Friday, April 19, 2013

အလွန်ကဲဆုံးရောဂါ

အလွန်ကဲဆုံးရောဂါ။

••••••••••••••••••

အာဠ၀ီမြို့သို့ ဘုရားရှင်ကြွတော်မူစဉ် ဒါယကာတစ်ယောက်ကိုအကြောင်းပြု၍ဤဒေသနာကို ဟောကြားတော်မူလေသည်။


အာဠ၀ီမြို့မှ ဆင်းရဲသားဒါယကာတစ်ယောက်၏ ကျွတ်တမ်းဝင်မည့်အရေး ကို မြင်တော်မူသဖြင့်ဘုရားရှင်သည် နောက်ပါရဟန်းငါး ရာနှင့်တကွ သာဝတ္ထိမြို့တော်မှ ယူဇနာသုံးဆယ် ကွာလှမ်းသော အာဠ၀ီမြို့သို့ ကြွရောက်တော်မူ၏။ အာဠ၀ီမြို့သူမြို့သားတို့သည် ဘုရားရှင်နှင့်တကွ သံဃာတော်များအား ပင့်ဖိတ်ပြီးလျှင် ဆွမ်းခဲဖွယ်တို့ဖြင့် ပြုစုလုပ်ကျွေး ကြကုန်၏။


ဆွမ်းကိစ္စပြီးဆုံးသောအခါဆွမ်းအနုမောဒနာတရား ဟောကြားတော်မူရန်ဆွမ်းဒါယိကာမများက ဘုရားရှင်၏သပိတ်ကို လှမ်းယူကြ၏။ဘုရားရှင်သည် ရည်မှန်းထားခဲ့သော ဒါယကာတစ်ယောက် ရောက်မလာသေးသဖြင့်တရားဟောတော်မမူသေးဘဲ ဆိတ်ဆိတ်နေတော်မူလေသည်။


ထိုဒါယကာသည်ကားဆင်းရဲသားတစ်ယောက်ဖြစ်၍ ပျောက်သွားသော နွားတစ်ကောင်ကိုတောထဲမှာ ရှာဖွေနေရ၏။နွားကိုရှာ၍ တွေ့လာခါမှ နွားကို နွားအုပ်ထဲသို့သွင်းထားပြီးလျှင် ဘုရားရှင်ထံသို့ ၀င်လာ၏။


ထိုဒါယကာသည် ဆာလောင်မွတ်သိပ်နေသဖြင့် ဤအတိုင်း တရားဟောလျှင် တရားကို သိနိုင်မည် မဟုတ်ချေ။ ဤအကြောင်းကို ဘုရားရှင်သိတော်မူသဖြင့် သံဃာများအားဆက်ကပ်၍ ကျန်သော စားသောက်ဖွယ်ရာများကို ကျွေးမွေးရန် မိန့်ကြားတော်မူ၏။


ဆွမ်းကျွေးပွဲ၌ ဝေယျာဝစ္စဆောင်ရွက်သူများကလည်း စားကောင်းသောက်ဖွယ်များကို ထိုဒါယကာ၏ရှေ့သို့ ပို့ဆောင်၍ ကျွေးမွေးကြကုန်၏။အစားအစာ တင်းတိမ်စွာ စားသောက်ပြီးသောအခါ ထိုဒါယကာအားဘုရားရှင်က တရားဟောတော်မူလေရာ ထိုဒါယကာသည် သောတာပန် ဖြစ်လေသည်။


ဘုရားရှင်သည် ဒါယကာတစ်ယောက်အား အစားအသောက်ကျွေးမွေးရန် ဤနေရာမှတစ်ပါး အခြားနေရာများ၌ မိန့်ကြားတော်မမူခဲ့ချေ။ သို့ဖြစ်၍အာဠ၀ီမြို့မှပြန်လာကြသောအခါ ရဟန်းများက ထိုအကြောင်းကို ပြောဆိုကြ၏။ဘုရားရှင်သည် ထိုစကားနှင့် ဆက်စပ်၍ တရားစကား ဟောကြားတော်မူလိုသဖြင့် အောက်ပါဒေသနာတော်ကို ဟောကြားတော် မူလေသတည်း။


•ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး ရောဂါတည်း။ •သင်္ခါရတရားတို့သည်အလွန်ကဲဆုံးဒုက္ခတည်း။ •နိဗ္ဗာန်သည် အလွန်ကဲဆုံးချမ်းသာတည်း။ ဤသို့ဟုတ်တိုင်းမှန်စွာသိ၍ပညာရှိသည် နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြု၏။


(ဓမ္မပဒ၊သုခ၀ဂ်၊ဧကဥပါသကဝတ္ထု )


No comments: