Thursday, April 25, 2013

ဇေတ၀န်ကျောင်းတော်၌ဘုရားရှင် သီတင်းသုံးတော်မူစဉ် သားတော်အရှင်ရာဟုလာအား မာရ်နတ်လာ၍ ခြိမ်းခြောက်သည်ကို အကြောင်းပြု၍ဤဒေသနာကို ဟောကြားတော်မူလေသည်

ဇေတ၀န်ကျောင်းတော်၌ဘုရားရှင် သီတင်းသုံးတော်မူစဉ် သားတော်အရှင်ရာဟုလာအား မာရ်နတ်လာ၍ ခြိမ်းခြောက်သည်ကို အကြောင်းပြု၍ဤဒေသနာကို ဟောကြားတော်မူလေသည်။


သားတော်အရှင်ရာဟုလာသည် ရဟန်းဖြစ်ပြီးခါစ၀ါမရသေးမီမှာပင် ရဟန္တာဖြစ်၏။တစ်ညသောအခါတွင် သိက္ခာရပြီးသော ရဟန်းများသည် အရှင်ရာဟုလာ ကျိန်းစက်ရာသို့ ရောက်လာကြရာ ထိုရဟန်းများကို လေးစားသောအားဖြင့် နေရာဖယ်၍ ပေးခဲ့ပြီးလျှင် အခြားနေရာကို ရှာ၏။


အခြားမှာလည်း အိပ်စရာ မရှိသဖြင့် ဘုရားရှင် ကျိန်းစက်တော်မူရာ ဂန္ဓကုဋိတိုက်၏မုခ်ဦး၌ ကျိန်းစက်၏။ မာရ်နတ်မင်းသည် .. "သားတော်ရာဟုလာ ဟူသော နှစ်သက်ဖွယ် လက်ချောင်းကလေးကို နှိပ်စက်လျှင် ဘုရားရှင်တည်းဟူသော ကိုယ်ခန္ဓာလည်း နာကျင်ပေလိမ့်မည်"ဟု တွက်ဆကာ ဆင်ပြောင်ကြီး တစ်ကောင်ကဲ့သို့ ဖန်ဆင်းကာ အရှင်ရာဟုလာ၏ ဦးခေါင်းကို နှာမောင်းဖြင့် ရစ်ပတ်၏။ ကြိုးကြာသံ ကဲ့သို့လည်း ကျယ်လောင်စွာ အော်ဟစ်၏။


ဘုရားရှင်သည် ဂန္ဓကုဋိတိုက်တော်တွင်းမှပင် ဤအဖြစ်ကို သိတော်မူ၍ အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။


(ရဟန်းကိစ္စပြီးဆုံးခြင်းသို့ ရောက်ပြီးသောသူသည်၊ ထိပ်လန့်ခြင်းမရှိပေ။ တဏှာကင်း၏။ ဘ၀သို့ရောက်ကြောင်းဖြစ်သော၊ တဏှာစသော ငြောင့်ကန်သင်းတို့ကို ပယ်ဖျက်ခဲ့ပြီ။ ဤခန္ဓာကိုယ်သည် နောက်ဆုံးဖြစ်၏။)


(တဏှာကင်းသော,စွဲလမ်းခြင်းမရှိသော,နိရုတ္တိ ပဋိသမဘိဒါ ၌လိမ္မာသော, အက္ခရာတို့၏အပေါင်းကိုလည်းသိသော, ရှေ့နောက် အက္ခရာတို့ကိုလည်း သိသော,နောက်ဆုံးကိုယ်ခန္ဓာရှိသော, ထိုပုဂ္ဂိုလ်ကို စင်စစ်အားဖြင့် ကြီးမားသော ပညာရှိသော ယောက်ျားမြတ် ဟု ခေါ်ဆိုထိုက်၏။)


ဒေသနာတော်အဆုံး၌မာရ်နတ်မင်းသည် ကွယ်ပျောက်သွားလေ၏။


(ဓမ္မပဒ။ တဏှာဝဂ်။ မာရဝတ္ထု )


No comments: