညာရေး၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုအကြောင်း၊ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအကြောင်း ခြေခြေမြစ်မြစ် သိရှိလိုလျှင် ပါဠိဘာသာကို အခြေခံသည့် ဗုဒ္ဓဘာသာ ရှေးဟောင်း ဘုန်းတော်ကြီးပညာရေးကို လေ့လာကြရမည် ဖြစ်၏။ လေ့လည်း လေ့လာ၊ သင်လည်း သင်ယူသင့်ပေ၏။ စာရေးသူအနေဖြင့် မြန်မာနိုင်ငံ၏ ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး သို့မဟုတ် အရှေ့တိုင်းပညာရေး အကြောင်း တစေ့တစောင်းသာ တင်ပြလိုခြင်းသာ ဖြစ်၏။ အတိတ် မြန်မာ့သမိုင်း စာမျက်နှာများတွင် စံထားထိုက် အတုယူထိုက် ပြန်လည် ဆန်းစစ်ထိုက်သော အချက်အလက်များစွာ ရှိမည်ဖြစ်ပါ၏။ ရှေးခေတ်မှ စံထားထိုက်သောအရာများကို စံထား၊ စံပြုထိုက်သူများကို စံပြုကာ လက်ရှိတိုးတက်ပြောင်းလဲဖို့ တာစူးနေသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ ပီပြင်စွာ ပညာရေးဖြင့် ချီတက်ကြရမည်ဖြစ်၏။

စံပြုထိုက်သည့် ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး သင်ရိုးညွှန်းတမ်းများကို အင်းဝခေတ်ပေါ် စာဆိုကျော် ရှင်မဟာသီလဝံသ၏ ထေရုပ္ပတ္တိတွင် တွေ့နိုင်ပေသည်။ သုံးဆယ့်သုံး သင်ကုန်း၊ မင်္ဂလသုတ်၊ နမက္ကာရ၊ ရတနာရွှေချိုင့်၊ အောင်ခြင်းရှစ်ပါး၊ ပရိတ်ကြီး၊ ဇာတ်တော်ကြီး ဆယ်ဖွဲ့၊ ငါးရာငါးဆယ် ဇာတ်တော်ငယ်များနှင့်တကွ အခြား ပါဠိစာပေများကို ပို့ချသင်အံ နှတ်တက်အာဂုံ သင်ယူလေ့လာရပေသည်။ ထိုနောက် ကစ္စည်းသဒ္ဒါကျမ်း၊ အဘိဓမ္မသင်္ဂဟကျမ်း စသည်တို့ကို အခြေခံလျက် ပါဠိအဋ္ဌကထာ ဋီကာစသည်များကို လေ့လာသင်ယူရ၏။ ယင်းကျမ်းစာများကို လေ့လာသင်ယူခြင်းဖြင့် ပါဠိသဒ္ဒါ ပါဠိစာပေတို့ ပေါ်ထွန်းရာခေတ် အိန္ဒိယနိုင်ငံ၏ စာပေအကြောင်း၊ ယဉ်ကျေးမှု အတွေးအခေါ် နှင့်တကွ မြတ်ဗုဒ္ဓသာသနာအကြောင်း လေ့လာအကဲခတ်နိုင်ရုံသာမက မြန်မာ့လူ့ဘောင်အတွက် စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အတွေးအခေါ်၊ ကိုယ်ကျင့်တရား၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနှင့် ဗုဒ္ဓဓမ္မများ စံပြု အတုယူဖို့ ကောင်းသည်ကို တွေ့မြင်နိုင်ပါသည်။ အထက်ပါ ဘုန်းတော်ကြီးကျောင်း သင်ရိုးညွှန်းတမ်းများသည် ယနေ့ခေတ်တိုင်အောင် ဘုန်းတော်ကြီးများတွင် ကျင့်သုံးလျက်ရှိရုံသာမက တချို့သော လောကီတက္ကသိုလ်များ၌လည်း ဘာသာရပ်အချို့ လေ့လာသင်ကြားနေသည်ကို တွေ့ရပါသည်။

လောကီတက္ကသိုလ်များ၌ အရှေ့တိုင်းဘာသာရပ်ကို လေ့လာခြင်းဖြင့် ပါဠိပိဋကတ်စာပေမှ လာရှိသည့် လောကီလောကုတ္တရာ တိုးတက်ကြောင်း၊ စံထားထိုက်သည့် ကြီးပွားကြောင်း ကျင့်စဉ်များ ကိုယ်တိုင်သိမြင်လာနိုင်ပြီး သိသည့်အားလျှော်စွာ မှန်ကန်စွာ ကျင့်ကြံနိုင်ပေသည်။ အကျင့်စာရိတ္တနှင့် စိတ်နေစိတ်ထား အရည်အသွေး မြင့်မားရေးမှာလည်း များစွာ အထောက်အကူပြုပေသည်။ ပင်းယခေတ်မှ ညောင်ရမ်းခေတ်အထိ ဘုန်းတော်ကြီး ကျောင်းများတွင် ထိုသင်ရိုးညွှမ်းတမ်းသည် တစိုက်တမတ် ကျင့်သုံးလာခဲ့သော အစဉ်အလာ သင်ရိုးညွှန်းဖြစ်ပေသည်။ ဘုန်းတော်ကြီး ပညာရေးတွင် လက်ရေးလက်သားကောင်းအောင် လေ့ကျင့်သင်ကြားပေးမှု၊ စာဖတ်စာအံ စနစ်တကျ ရွတ်ဖတ်မှန်ကန်မှု၊ စနစ်တကျ ဌာန်ကရိုဏ်းပယတ် ပြတ်ပြတ်သားသား မှန်ကန်စွာ ဖတ်တတ်အောင် လေ့ကျင့်သင်ကြားသည့်အပြင် လိမ္မာရေးခြား အထူးရှိစေရန် လမ်းညွှန်သည့် စာရိတ္တပညာရေးကိုလည်း တွေ့နိုင်ပေသည်။ အဆင့်မြင့် ပါဠိစာပေ သင်ယူလေ့လာမှုအပြင် ခေတ်အလျောက် ပေါ်ထွန်းခဲ့သော စာပေ ရာဇဝင် မော်ကွန်း ရတု၊ ရကန၊် ဧချင်း၊ ဇာတ်တော်၊ ပျို့ အလင်္ကာ တို့ကိုလည်း လေ့လာဆီးပူးကြရသည်ကို တွေ့နိုင်သည်။

ဖြတ်သန်းလာရသည့် ခေတ်ရှည်ကြီးတလျောက် စာပေပုံသဏ္ဍာန် အမျိုးမျိုး ပြောင်းလဲလာပုံ၊ ခေတ်အခြေအနေတို့၏ တောင်းဆိုချက်အရ လောကီပညာရပ်များလည်း သင်ရိုးညွှန်းတမ်းတွင် ပါဝင်သေးကြောင်း တွေ့ရပါသည်။ ခြုံပြောရလျှင် ရာဇအကြောင်း လောကဓမ္မအကြောင်း စုံလင်စွာ ပါဝင်နေသည်ကို တွေ့မြင်နိုင်ပေသည်။

credit to
Ashin Sutakara

No comments: