Monday, December 30, 2013

ထမင်းချိုးကိုကပ်လှူသူ

ထမင်းချိုးကိုကပ်လှူသူ။ ••••••••••••••••••••••
ရှေးလူဖြစ်စဉ် ဆွေမျိုးပျက်စီးအထီးကျန်သော သူဆင်းရဲမဖြစ်ကာ သူတပါးအိမ်အဖီကိုအမှီပြုနေရသူ ဖြစ်ပါလျက်အသျှင်မဟာကဿပအားထမင်းချိုးကို ကိုယ်ထိလက်ရောက်လှူဒါန်းခဲ့သောကြောင့် ကွယ်လွန်သောအခါနိမ္မာနရတိနတ်ပြည်၌ ချမ်းသာပျော်ရွှင်စွာ ဖြစ်ရသော နတ်သမီးအကြောင်းဖြစ်၏။

(စည်းစိမ်ဥစ္စာဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ်အဖီကို မှီ၍ နေရသော မိန်းမသည် . . ဆွမ်းအလို့ငှါလှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော အရှင်ဘုရားအားကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကိုကိုယ်ထိလက်ရောက် ပေးလှူဖူးပါပြီ။ ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ အဘယ်ဘဝသို့ လားရောက်ရလေသနည်း(ဟု သိကြားမင်းကမေး၏)။

(စည်းစိမ်ဥစ္စာဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ်အဖီကို မှီ၍ နေရသော မိန်းမသည် . . ဆွမ်းအလို့ငှါလှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော ငါ့အားကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက်ပေးလှူခဲ့ဖူး၏။ ထိုမိန်းမသည်လူ့ကိုယ်ခန္ဓာကို စွန့်၍ ဤလူ့ဘဝမှ ကင်းလွတ်စုတေ သောအခါတန်ခိုးကြီးသောနတ်တို့ရှိရာ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာခြင်းသို့ ရောက်၍ မွေ့လျော် စံပျော်နေရ၏ဟု (အသျှင်မဟာကဿပမိန့်တော်မူ၏)။

အသျှင်မဟာကဿပ၌ကောင်းစွာ တည်စေသော, အထီးကျန်သော မိန်းမ၏ အလှူသည် အံ့ဖွယ်ရှိပေစွ။ သူတစ်ပါးတို့အိမ်မှဆောင်လာသော ထမင်းချိုးဟူသော လှူဖွယ်ဝတ္ထုဖြင့် ပေးလှူအပ်သော အလှူသည် ပြည့်စုံပေစွတကား။

အချင်းတို့- အင်္ဂါကြီးငယ်အလုံးစုံကောင်းခြင်းရှိသော လင်၏ ရှုမငြီးသော မိန်းမ သည်စကြာမင်း၏ မိဖုရားဖြစ်သော်လည်း ထိုမိဖုရားအဖြစ်သည်ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုး မရှိပေ။

ရွှေစင်နိက္ခတစ်သိန်း,မြင်းတစ်သိန်း,အဿထိုရ်မြင်းကသော ရထားတစ်သိန်း, ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော သမီးကညာတစ်သိန်း(ဤအလုံးစုံတို့သည် လည်း) ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိကြပေကုန်။

ဟိမဝန္တာတောင်၌ ဖြစ်ကုန်သော, စဉ်းငယ်ညွတ်သော အစွယ်ရှိကုန်သော, ကြီးစွာသော စစ်ထိုးခြင်းကို ရွက်ဆောင်နိုင်ကုန်သော,ရွှေကကြိုးတပ်အပ်ကုန်သော, ရွှေတန်ဆာတို့ဖြင့် ဖွဲ့အပ်သောကိုယ်ရှိကုန်သော,မာတင်္ဂမျိုး၌ ဖြစ်ကုန်သော ဆင်အကောင်တစ်ရာတို့သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိကြပေ။

ဤလောက၌ အကြင်သူသည်ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရခြင်းကို ပြုရာ၏။ ထိုသူ၏ ထိုစကြာဝတေးမင်း စည်းစိမ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိပေ။

(စိတ္တလတာဝဂ်။ အာစာမဒါယိကာဝိမာနဝတ္ထု)

No comments: