Monday, April 22, 2013

ဘယ်အခါ ဘယ်အရပ်မှာ

ဘယ်အခါ ဘယ်အရပ်မှာ . . ••••••••••••••••••••••••• ဇေတ၀န်ကျောင်းတော်၌ဘုရားရှင် သီတင်းသုံးတော်မူစဉ်၊ သာဝတ္ထိမြို့တော်မှာပင် တစ်နှစ်တာလုံးနေမည်ဟု စိတ်ကူးနေသော မဟာဓနကုန်သည်ကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။


မဟာဓနကုန်သည်သည်ဗာရာဏသီမြို့မှ ၀တ်ပုဆိုးအထည်တို့ကို လှည်းငါးရာ အပြည့်တင်လာ၍ သာဝတ္ထိမြို့တော်သို့ ရောက်လာ၏။ သာဝတ္ထိမြို့တော်တွင် ကုန်များရောင်းချ၍ မြစ်ကို ကူးမည်ဟု မြစ်ကမ်းနား၌လှည်းများဖြုတ်၍ ညအိပ်ရပ်နားစဉ် မိုးကြီးသည်းထန်စွာ ရွာသွန်းသဖြင့် ၇-ရက်တိုင်တိုင် မြစ်မှာ ရေကြီးနေ၏။


မြို့သူမြို့သားတို့သည် ၇-ရက်တိုင်တိုင် နက္ခတ်သဘင် ကစားနေကြ၍ရောင်းဝယ်ရေးကိစ္စများ မပြီးပြတ်ပေ။ ဤတွင် မဟာဓနကုန်သည်သည် "ငါသည် ခရီးဝေးမှ လာခဲ့ရ၏။တစ်ဖန်ပြန်လာရလျှင် အချိန်ကြာနေလိမ့်မည်။ ဤမြို့၌သာလျှင် တစ်နှစ်ပတ်လုံးနေ၍ ကုန်ရောင်းအံ့" ဟု ကြံစည်နေလေသည်။


ဘုရားရှင်သည် သာဝတ္ထိမြို့တော်၌ဆွမ်းခံဝင်တော်မူစဉ် ထိုကုန်သည်၏စိတ်အကြံကိုသိ၍ပြုံးတော်မူ၏။ ပြုံးရခြင်းအကြောင်းကို အရှင်အာနန္ဒာက မေးလျှောက်သောအခါ. .


"အာနန္ဒာ။မဟာဓနကုန်သည်သည်မိမိ၏ အသက်အန္တရာယ်ကို မသိဘဲ ဤမြို့၌သာလျှင် တစ်နှစ်တာလုံးနေထိုင်၍ကုန်ရောင်းရန်ကြံစည်နေ၏။ ထိုကုန်သည်သည် ၇-ရက် ကြာလျှင်သေမင်း၏ခံတွင်းသို့ သက်ဆင်းရလတ္တံ့" ဟု မိန့်ကြားတော်မူ၏။


အရှင်အာနန္ဒာသည်ဤအကြောင်းကို မဟာဓနကုန်သည်အားသွား၍ပြောလေရာ မဟာဓနကုန်သည်သည်ကြောက်ရွံ့လှသဖြင့် ဘုရားရှင်နှင့်တကွ သံဃာတော်များအား ၇-ရက်တိုင်တိုင် ပင့်၍အလှူကြီးပေး၏။ ထိုအလှူတော်တွင် အနုမောဒနာပြုသောအားဖြင့် ဘုရားရှင်က အောက်ပါဒေသနာတော်ကို ဟောကြားတော် မူလသတည်း။


ဤအရပ်၌မိုးအခါပတ်လုံးငါနေအံ့ဟု၊ ဤအရပ်၌ ဆောင်းအခါ, နွေအခါတို့ပတ်လုံးငါနေအံ့ဟု၊ လူမိုက်သည်အမျိုးမျိုးအဖုံဖုံကြံစည်၏။ ဘယ်အခါ ဘယ်အရပ်မှာ ငါသေမည်ဟု မိမိ၏အသက်အန္တရာယ်ကိုမူကား မသိရှာလေ။


ဒေသနာတော်အဆုံး၌မဟာဓနကုန်သည်သည် သောတာပန် ဖြစ်လေ၏။ထို့နောက် "ခေါင်းခဲသကဲ့သို့ဖြစ်သည်" ဟု ပြောဆို၍အိပ်နေစဉ်မှာပင်သေဆုံးကာ တုသိတာဘုံ၌ ဖြစ်လေ၏။


(ဓမ္မပဒ။မဂ္ဂ၀ဂ်။မဟာဓနဝါဏိဇဝတ္ထု )


No comments: