Monday, April 29, 2013

ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ-အမှတ်စဉ်(၁၄၈) လူနှင့်နတ်

ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ-အမှတ်စဉ်(၁၄၈)


လူနှင့်နတ်


“ဟောဒီစာကရွှေကူမြို့ ခုံခမ်း အမှတ်(၁ )ရပ်ကွက်ဦးသိန်းမြင့်ရဲ့ မေးလျှောက်လွှာ ဖြစ်ပါတယ်


“ဆိုစမ်းပါဦး၊ ဦးသိန်းမြင့် ဘာတွေများမေးမြန်းထားသလဲကွယ့်”


“ဦးသိန်းမြင့်ရဲ့ အမေးကဒီလိုပါဘုရား၊ မန္ဓာတုစကြာမင်းကြီးဟာ နတ်ပြည်ကို တတ်ရောက်ပြီး နတန်သမီးတွေနှင့် နတ်စည်းစိမ် ခံစားတာသိကြားသုံးကျိပ်ခြောက်ယောက်မြောက်သတဲ့ဘုရား၊ သို့သော်လည်းဦးသိန်းမြင့် ကြားဖူးတာကလူမှာအတွေ့၊ နတ်မှာငွေဖြစ်လို့ လူလိုအတွေ့နှင့် ခံစားသလား၊ဒါမှမဟုတ် နတ်လို့ အငွေ့နှင့်ခံစားသလားမကွဲပြားပါဘူးတဲ့” အကယ်၍မန္ဓာတ်မင်းဟာ လူသားဖြစ်လို့ လူကဲ့သို့အတွေ့ခံစားပါလျှင် နတ်သမီးတွေဟာ လူသားလို ကိုယ်ဝန်ဆောင်ပြီးသားသမီးတွေ မွေးပါသလားတဲ့ဘုရား”


“ဦးသိန်းမြင့်ရဲ့ အမေးကို မဖြေဆိုမီမန္ဓာတ်မင်းကြီးအကြောင်း အနည်းငယ်ပြောကြဦးစို့ကွယ့်”


“မိန့်တော်မူပါ ဘုရား”


“မန္ဓာတု စကြာမင်းကြီးရဲ့ဇာတ်တော်ဟာ၅၅၀-တိကနိပါတ်က လာတာဖြစ်တယ်၊ မန္ဓာတ်မင်းကြီးဟာ ရတနာ ၇-ပါး၊ တန်ခိုးလေးပါးနှင့် ပြည့်စုံတဲ့ဘုရားအလောင်းတော်ကြီး ဖြစ်တယ်၊မိုးပေါ်မော့ကြည့်ပြီးလက်ပန်းပေါင်းခတ်လိုက်လျှင် ကောင်းကင်ထက်ကရတနာ ၇-ပါးမိုးရွာသွန်းစေနိုင်တယ်၊ အဲဒီတုံးက လူတို့ရဲ့သက်တမ်းဟာ အသင်္ချေယျတမ်းဖြစ်လို့အသက်အပိုင်းအခြား ကို မရေမတွက်နိုင်ဘူး၊ မန္ဓာမင်းဟာ နှစ်ပေါင်းနှစ်သောင်းလေးထောင် သူငယ်အဖြစ်ဖြင့်ကစားတယ်၊ နှစ်ပေါင်းရှစ်သောင်းလေးထောင် အိမ်ရှေ့စံတယ်၊ နှစ်ပေါင်း ရှစ်သောင်းလေးထောင် မင်းပြုတယ်၊ လူ့ပြည်မှာနှစ်ပေါင်းများစွာ မင်းလုပ်နေရတော့ငြီးငွေ့လာတယ်၊ ဒါကြောင့် စာတုမဟာရာဇ်နတ်ဘုံတတ်ပြီးမင်းလုပ်ပြန်တယ်၊ စာတုမဟာရာဇ် နတ်ဘုံမှာ ငြီးငွေ့ပြန်တော့ တာဝတိ သာတတ်ပြီးမင်းလုပ်ပြန်တယ်၊ သိကြားသုံးကျိပ်ခြောက်ယောက် ကွယ်လွန်သည့်တိုင်အောင် မန္ဓာတ်မင်းမကွယ်လွန်သေးဘူး၊မန္ဓာတ်မင်းဟာဒီလေက် ကာမဂုဏတရား ခံစားနေသော်လည်းအားရတင်းတိမ်ခြင်း မရှိဘူး၊ တဏှာတရားက ကြီးသည်ထက်ကြီးလာတယ်၊ ဒါကြောင့် သိကြားမင်းကို သတ်ပြီး ဧကရာဇ်မင်းပြုမှ တော်မည်လို့အကြံဖြစ်သတဲ့၊အဲဒီ မတရားတဲ့ အကြံကြောင့် မန္ဓာတ်မင်းရဲ့ အာယုသင်္ခါရဟာ ဆုတ်ယုတ်လာတယ်၊လူတို့ရဲ့ ခန္ဓာကိုယ်ဟာနတ်ပြည်မှာ မပျက်စီးကောင်းဘူး၊ ထို့ကြောင့် နတ်ပြည်က လျှောကျပြီး မင်းဥယျာဉ်အတွင်းမှာကွယ်လွန်ခဲ့ရရှာတယ်။


ဒီ ဇာတ်တော်က မီးပုံဟာ အားမရနိုင်သလို တဏှာတရားဟာကာမဂုဏ်ဖြင့် အားမရနိုင်ကြောင်း ဟောထားတဲ့ဇာတ်တော်ဖြစ်တယ်၊ ဒီဇာတ်တော်မှာ မန္ဓာမင်းကြီးဟာလူသားဖြစ်တယ်၊စာတုမဟာရာဇ်,တာဝတိ သာ မိဖုရားတွေက နတ်သမီးများ ဖြစ်ကြတယ်၊ လူသားနှင့် နတ်သမီးဘယ်လိုပေါင်းကြသလဲ။


“လူသားလို့ အတွေ့နှင့် ပေါင်းဖော်ကြသလား၊ နတ်များလို အငွေ့နှင့် ပေါင်းဖော်ကြသလား၊ ဒီလို မေးထားပါတယ် မဟုတ်လားကွယ့်”


“မှန်ပါ၊ဒီလိုပဲ မေးထားပါတယ် ဘုရား”


“လူမှာအတွေ့ နတ်မှာအငွေ့ဆိုတဲ့ စကားဟာတကယ်တော့ ကျမ်းက လာတဲ့ စကားမဟုတ်ဘူးကွယ့်၊ ဒီအကြောင်းသတပဒိကပုစ္ဆာ နံပါတ်


“တွေ့မဆုံကြည့်မျှော်ရုံ ရယ်ရွှင်ကြတာနှင့် ကိစ္စကုန်တဲ့၊ ဆိုကြဟန်စင်စစ် ကယ်မမှန်ဘူး၊ မြတ်ကျမ်းဂန် သည့်နှယ်ရှိတယ်၊ဘုန်းသိပါငဲ့ ”လို့ ဖြေတော်မူတယ်။


မန်လည်ဆရာတော်က နတ်များဟာ ကြည့်ရုံ, ပျော်ရွှင်ရုံအငွေ့မျှဖြင့် ကိစ္စပြီးကြတယ် ဆိုတာ ဟုတ်ပါသလားလို့ မေးတော့ မင်းကွန်းဆရာတော်က နတ်မှာအငွေ့ဆိုတဲ့စကား မမှန်ပါဘူးတဲ့၊ကေသရဇာတ် ဋီကာ၊ ၁၊ ၃၀၁-ကို ညွှန်ပြတော်မူပြီး-


“အချို့သော စတုမဟာရာဇ်နတ် တာဝတိ သာနတ်တို့ဟာလူများကဲ့သို့ ဒွယံဒွယံ သမာပတ္တိဖြင့် ကာမကိစ္စပြီးကြတယ်၊ ယာမာနတ်တို့ကြတော့ အချင်းချင်းလည်ပတ်ရုံမျှဖြင့် ကာမကိစ္စ ပြီးကြတယ်၊ တုသိတာနတ်တို့ကြတော့ လက်ချင်းသုံးသပ်ရုံမျှဖြင့်ကာမကိစ္စပြီးကြတယ်၊ နိမ္မနရတိနတ်တို့ကြတော့ပြုံးရယ်ကာမျှဖြင့် ကာမကိစ္စ ပြီးကြတယ်၊ပရနိမ္မိတဝသဝတီနတ်တို့မှာတော့ကြည့်ကာမျှဖြင့် ကာမကိစ္စ ပြီးကြတယ် - လို့ ကေစိဆရာတို့ကဆိုကြသတဲ့”


အဲဒီ အယူအဆကို အဋ္ဌကထာဆရာက မဟုတ်ဘူးလို့ ပယ်ထားသကွယ့်၊ဘာကြောင့်လည်းဆိုတော့ ကိုယ်ချင်းမထိဘဲ ဖေဋ္ဌဗ္ဗကာမကိစ္စဆိုတာ ပြီးရိုးထုံးစံမရှိပါဘူးတဲ့၊ နတ်ပြည်ခြောက်ထပ်လုံး လူများကဲ့သို့ ပကတိကာမကိစ္စ ပြီးတယ်လို့ မှတ်ပါတဲ့။


ဒါကြောင့် နတ်မှာ အငွေ့ဆိုတာ မဟုတ်ပါဘူး၊ နတ်တွေလည်း လူသားများလို အတွေ့ကာမကို ခံစားကြတာပါပဲ၊


ဒီအကြောင်းကို သတပဒိကပုစ္ဆာ ၆၁-မှာ


“အပွေပိုမဖြေလို စိတ်တော်ရှိပါနှင့်၊ ခင်သိသားမို့၊ နတ်ခြောက်ဆူချစ်သွေးနှစ်ကိုယ်မြူလို့၊ ဟိုအမူ လူလိုကျင့်ပေထင့် သင်းကဘယ်သို့”


လို့မန်လည်ဆရာတော်က မေးတဲ့အခါ မင်းကွန်းဆရာတော်ကြီးက -


“အပွေပိုမဖြေလို စိတ်တော်ရှိပါဘူး၊ကိုယ်သိတာမို့၊ နတ်ခြောက်ဆူ ချစ်သွေးနှစ်ကိုယ်မြူလို့၊ ဟိုအမူလူလိုကျင့်ကြတယ်၊သင်းက ဤသို့” လို့ဖြေဆိုတော်မူခဲ့ပါတယ်။


နတ်တွေဟာ လူသားများလို ကာမကိစ္စပြုကျင့်ကြလျှင်နတ်သမီးတွေဟာ လူသားမိန်းမများလို ကိုယ်ဝန်ယူ သားမွေးကြပါသလားဆိုတော့ စာတုမဟာရာဇ်နတ်မှာအကျုံးဝင်တဲ့ ဘုမ္မစိုးနတ်သမီးများတော့ လူသားများလို ကိုယ်ဝန်ယူပြီး သားမွေးကြသတဲ့၊ စာတုမဟာရာဇ် နတ်သမီးတွေကြတော့ဥတုမျှသာလာတယ်၊ ကိုယ်ဝန်လည်း မယူ၊ သားလည်းမမွေး၊ နို့လည်းမတိုက်ဘူးတဲ့ကွယ့်၊


ဒီအကြောင်းကို လောကပညတ္တိကျမ်းမှာ -


“မဟာရာဇိကာအစ္ဆရာ နေဝ ဥတုနိယော ဟောန္တိ၊န ဂဗ္ဘိနိယော၊န ဝိဇာယန္တိ၊ နပါယန္တိ ”လို့ ပြထားတယ်၊


အနက်ကတော့-မဟာရာဇိကာ- စတုမာရာဇ်ဘုံ၌ဖြစ်ကုန်သော၊၊ အစ္ဆရာနေဝ- နတ်သမီးတို့သည်သာလျှင်၊ ဥတုနိယော -ဥတုလာကုန်သည်၊ ဟောန္တိ - ဖြစ်ကုန်၏၊ နဂဗ္ဘိနိယော -ကိုယ်ဝန်မဆောင်ကုန်၊ နဝိဇာယန္တိ- သားမဖွားကုန်၊ နပါယန္တိ - နို့မတိုက်ကုန်တဲ့ကွယ့်။


ဒီကျမ်းလာစကားကို အထောက်အကားပြုပြီး မန္ဓာတ်မင်းကြီးဟာနတ်သမီးတွေနှင့် အတွေ့ပျော်ပါးသော်လည်း နတ်သမီးများဟာ ကိုယ်ဝန်မဆောင်၊သားလည်း မမွေးလို့မှတ်သားသင့်တယ်ကွယ့်။


“မှန်လှပါ၊ဒီလိုဆို သိကြားမင်းရဲ့ သားတော်သုဝီရနတ်သားသုသိမနတ်မသားရယ်လို့ ကြားဖူးပါတယ်၊ ဒီသားတော်တွေက ဘယ်လို ပေါက်ဖွားပါသလဲ၊သုဇာတာ, သုနန္ဒာတို့က ပေါက်ဖွားလာတာလား၊ဘယ်လိုဖြစ်လာတာလဲ၊ အမိန့်ရှိပါဦးဘုရား”


“နတ်လောကရဲ့သဘာဝကို သုတ်မဟာဝါ အဋ္ဌကထာ၂၉၇-မှာ ဒီလို ဖွင့်ပြထားသကွယ့်”


“ဒေဝါနံမီတာ စပုတ္တာ စ အင်္ကေ နိဗ္ဗတ္တန္တိ ” မိခင်ရင်ခွင်အတွင်း ရုတ်တရက် ပေါ်လာတဲ့နတ်သမီးကိုသမီးလို့ မှတ်ရမယ်တဲ့၊ နတ်သားပေါ်လာလျှင် သားလို့မှတ်ရမယ်တဲ့။


“ပါဒပရိစာရိကာဣတ္ထိယော သယနေနိဗ္ဗတ္တန္တိ” ခြေရင်း အလုပ်အကျွေးမယားဆိုလျှင် အိပ်ရာမှာ ဖြစ်လာသတဲ့။


“တာသံမဏ္ဍန ပသာဒန ကာရိကာ ဒေဝတာ သယနံ ပရိဝါရေတွာ နိဗ္ဗတ္တန္တိ” သိကြားများ၊နတ်များကို တန်ဆာဆင်ယင်ရမည့် နတ်တွေကတော့ အိပ်ယာနေရာကိုခြံရံ ဖြစ်ကြသတဲ့။


“ဝေယျာဝစ္စတရာအန္တော ဝိမာနေ နိဗ္ဗတ္တန္တိ ” အမှုဆောင်ကြရမည့် နတ်အလုပ်သမာများကျတော့ ဗိမာန်ရဲ့အတွင်းမှာဖြစ်ကြသတဲ့။


ဒါကြောင့်အထက်နတ်တွေဟာ ရုတ်တရက်ဖြစ်တဲ့ ဥပပတ်မျိုးတွေ ဖြစ်ကြတယ်၊လူသားများလို ကိုယ်ဝန်ပိုက်ပြီးသားဖွားခြင်း, နို့တိုက်ခြင်းမရှိဘူး၊ ရုတ်တရက် ဖြစ်ပေါ်လာတဲ့အထိမ်းအမှတ်နှင့်သာ သား,သမီး, မယား, အလုပ် အကျွေးလို့ ခေါ်ဝေါ်ရကြောင်း သတ်မှတ်တော့တာပေါ့ကွယ်။


“မှန်ပါ၊ဝမ်းသာလှပါတယ် ဘုရား၊ သို့သော်လည်းတစ်ခုထပ်မေးလျှောက်ပါရစေဦး ”


“လျှောက်တာပေါ့၊ ဘာများ လျှောက်ထားချင်ပြန်တာတုန်းကွဲ့”


“လျှောက်ထားချင်တာ ရုက္ခစိုးနှင့် တစ္ဆေ,သရဲတို့ရဲ့ အကြောင်းပါ ဘုရား၊ ရုက္ခစိုးတို့ တစ္ဆေတို့ သရဲတို့ရော သား, သမီးဘယ်လို ရပါသလဲဘုရား”


“ရုက္ခစိုးတို့ တစ္ဆေ,သရဲတို့ဆိုတာ ဘုမ္မစိုးနတ်မျိုးပဲကွယ့်၊ဘုမ္မစိုးနတ်ဟာ လူသားများလို ပေါင်းဖော်ပြီး လူသားများလို ကိုယ်ဝန်တည် သားဖွား နို့တိုက်ကြောင်းပြောခဲ့ပြီးပါပြီကွယ့်”


“ဒီလိုဆို ဘုမ္မစိုးတို့, တစ္ဆေတို့, သရဲတို့ဟာလူသားများလို လင်မယာားအတည်ရှိကြပါသလား၊ သို့မဟုတ် တိရစ္ဆာန်များလို တွေ့ရာနှင့် ပျော်ပါးကြတာလားဘုရား”


“လင်နှင့် မယားဆိုတာ အခိုက်အတန့်မျှကိုခေါ်ဝေါ်တဲ့စကားပဲ၊ယခု ဒီယောက်ျားနှင့် ဒီမိန်းမတို့ဟာ လင်မယားဖြစ်ကြပေမယ့် တော်နေကြာလင်မယားဟုတ်ချင်မှ ဟုတ်မယ်၊ဒါကြောင့် အထီးနှင့် အစ်မ စိတ်ချင်းညီမျှသင့်မြတ်ကြတဲ့အခါလင်မယား၊ မသင့်မြတ်ကြတဲ့အခါလင်မယားမဟုတ်ဘူး၊လူသား လောကမှာပင် ဒီလိုဖြစ်နေသေးလျှင်လူလောက် အဆင့်အတန်း မမြင့်တဲ့သရဲ, တစ္ဆေ, ဘုမ္မစိုးများကိုတော့ မေးဖို့မလိုပါဘူး၊ လင်မယားအတည်တကျရှိတာလည်းပါမယ်၊ မရှိတာလည်း ပါမယ်လို့အဖြေပေးလိုက်ပါတယ်”


“မှန်ပါ၊ဝမ်းသာလှပါတယ်ဘုရား၊ သို့သော်ဦးသိန်းမြင့်ရဲ့ အမေးအဆက်က ကျန်နေပါသေးတယ်


“ဟေ ဘယ်လိုအမေးဆက်များလည်းဆိုစမ်းပါဦး”


“ဦးသိန်းမြင့်က ယင်ကောင်က ဥတဲ့ဥကိုယင်ကြီးဥလို့ ခေါ်ကြပါသတဲ့၊ ယင်ကြီးဥက ပေါက်တော့ ယင်ကောင် မပေါက်ဘဲ လောက်ကောင်တွေ ပေါက်သတဲ့ဘုရား၊ဒီ လောက်ကောင်တွေကော အချင်းချင်း ပေါင်းဖော်ခြင်းရှိကြပါသလား၊လောက်ကတစ်ဆင့် ဘယ်လိုယင်ကောင် ဖြစ်ပါသလဲတဲ့၊ပြီးတော့ မြေကြီးထဲက တီကောင်များကော အဖိုနှင့်အမ သံဝါသရှိကြပါသလား၊ ဒိအကောင်တွေဟာ တီကောင်ဘဝက ဘယ်လိုပြောင်းသွားကြပါသလဲ - လို့ မေးထားပါတယ်။


သုတ်မဟာဝါ အဋ္ဌကထာ ၂၄-မှာ နိယာမငါးပါးကို ဖွင့်ပြထားသကွဲ့၊နိယာမငါးပါးဆိုတာ (၁) ဗီဇနိယာမ (၂) ဥတုနိယာမ (၃) ကမ္မနိယာမ (၄) ဓမ္မနိယာမ (၅) စိတ္တနိယာမတို့ဖြစ်ကြတယ်။


ဒီနေရာမှာ နိယာမဆိုတဲ့ပုဒ်က မြဲတယ်ဆိုတဲ့ အနက် ကို ဟောတယ်။


(၁)ဗီဇနိယာမ =မျိုးစေ့ မြဲတယ်လို့ ဆိုလိုတယ်၊ ဆီးစေ့က ဆီးပင်ပေါက်တယ်၊ သရက်စေ့က သရက်ပင်ပေါက်တယ်ဆိုတာမျိုးပေါ့။


(၂) ဥတုနိယာမ =ဥတုမြဲတယ်တဲ့၊ဆောင်းရာသီ နှင်းကျတယ်၊မိုးရာသီ မိုးရွာတယ်၊ နွေရာသီ နေပူတယ်ဆိုတာမျိုးပေါ့။


(၃)ကမ္မနိယာမ = ကုသိုလ်ကံ, အကုသိုလ်ကံအဖြစ် မြဲတယ်တဲ့၊ကုသိုလ်က့ကကောင်းကျိုးကိုပေးတယ်၊ အကုသိုလ်ကံက မကောင်းကျိုးကို ပေးတယ်ပေါ့။


(၄)ဓမ္မနိယာမ = သဘောအားဖြင့် မြဲတယ်တဲ့၊ ဘုရားလောင်း သန္ဓေယူတဲ့အခါ၊ သစ္စာလေးပါး သိသောအခါ၊ဓမ္မစကြာ ဟောတဲ့အခါ၊အာယုသင်္ခါရ လွှတ်တဲ့အခါ၊ခန္ဓပရိနိဗ္ဗာန် စံလွန်တဲ့အခါလောကဓာတ်တစ်သောင်းတစ်ပြိုင်နက် တုန်လှုပ်ခြင်းမျိုးကို ဆိုလိုတယ်။


(၅)စိတ္တနိယာမ = စိတ်ဖြစ်ပုံ မြဲတယ်တဲ့၊ စိတ်ဟာ အာရုံတစ်ခုနှင့် ကြုံတွေ့ခဲ့လျှင်အတီတဘဝင်, ဘဝင်္ဂစလန, ဘဂင်္ဂုပေစ္ဆဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ, ဝုဋ္ဌောစတဲ့ဖြစ်စဉ်ဟာ မပြောင်းလဲဘူး၊အဖြစ် မြဲတယ်လို့ ဆိုလိုတယ်။


ဒီနိယာမ ငါးပါးထဲမှာ ယင်က- ဥချ၊ ဥက-လောက်ဖြစ်၊လောက်ရင့်လာတဲ့အခါမှာ ယင်ဖြစ်တယ်ဆိုတာဟာ ဗီဇနိယာမအတွင်းမှာ ပါဝင်တယ်၊ သတ္တဝါတွေဟာ ဧကဇမျိုး၊ဒွိဇမျိုး၊ တိဇမျိုးစသောအားဖြင့် ဗီဇအားလျော်စွာ အမျိုးမျိုးရှိတယ်၊ လူတို့, ကျွဲတို့, နွားတို့အစရှိတဲ့ သတ္တဝါတွေများကတော့ အမိဝမ်းဗိုက်ကသတ္တဝါအဖြစ် တစ်ကြိမ်တည်းဖွားလို့ ဧကဇမျိုးလို့ခေါ်တယ်၊ ကြက်တို့, ငှက်တို့, မြွေတို့,ဖွတ်တို့ကျတော့အမိက ဥကို တစ်ကြိမ်ဥတယ်၊ ဥကမှ သတ္တဝါတစ်ကြိမ် ပေါက်တယ်၊အဲလိုဒီ နှစ်ကြိမ်ပေါက်လို့ဒွိဇမျိုးလို့ခေါ်တယ်၊ ယင်တို့, ပျားတို့, လိပ်ပြာတို့ကျတော့ ရှေးဦးစွာ ဥတယ်၊ လောက်ကောင်လိုပိုးကိုပေါက်တယ်၊အဲဒီပိုးက အစာအဝစားပြီး တစ်နေရာမှာ အမြှေးတွေ လွှမ်းအုပ်ပြီး ငြိမ်သက်စွာဖိုဝင်တယ်၊ အဲဒီဖိုကထွက်မှ မူလသတ္တဝါမျိုး ဖြစ်လာတယ်၊ဒါကြောင့် ဒီသတ္တဝါမျိုးကို တိဇမျိုးလို့ခေါ်ကြတယ်ကွယ့်၊ ဒီလို တစ်ကြိမ်ပေါက်ခြင်း နှစ်ကြိမ်ပေါက်ခြင်း သုံးကြိမ်ပေါက်ခြင်းဟာသူ့ရဲ့ ဗီဇမျိုးမျှသာ ဖြစ်တယ်။


လောကမှာ သတ္တဝါတွေဟာ အလွန် အဖြစ်ဆန်းတယ်၊ (သတ္တနိကာယော အစိန္တေယျော) သတ္တဝါဖြစ်ပုံကို အကြံစည်နှင့်လို့ ဘုရားဟောတော်မူထားသကွယ့်။


ကိုယ်ကောင်ထင်ရှားဘွားကနဲ့ ဖြစ်ပေါ်လာတဲ့ ဥပပတ်ပဋိသန္ဓေ၊


အညှီအဟောက်ကို စွဲမှီဖြစ်ပေါ်လာတဲ့ သံသေဒဇပဋိသန္ဓေ၊


ဥခွံတွင်းက ဖြစ်ပေါ်လာတဲ့ အဏ္ဍဇပဋိသန္ဓေ၊


မိခင်သားအိမ်မှာ ကလလရေကြည် စတည်ဖြစ်လာတဲ့ ဇလာဗုဇပဋိသန္ဓေတို့ဖြစ်ကြတယ်။ အဏ္ဍဇနှင့် ဇလာဗုပဋိသန္ဓေတို့ကို အမိဝမ်းဗိုက်မှာပဋိသန္ဓေ တည်နေရလို့ ဂဗ္ဘသေယျကပုဂ္ဂိုလ်လို့ ဆိုကြတယ်၊အဏ္ဍဇနှင့် ဇလာဗုဇပဋိသန္ဓေဟာ အဖိုနှင့်အမစပ်မှီရာမှ ဖြစ်ပေါ်လာတဲ့ ပဋိသေန္ဓများ ဖြစ်ကြတယ်၊ ဥပပတ်နှင့်သံသေဒဇတို့ကတော့ အဖို,အမတို့ရဲ့ စပ်ယှဉ်ခြင်းကို စွဲမှီ ဖြစ်ပေါ်လာတာမဟုတ်ဘူး။


ဒီနေရာမှာ သက်ရှိသတ္တဝါများ ဖြစ်ပွားလာပုံ သိပ္ပံနည်းကို ပြောပြဦးမယ်၊သက်ရှိသတ္တဝါ မျိုးပွားလာပုံဟယာ


ပထမျိုးက အမီးဗားကောင်များကို တစ်ကောင်းတည်းကနှစ်ခြမ်းကွဲ နှစ်ကောင် ဖြစ်ပွားလာတာမျိုးလည်းရှိတယ်။


ဒုတိယမျိုးက ဆဲလ်ပေါင်းများစွာပါတဲ့ သက်ရှိအရာဝတ္ထုတစ်ခုဟာမြေတွင်လျှောက်၍ အမြစ်တွယ် တိုးပွားသော စထရောဘယ်ရီပင်လို သက်ရှိအသစ်များ ပေါက်ဖွားရန်ကြီးထွားလာတာမျိုးလည်းရှိတယ်။


တတိယအမျိုးက ဘယ်လ်ဂျေပင် မှိုနှင့် အဆင့်အတန်းမြင့်တဲ့သစ်ပင်များမှာ အပင်သစ်တွေ အလိုလို ဖြစ်ပွားလာသလို သတ္တဝါတစ်မျိုးကိုမှီတွယ်ပြီး အလိုလိုဖြစ်ပွားလာတဲ့ သတ္တဝါမျိုးလည်း ရှိတယ်။


စတုတ္ထအမျိုးဖိုနှင့်မယှဉ်စပ်ဖြစ်ပေါ်လာတဲ့ သတ္တဝါမျိုးလည်းရှိတယ်။


ပဉ္စမအမျိုးက အမဟာ အဖိုနှင့် ပေါင်းဖော်ခြင်းမရှိဘဲသားငယ်များကို ပေါက်ဖွားတဲ့ သတ္တဝါမျိုးလည်းရှိတယ်။


ဒီ ၅-မျိုးက သက်ရှိသတ္တဝါများ မျိုးပွားလာပုံဖော်ပြထားတဲ့ သိပ္ပံနည်းပဲကွယ့်၊ ဒီသိပ္ပံနည်း ၅-မျိုးထဲက တီကောင်များမျိုးပွားလာတာကတော့စတုတ္ထအမျိုးနှင့် ပဉ္စမအမျိုး ဖြစ်ကြသကွယ့်။


လောက်ကောင် ကြီးရင့်လာလျှင် ယင်ဖြစ်သလိုတီကောင်ကြီးရင်လာလျှင် ဘာဖြစ်တယ်ဆိုတာတော့ မတွေ့ဖူးဘူး၊ တီကောင်မှ ဆင်းသက်ဖြစ်ပေါ်လာတဲ့ပင့်ကူကောင်များ၊အမှင်ရှိ တီကောင်များ၊ ကျောက်စုန်းတောက်တဲ့ ဆက်တော့တာရပ်တီကြီးများ၊အသားစားတဲ့ ပင်လယ်တီ သို့မဟုတ် ကင်းခြေများများ၊ပင်လယ်ကမ်းခြေမှာ ရှိတဲ့ သဲပလုပ်ကောင်များ၊မြင်းမြှော့သို့မဟုတ် မြှော့နက်ကောင်များ အကြောင်းကိုတော့ လူထုသိပ္ပံကျမ်းအတွဲ(၅)တီကောင်မျိုးမှာ ဆင်းသက်ပိုးမျိုးသို့ အခန်းကို ကြည့်ရှုပါလို့ ကျမ်းညွှန်းလိုက်ပါတယ်ကွယ်”


“သာဓု - သာဓု -သာဓု”


***ဆက်ရန်*** ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ- အမှတ်စဉ်(၁၄၉) -ဦးစံညွန့်၏ အမေးလေးချက် (အမေး၁ ~ သောတာပန်နှင့် အောက်တန်းစားစိတ်)


***ကောက်နုတ်ချက်*** နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး) ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများအတွဲ(၄) (စာမျက်နှာ -၁၃၆ ~ ၁၄၄) မှ ကောက်နုတ်ပူဇော်ပါသည်။


ဤ အမေး-အဖြေအား ကိုယ်တိုင်ပြန်လည်ရေးသား၍ ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။


(ကပ္ပိယမောင်ရဲ)


Tuesday, April 30, 2013 11:06 am


No comments: