Sunday, April 21, 2013

"ကြိုတင်၍ မသိနိုင်ပါသဖြင့်

"ကြိုတင်၍ မသိနိုင်ပါသဖြင့်" •••••••••••••••••••••••••••• ဘယ်အရွယ်မှာ၊ဘယ်ရောဂါဖြင့် ဘယ်ရပ်ဒေသ၊ဘယ်ကာလ၌ သေကြရမည်၊ မသိနိုင်တာ၊ဓမ္မတာတည်း။ သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း ဖြစ်ရာဘဝ၊ ဘုံဌာနကို ကြိုတင်တိကျ၊ မသိရ၍ တိကျသေချာ၊ ခုချိန်ခါ၌ ကောင်းမှုအစု၊ ကြိုးစားပြုလော့။။ (မနာပဒါယီ ဆရာတော်)

မြတ်စွာဘုရားရှင်လက်ထပ်ကယက်ကန်းယက်သည့် ယက်ကန်းသည် ဒကာမလေးတစ်ဦးရှိခဲ့ပါတယ်။ ငယ်ပေမယ့် ဘာသာရေးကို အထူးလေးပေးတဲ့ ကလေးမလေး ဖြစ်သဖြင့်လည်းဘုရားရှင်က အဲဒီကလေးမလေးကို အထူးတလည် တရားတော်များဟောကြားချီးမြင့်တော်မူသလို အဲဒီကလေးမလေးကိုအကြောင်းပြုပြီး အများသူငါ တရားရစေမှုကိုလည်းဖြစ်စေတော်မူပါတယ်။

တစ်နေ့ ယက်ကန်းသည် ဒကာမလေးဟာ အိမ်ကနေပြီး ယက်ကန်းရုံကိုသွားရာ လမ်းမှာ ဘုရားရှင်တရား ဟောတော်မူနေတာနဲ့ကြုံတဲ့အတွက်တရားဝင်နာဖြစ်ခဲ ပါတယ်။

ဘုရားရှင်က အိမ်ကနေပြီးယက်ကန်းရုံကို သွားမယ့်ဒီဒကာမေ လးကို “ချစ်သမီး ဘယ်ကလာတာလဲ”လို့ ပရိတ်သတ်ကြားမှာ မေးလိုက်ပါတယ်။ “မသိပါဘုရား”လို့သူကဖြေတော့ ပရိတ်သတ်တွေက “ဒီကလေးမရူးနေလား သူ့အိမ်ကလာတာကို အားလုံးသိနေတဲ့ကြားကမသိပါဘူးလို့ ဖြေနေတယ်”ဆိုပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားကြပါတယ်။ မြတ်စွာဘုရားရှင်ကယက်ကန်းရုံကိုသွားမယ့်သူ့ကို ဆက်ပြီးတော့ မေးပါတယ်။ “ချစ်သမီး ဘယ်ကိုသွားမှာလဲ” ယက်ကန်းသည်မလေးကပြန်ဖြေပါတယ်။ “မြတ်စွာဘုရားမသိပါဘုရား“။ ဘုရားရှင်က နောက်မေးခွန်းတစ်ခု ထပ်မေးပါတယ်။ “ချစ်သမီး မသိဘူးလား”။ သူမက ပြန်ဖြေပါတယ်။ “အရှင်ဘုရားသိပါတယ်ဘုရား”။ ဒီတော့ မြတ်ဗုဒ္ဓက ထပ်မေးပါတယ်။ “ချစ်သမီး တကယ်သိသလား”။ ယက်ကန်းသည်မလေးကပြန်လျှောက်ပါတယ်။ “မြတ်စွာဘုရားမသိပါဘုရား”။

မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်လေးရဲ့အမေးအဖြေတွေကို နားထောင်ရင်းပရိတ်သတ်တွေ အတော်ခေါင်းရှုပ်သွားကြတယ် ထင်ပါတယ်။ ယက်ကန်းသည်မလေးကိုလည်းအထူးအဆန်း အရူးတစ်ယောက်လို မြင်သွားကြပြီး အပြစ်တင်သံတွေနဲ ဆူညံသွားစေတော့တာပဲ ဖြစ်ပါတယ်။ဒါကို သိတော်မူတဲ့ မြတ်စွာဘုရားရှင်ယက်ကန်းသည်မလေးကိုအမေးအဖြေတွေနဲ့ ပတ်သက်ပြီး ထပ်မေးပါတယ်။

“ချစ်သမီး ငါဘုရားမေးတဲ့ အမေးတွေကို၊မသိဘူး၊ သိတယ်၊ တကယ်မသိဘူးစသဖြင့်ဖြေဆိုတာ ဘယ်လိုအဓိပ္ဗါယ်န ဖြေတာလဲလို့ ဆိုတော့ ယက်ကန်းသည်မလေးက “မှန်ပါအရှင်ဘုရား မြတ်စွာဘုရားအနေနဲ့ တပည့်တော်ကို မေးလိုတဲ့ မေးခွန်းက

♦ ဘယ်ဘဝကနေ ဒီလို လူ့ဘဝကိုရောက်လာတာလဲလို့  မေးတယ်ဆိုတာ တွေးပြီးဘယ်ဘဝက လာတယ်ဆိုတာ တပည့်တော်တကယ်မသိတဲ့အတွက် မသိပါဘုရားလို့ ဖြေခြင်း ဖြစ်ပါကြောင်း၊ ♦ ဘယ်ကိုသွားမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လဲဒီဘဝက သေပြီးတပည့်တော် ဘယ်ဘဝမှာ ဖြစ်မယ်၊ ဘယ်ဘဝကို သွားရမယ်ဆိုတာ တကယ်မသိတဲ့အတွက် မသိပါဘုရားလို့ဖြေရခြင်းဖြစ်ပါကြောင်း၊ ♦သိသလားဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးတော့လည်း သေရမယ်ဆိုတာကို သိနေတဲ့အတွက် သိပါတယ်ဘုရားလို ဖြေခြင်းဖြစ်ပါကြောင်း၊ ♦ တကယ်သိလားလို့ မေးတဲ့အပေါ်မှာလည်း သေရမယ်ဆိုတာ သိပေမယ့်ဘယ်အချိန်သေရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်တဲ့အတွက်မသိပါဘုရားလို့ဖြေရခြင်းဖြစ်ပါကြောင်း” စသဖြင့်အကျယ်တဝင့် ပြန်လည်လျှောက်ထားပါတယ်။ ဒီတော့မှပရိတ်သတ်တွေလည်းသဘောပေါက်ကာ သာဓု အကြိမ်ခေါ်ဆို ကြတော့တာ ဖြစ်ပါတယ်။

ဒါက မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်မလေးရဲ့အမေးအဖြေ ဇာတ်လမ်းနဲ့ ဓမ္မသဘင်လေးအကြောင်းပဲ ဖြစ်ပါတယ်။ ဒီမှာ ပြောချင်တာကယက်ကန်သည်လေးလျှောက်ထားသလို ပုထုဇဉ်တွေရဲ့ ဘဝအခြေအနေနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ပုထုဇဉ်တွေရဲ့ ဘဝဟာ ဘယ်ကလာလို့ ဘယ်ကိုသွားပြီးဘယ်မှာဘယ်လိုသေရမယ်ဆိုတာ ဘယ်လိုမှ အသေအချာ ပြောလို့ မရတဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။

အထူးသဖြင့် သေခြင်းတရားနဲ့ပတ်သက်ပြီးတော့ဘယ်လိုမှကို ကြိုတင်မှန်းဆလို့မရတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။ ♦ဘယ်အသက်အရွယ်မှာသေရမယ်၊ ♦ဘယ်ရောဂါနဲ့ သေရမယ်၊ ♦ဘယ်အရပ်မှာ သေရမယ်၊ ♦မနက်နေ့ည စတဲ့ ဘယ်အချိန်မှာ သေရမယ်၊ ♦သေပြီးနောက် ဘယ်ဘဝမှာ ပြန်ဖြစ်ရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်တဲ့ဘဝမျိုးပဲ ဖြစ်ပါတယ်။

အဲသေချာတာ တစ်ခုကတော့ သေရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မွေးခြင်းရဲ့နောက်မှာ သေခြင်းဆိုတာ ရောက်နေမှာဖြစ်တဲ့အတွက် မွေးလာခဲ့တဲ့ သတ္တဝါမှန်သမျှ သေကြရမှာပဲ ဖြစ်ပါတယ်။

♦သေခြင်းတရားကတော့အသေအချာ ရောက်လာမှာပဲ ဖြစ်ပါတယ်။ နောက် သေချာတာတစ်ခုကအခုအသက်ရှင်နေတဲ့ လက်ရှိအခိုက်အတန့်ပဲ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုတာ ဘာဖြစ်မယ်၊ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်လိုမှ တွက်လို့မရတဲ့အတွက် အဲဒီ တွက်မရတာတွေ ရောက်မလာသေးတဲ့အချိန်၊ လက်ရှိအခိုက်အတန့်ဟာ လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခိုက်အတန့်ကိုအကောင်းဆုံး ဖြစ်အောင် လုပ်ကြဖို့၊ သေချာတဲ့ အခိုက်အတန့်မှာ ကောင်းမှုမျိုးစေ့တွေ စိုက်ပျိုးနိုင်သမျှ စိုက်ပျိုးကြဖို့ပြောရခြင်းဖြစ်ပါတယ်။

ဆိုတော့ကား မမြဲခြင်းတရား၊ မပိုင်ဆိုင်ခြင်းတရား၊ မသေချာခြင်းတရား၊ မသိခြင်းတရားတွေနဲ့ နေနေရတဲ့ ပုထုဇဉ် သတ္တဝါများအနေနဲ့ ဘဝမှာ သေခြင်းတရား၊ မမြဲခြင်း တရားနဲ့ ပတ်သက်ပြီးဘယ်လိုမှ ကြိုတင်ပြီး မသိနိုင်တဲ့အတွက် အသေချာဆုံးဖြစ်တဲ့ လက်ရှိအခိုက်အတန့်မှာပဲ ကောင်းမှုအစုတွေကိုကြိုးစားပြုပြီး ဘုရားရှင်များဆုံးမသလို မကောင်းမှုရှောင်၊ကောင်းမှုဆောင်ပြီး၊ ကိုယ့်စိတ်ကိုကိုယ် ဖြူစင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ရပါတယ်။

[စာရေးသူ=မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)] ----------------------*----------------------_/|\_ ခပ်သိမ်းသော ရဟန်း၊ရှင်၊လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံးဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။ လူအချင်းချင်းလှည့်ပတ်ခြင်း၊ကင်းရှင်းကြပါစေ၊… _/

No comments: