Thursday, April 18, 2013

သေခြင်းသဘောကို ဖြစ်လျှင် ပျက်မြဲဓမ္မတာဟုထင်မြင်အောင် ဆင်ခြင်ခြင်း

သေခြင်းသဘောကို ဖြစ်လျှင် ပျက်မြဲဓမ္မတာဟုထင်မြင်အောင် ဆင်ခြင်ခြင်း။ ••••••••••••• "ဤလောက၌ပြည့်စုံခြင်းမည်သည် ပျက်စီးခြင်းတရားက မလွှမ်းမိုးမီ ကာလအတွင်းသာ ကောင်းမြတ်တင့်တယ်၏။ အမှန်စင်စစ် မပျက်စီးနိုင်သောပြည့်စုံခြင်းမည်သည် မရှိချေ"ဟု ပြည့်စုံခြင်းနှင့် ပျက်စီးခြင်းကိုအတွဲလိုက်ရူ၍ဆင်ခြင်ရမည်။

တနည်းအားဖြင့် -•"အနာကင်းရှင်းကျန်းမာခြင်းကားနာခြင်းနောက်ဆုံးရှိချေ၏။ ရုပ်ရည်အဆင်း နုပျိုခြင်းကားအိုခြင်းနောက်ဆုံးရှိချေ၏။"ဟူ၍ လည်းကောင်း၊

•"သတ္တ၀ါဟူသမျှသို့ပဋိသန္ဓေနေရခြင်းဘေးသည် ထက်ကြပ်မကွာ လိုက်ပါနေချေ၏။ အိုခြင်းဘေးသည် အစဉ်ပျံ့နှံ့နေချေ၏။ အနာရောဂါဘေးသည် ဖိစီးနှိပ်စက်နေချေ၏။ သေရခြင်းဘေးသည် ပြင်းစွာ ပုတ်ခတ်နေချေ၏" ဟူ၍လည်းကောင်း၊

•"မိုးထိမြင့်မားသော ကျောက်တောင်ကြီးတို့သည် အရပ်လေးမျက်နှာမှရှိသမျှအရာတို့ကို ကြိတ်ချေကာ လိမ့်၍လိမ့်၍လာကြကုန်သကဲ့သို့ အိုခြင်းနှင့် သေခြင်းတို့သည်လည်းမင်းစိုးရာဇာ၊ပုဏ္ဏား၊ သူကြွယ်၊ ဆင်းရဲသား၊ဒွန်းစဏ္ဍား၊အယုတ်အလတ် အမြတ်မထား အားလုံးသော သတ္တ၀ါတို့ကို လွမ်းမိုးနှိပ်စက် ကုန်၏" ဟူ၍ လည်းကောင်း၊

•"သေခြင်းတရားကိုစစ်မက်တိုက်ခိုက်ခြင်း လက်ဆောင်တံစိုးထိုးခြင်း တို့ဖြင့်လည်း အနိုင်ယူရန် မစွမ်းနိုင်ချေ" ဟူ၍လည်းကောင်း၊

သေခြင်းသဘောကို အဖန်ဖန်အောက်မေ့ ဆင်ခြင်ရမည်။

( ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ )

No comments: