Sunday, April 21, 2013

ပု ထု ဇဉ် ဟူ သည်

ပု ထု ဇဉ် ဟူ သည်။

"ပုထုဇဉ်ပဲ ဒီလောက်တော့ဖြစ်မှာပေါ့" ဟူသော အပြောမျိုးကို အများသူငါ ပြောတတ်ကြပါ၏။ "ဟ ပုထုဇဉ်ပဲ။ဒေါသ ဖြစ်စရာရှိရင် ဖြစ်မှာပေါ့"။ "လောဘတော့ ရှိမှာပေါ့။ပုထုဇဉ်ပဲဟာ" စသော ပြောသံ ဆိုသံများကိုလည်း ကြားဖူးရပါ၏။

ပုထုဇဉ် ဟူသည် အဘယ်သို့သော ပုဂ္ဂိုလ်ကို ဆိုလိုသည်၊ ဘာကြောင့် ပုထုဇဉ်ခေါ်သည်ကို"ပဋ္ဌာန်းသိပ္ပံ ဆရာတော် ဘုရားကြီး ဘဒ္ဒန္တ ဣန္ဒက" မှ အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့ပါ၏။

တို့လူတွေက တယ်ခက်တယ်။တစ်ခါတစ်ရံ အဆင်မပြေတာ ကြုံရတဲ့အခါ ဒေါသဖြစ်ချင်ကြတယ်။ အချို့များမှာ ပုထုဇဉ်ပဲ ဖြစ်မိတာပေါ့ဆိုတဲ့ ဆင်ခြေလေးနဲ့ ဖြေတတ်ကြတယ်။ပုထုဇဉ်မို့ ဆိုတာလေးပြောရတော့ သိပ်ကျေနပ်နေပုံပဲ။ ဘာပြုလို့ ပုထုဇဉ်ခေါ်တာကို ထည့်မစဉ်းစားဘူး။

"ပုထုကိလေသာ ဇာနေတီဟိပုထုဇ္ဇနေဝ" တဲ့။ ပုထုကိလေသ…များပြားလှစွာသော ကိလေသာဆိုး အမျိုးမျိုးတို့ကို၊ ဇာနေတိ…ဖြစ်စေတတ်၏၊ ဣတိတသ္မာ… ထို့ကြောင့်၊ပုထုဇ္ဇနေဝ… ပုထုဇဉ် မည်၏တဲ့။

ပုထုဇဉ်ဆိုတဲ့အဓိပ္ပာယ်ဟာ လောဘကိလေသာ အားကြီးသူ၊ ဒေါသကိလေသာ အားကြီးသူ၊ မောဟကိလေသာ အားကြီးသူလို့ ဆိုလိုတယ်။

ဒီလူ ကိလေသာ အတော်အားကြီးတယ် ဆိုလို့ရှိရင် ရှက်စရာကြီးမဟုတ်လား။ဒါပေမယ့်ဒီအဓိပ္ပာယ်ကို မတွေးမိဘဲ ဒါကတော့ ပုထုဇဉ်ကိုးလို့ ပြောရတာတော့ ဟန်ကျတယ်ထင်နေကြတယ်။

တချို့ဒါယကာ၊ဒါယိကာမကြီးတွေက တရားစကားလေး ဘာလေးပြောရင်"တပည့်တော်တို့ကတော့ ပုထုဇဉ်ကိုး ဘုရား"ဘာညာနဲ့ သူတို့ကဒီအခေါ်လေးနဲ့ ကျေနပ်နေလိုက်ကြတာ"။

ပဋ္ဌာန်းသိပ္ပံ ဆရာတော်ကြီးဘဒ္ဒန္တဣန္ဒက။ မင်းနန်(မော်ကျွန်း) ၏ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် စာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။

ဓမ္မမိတ်ဆွေများသည် သာမန်ပုထုဇဉ်မှ ကလျာဏပုထုဇဉ်၊ ထိုမှ စူဠသောတာပန်၊မဟာသောတာပန် စသည်ဖြင့် အဆင့်ဆင့် တက်လှမ်းနိုင်ကြကုန်သည် ဖြစ်ကြပါစေ။

သမုတိနယ်တွင် သတ်မှတ်ထားသော မင်္ဂလာနှစ်သစ်တွင သံသရာမှ လွတ်ကင်းနိုင်သောကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပါစေ။

No comments: