Thursday, April 04, 2013

အဝေးခွာသူ

အဝေးခွာသူ။
•••••••••••
ဇေတ၀န်ကျောင်းတော်၌ဘုရားရှင် သီတင်းသုံးတော်မူစဉ် ဘုရားရှင်၏အပါးမှာ မနေသော အရှင်အတ္တဒတ္တကို အကြောင်းပြု၍ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

ဘုရားရှင်က "ရဟန်းတို့ -ငါဘုရားသည် ဤနေ့မှ နောက်လေးလလွန်လျှင် ပရိနိဗ္ဗာန်ပြုတော့အံ့"ဟု မိန့်ကြားတော်မူလေရာ ပုထုဇဉ်ရဟန်းတို့သည် ထိပ်လန့်တကြားဖြစ်ကာ ဘုရားရှင်၏ထံတော်ပါးမှာသာ နေကြ၏။ အရှင်အတ္တဒတ္တသည်ကားဘုရားရှင်၏ထံတော်ပါးမှာ မနေဘဲ လွတ်ရာ ကျွတ်ရာမှာသာ သွားနေ၏။

ဤအကြောင်းကို ရဟန်းများက ဘုရားရှင်ထံ လျှောက်ထားကြလေရာ ဘုရားရှင်က အရှင်အတ္တဒတ္တကို ရှေ့တော်သို့ခေါ်၍ မေးမြန်းတော်မူ၏။ အရှင်အတ္တဒတ္တက "အရှင်ဘုရား -အရှင်ဘုရားသည် လေးလကျော်လျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့။တပည့်တော်သည် အရှင်ဘုရား ရှိစဉ်မှာပင် ရဟန္တာဖြစ်ရန် အားထုတ်နေပါသည် ဘုရား" ဟု လျှောက်ထား၏။

ဘုရားရှင်သည် အရှင်အတ္တဒတ္တ၏လျှောက်ထားချက်ကို ထောက်ခံတော် မူပြီးလျှင် ထိုစကားနှင့် ဆက်စပ်၍တရားစကား ဟောကြားတော်မူလိုသဖြင့် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေ သတည်း။

••သူတစ်ပါး၏ များစွာသော အကျိုးစီးပွားကြောင့် မိမိ၏အကျိုးစီးပွားကိုမဆုတ်ယုတ်စေရာ။••

••မိမိအကျိုးစီးပွားကို သိ၍ မိမိအကျိုးစီးပွားကို တိုးပွားအောင် အားထုတ်ရာ၏။••

ဒေသနာတော်အဆုံး၌အရှင်အတ္တဒတ္တသည် ရဟန္တာဖြစ်လေ၏။

(ဓမ္မပဒ၊အတ္တ၀ဂ် )

No comments: