Sunday, April 28, 2013

ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ-အမှတ်စဉ်(၁၄၇) - သဿတနှင့် ဥစ္ဆေဒ(အပိုင်း-၂)

ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ-အမှတ်စဉ်(၁၄၇) - သဿတနှင့် ဥစ္ဆေဒ(အပိုင်း-၂) By Ye Win Tun


“ပထမဒုက- က ကိလေသာနှင့် အဘိသင်္ခရဏ တဲ့ကွယ်၊ကိလေသာ ဆိုတဲ့ တရားက သံသရာဝဲဂယက် က လွဲမထွက်နိုင်အောင်ရပ်တည်နေတာနှင့်တူတယ်၊ မြစ်အလယ်မှာ ဘာမျှမလုပ်ဘဲ ရပ်တည်နေလျှင် နစ်မြုပ်သွားမှာပဲဖြစ်တယ်၊သံသရာခရီးမှာ ပုဂ္ဂိုလ်ဟာလည်း သံသရာက ကျွတ်လွတ်ဖို့ ဘာမျှမလုပ်လျှင် သံသရာမှာနစ်မျော,မျောသွားမှာပဲ၊နစ်မျောဆိုတာက သံသရာမှာ ကျင်လည်စဉ် လူနတ်ဗြဟ္မာဆိုတဲ့ အထက်တန်းစားကမကျင်လည်ရဘဲ ငရဲ,တိရစ္ဆာန်,ပြိတ္တာ, အသူရကာယ် ဆိုတဲ့ အပါယ်ဘုံမှာ နစ် မြုပ်ပြီး ကျင်လည်ရမယ်လို့ဆိုလိုတယ်”


အဘိသင်္ခရဏဆိုတာက ကုသိုလ်ကံကို ဆိုလိုတယ်၊ ကုသိုလ်ကံဆိုတာကလည်းဒါနမှု, သီလမှု, ဘာဝနာမှုများကိုဆိုလိုတယ်၊ ဒါနမှု, သီလမှု, ဘာဝနာမှုဆိုတာကလည်း နိဗ္ဗာန်တိုင်ထိအားထုတ်တဲ့ကံမျိုးကို မဆိုလိုဘူး၊ကာမာဝစရကုသိုလ်ကံ,မဟာဂ္ဂုတ်ကုသိုလ်ကံမျှ အားထုတ်ခြင်းကိုဆိုလိုတယ်၊ ကာမာဝစရကုသိုလ်ကံမျှကိုသာအားထုတ်ခဲ့လျှင် ကာမသုဂတိ ၇-ဘုံမှာ ဖြစ်မယ်၊မဟဂ္ဂုတ်ကုသိုလ်ကံ မျှကိုသာ အားထုတ်ခဲ့လျှင်ကာမသုဂတိ ၇-ဘုံမှာ ဖြစ်မယ်၊ မဟဂ္ဂုတ်ကုသိုလ်ကံမျှကိုသာ အားထုတ်ခဲ့လျှင် ရူပဗြဟ္မာ, အရူပဗြဟ္မာဘုံမှာဖြစ်မယ်၊ဒါကြောင့် အဘိသင်္ခရဏခေါ်ရတဲ့ ကာမကုသိုလ်ကံ,မဟဂ္ဂုတ်ကုသိုလ်ကံမျှသာ ပြုလုပ်ခဲ့လျှင်လည်းသံသရာမှာ ပေါ်မျော,မျောမယ်လို့


“ဒုတိယဒုက- က တဏှာနှင့် ဒိဋ္ဌိ တဲ့ကွယ်” “တဏှာဆိုတာက အဆင်းစသည်ကိုတပ်မက်တဲ့တဏှာပေါ့၊ တဏှာရဲ့အစွမ်းအားဖြင့်သံသရာမှာ ပျော်မွေ့နေလျှင် အားမထုတ်ဘဲ ရပ်တည်နေတာနှင့်တူလို့ သံသရာမှာ နစ်မြုပ်သွားမယ်တဲ့၊ ဒိဋ္ဌိဆိုတာကမိစ္ဆာဒိဋ္ဌိ အယူရှိကြတဲ့ ပုရာဏကဿပစတဲ့ရသေ့ဒိဋ္ဌိများကို ဆိုလိုတယ်၊အဲဒီ ရသေ့များဟာ ကိလေသာကုန်ခမ်းအောင်ရယ်လို့ ကိုယ်ကို


အတ္တကိလမထာနုယောဂအကျင့်များကိုပြုလုပ်ကြသော်လည်း ဒီအကျင့်များဖြင့် ကိလောသာမကုန်နိုင်ဘူး၊ ကိလေသာမကုန်နိုင်တဲ့အတွက်သံသရာမှာ ပေါ်မျော,မျောသွားမယ်ကွယ့်”


“တတိယဒုက- က သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ ပဲ၊ သဿတိဒိဋ္ဌိဟာ ရပ်တည်နေတာနဲ့တူလို့ သံသရာမှာ နစ်မြုပ်မယ်တဲ့၊ဥစ္ဆေဒဒိဋ္ဌိက အားထုတ်ကူးခတ်ခြင်းနှင့်တူလို့ သံသရာမှာ ပေါ်မျော,မျောမယ်တဲ့”


ဒီနေရာမှာ ဆိုလိုချင်တာက တတိယဒုကပဲကွယ့်၊ တတိယဒုကအရ သဿတနှင့် ဥစ္ဆေဒနှစ်ပါးမှာ သဿတအရ တဏှာကို ကောက်ယူတယ်၊ဥစ္ဆေဒအရ ဒိဋ္ဌိကိုကောက်ယူတယ်၊ အဓိပ္ပာယ်က တဏှာ၏အစွမ်းဖြင့် ကာမဂုဏ်ကို ခံစားတယ်ဆိုတာ ထိုကာမဂုဏ်ကို ခိုင်မြဲတယ်လို့ယူဆတဲ့ သဿတ အယူကြောင့် ဖြစ်တယ်၊ ဒိဋ္ဌိအစွမ်းအားဖြင့် အတ္တကိလမထာနုယောဂအကျင့် ကျင့်တယ်ဆိုတာဒီအကျင့်ဖြင့် ဘဝပြတ်မယ်လို့ ယူဆတဲ့ဥစ္ဆေဒအယူကြောင့် ဖြစ်တယ်၊ယခု ပြောခဲ့တဲ့ တဏှာနှင့်ဒိဋ္ဌိ,သဿတနှင့်ဥစ္ဆေဒအယူကြောင့် ဖြစ်တယ်၊ယခုပြောခဲ့တဲ့ တဏှာနှင့် ဒိဋ္ဌိ,သဿတနှင့် ဥစ္ဆေဒဒိဋ္ဌိတို့အမည်ချင်းတူသော်လည်းသဘောခြင်းမတူဘူးလို့ ယူဆတယ်၊နိဿယဆရာတော်ပြဆိုတဲ့ သဿတနှင့ ကာမသုခလ္လိကာ၊ဥစ္ဆေဒနှင့် အတ္တကိလမထဆိုတာဟာ ယခု သြဃတရဏအဋ္ဌကထာကို ရည်ညွှန်းတာပဲ ဖြစ်တယ်ကွယ့်။


“မှန်ပါ၊သဿတနှင့် ဥစ္ဆေဒကိုတော့ အနည်းငယ်ရှင်းလင်းသွားပါပြီ၊ဆရာတော် ထုတ်ပြတဲ့ ဒုက ၇-ပါးကို ပြီးဆုံးအောင် မိန့်တော်မူပါဦးဘုရား”


“ဒုက ၇-ပါးအနက် ယခု တတိယဒုက ပြီးသွားပြီ၊စတုတ္ထဒုက, က တဏှာ, ဒိဋ္ဌိ နှင့် အဘိသင်္ခရဏ တို့ဖြစ်ကြတယ်၊ တဏှာ, ဒိဋ္ဌိတို့ဖြင့် ရပ်တည်နေလျှင် နစ်မြုပ်မယ်၊တဏှာ,ဒိဋ္ဌိတို့မှ ကြွင်းသောကိလေသာတို့၏ အစွမ်းဖြင့် အားထုတ်လျှင် ပေါ်မျော,မျောမယ်တဲ့ ”


“ပဉ္စမဒုက - က ကာမသုခလ္လိကာနုယောဂနှင့်အတ္တကိလမထာနုယောဂတို့ ဖြစ်ကြတယ်၊ ကာမသုခလ္လိကာနုယောဂအစွမ်းဖြင့် ကာမဂုဏ်အကြားမှာနစ်မြုပ်နေလျှင်ဘဝမှာ လွတ်မြောက်အောင် အားထုတ်ခြင်းမရှိတဲ့အတွက် ရပ်တည်နေတာနှင့် တတယ်၊ သံသရာမြစ်အလယ်မှာရပ်တည်နေလျှင် နစ်မြုပ်သွားမယ်တဲ့၊ ကိုယ်ကို ညှဉ်းပမ်းခြင်း အတ္တကိလမထာနုယောဂအကျင့်ဖြင့်အားထုတ်ပြန်လျှင်လည်း အားထုတ်မှုမမှန်တဲ့အတွက် ပေါ်မျော, မျောသွားမယ်တဲ့”


“ဆဓမဒုက- က လီနနှင့် ဥဒ္ဓစ္စ တဲ့၊လီနဆိုတာ တွန့်တိုဆုတ်နစ်တာပေါ့၊တွန့်တိုဆုတ်နစ်သော စိတ်ဖြင့် ဘာမျှမလုပ်ဘဲ နေလျှင်လည်းမြုပ်သွားမယ်တဲ့၊ ဥဒ္ဓစ္စဆိုတာ ပြန့်လွင့်တာတဲ့၊ ပြန့်လွင့်တဲ့စိတ်ဖြင့် အားထုတ်ပြန်လျှင်လည်းပေါ်မျော,မျော သွားမယ်တဲ့”


“သတ္တမဒုက- က အကုသလာဘိသင်္ခရဏနှင့် လောကိယကုသလာဘိသင်္ခရဏ တို့ ဖြစ်ကြတယ်၊ အကုသလာဘိသင်္ခရဏဆိုတာက အကုသိုလ်ကံတွေကိုလုပ်နေလျှင် အပါယ်ဘုံမှာ မြုပ်မျော, မျောမယ်တဲ့၊လောကိယကုသလာဘိသင်္ခရဏဆိုတာ လောကီကုသိုလ်တွေအားထုတ်နေပြန်လျှင်လည်းပေါ်မျော မျောမယ်တဲ့၊ဒါကြောင့် သံသရာမှာ မြုပ်မျောလည်းမမျော၊ ပေါ်မျောလည်း မမျောရအောင်လောကုတ္တရာကုသိုလ်ဆိုတဲ့ မဂ်ကုသိုလ်ကိုရအောင် အားထုတ်ပါလို့ဆိုလိုတာပါပဲကွယ်”


“တပည့်တော်ကို အနည်းငယ် ထပ်ဆင့်လျှောက်ထားခွင့်ပြုပါဦးဘုရား”


“လျှောက်ထားပါ၊ဘာများ လျှောက်ထားချင်တာလဲကွယ့်”


“ဆရာတော်ဘုရားရဲ့ အဖြေကို ကြားရတော့တပည့်တော် ပိုသဘောပေါက်ပါတယ်ဘုရား၊ လောကမှာ ကာမဂုဏ် ခံစားကြတယ်ဆိုတာ သဿတဒိဋ္ဌိနှင့်ယှဉ်ပြီးခံစားကြတယ်၊ ခံစားအပ်တဲ့ အာရုံဟာ အမြဲတည်တယ်လို့ ယုံကြည်ပြီးခံစားတာပေါ့ဘုရား၊ အဲဒီအာရုံအမြဲတည်တယ်လို့ ထင်မြင်မှုသဿတဒိဋ္ဌိဆိုတာဟာ ယခု ပစ္စုပ္ပန်မျှကိုသာ ငဲ့တယ်၊သက္ကာယဒိဋ္ဌိ ၂၀-အတွင်းကသဿတဒိဋ္ဌိ ၁၅-ပါးတော့ မဟုတ်ဘူး၊ သဿတဒိဋ္ဌိ ၁၅-ပါးမဟုတ်တဲ့အပြင် ဒီရုပ်,ဒီနာမ်ဟာ ဒီဘမှာပင်ပြတ်တယ်၊ နောက်နောင်ဘဝ ဖြစ်ရန် မရှိတော့ဘူး၊ဒါကြောင့် ရုပ်နာမ် မပြတ်ခိုက် ကာမဂုဏ်တရားကိုအပြည့်အဝ ခံစားပေတော့လို့ ဥစ္ဆေဒဒိဋ္ဌိအတွင်း သက်ဝင်သွားတယ်လို့ ယူဆပါတယ်၊ တပည့်တော်ယူဆတာဟုတ်ပါသလား ဘုရား”


“ဟုတ်ပါတယ်၊ဘုန်းကြီးလည်းဒီလိုပင်ယူဆပါတယ်”


“နို့ပြီးမိမိခန္ဓာကိုယ်ကို ညှဉ်းပမ်းနှိပ်စက်ပြီးတရားကျင့်တဲ့ပုဂ္ဂိုလ်ဟာ ဒီအကျင့်ဖြင့် ငါဟာ ဘဝ ပြတ်လိမ့်မယ်၊နောက်တစ်ဖန် ရုပ်သစ်,နာမ်သစ်ဖြစ်ဖို့ မရှိဘူးဆိုတဲ့ ရုတ်ပြတ်, နာမ်ပြတ် ဥစ္ဆေဒအယူကိုငဲ့တယ်ပေါ့၊ အဲဒီလိုရုပ်ပြတ် နာမ်ပြတ်ကို ငဲ့ခြင်းဟာ (အကျင့်ကြောင့် ပြတ်တယ်)ဆိုတဲ့ ပစ္စုပ္ပန်မျှကိုသာ ငဲ့တယ်၊သက္ကာယဒိဋ္ဌိ ၂၀-အတွင်းကအကျင့်ကြောင့် မဟုတ်တဲ့ပြတ်ခြင်း ဥစ္ဆေဒဒိဋ္ဌိ၅-ပါးတော့ မဟုတ်ဘူး၊မဟုတ်တဲ့အပြင် ဤ ကောင်းမွန်သော အကျင့်ကြောင့် ယခုဘဝမှာ (အတ္တ)ပြတ်လျှင်ပြတ်၊ မပြတ်လျှင်ဤကောင်းမှုကံကြောင့် ကောင်းသောသုဂတိဘုံမှာ ငါ့ရဲ့အတ္တဖြစ်ရမယ်လို့ ယူဆခြင်းရှိတဲ့အတွက်သဿတဒိဋ္ဌိအတွင်းမှာတောင် ပါဝင်သွားတာပေါ့ ဘုရား၊ဒီအယူအဆကော ဟုတ်ပါသလား


“ဟုတ်ပါတယ်၊လောကမှာ အတ္တတရားဟာ မပြတ်စဲဘူး၊တစ်ဘဝပြီးတစ်ဘဝ ကုသိုလ်,အကုသိုလ်အကျိုးကို အတ္တက လိုက်ပြီး ခံစားတယ်ဆိုတဲ့ သဿတဒိဋ္ဌိအယူဟာကံ, ကံရဲ့အကျိုးကို ယုံကြည်တဲ့ ကမ္မဝါဒိအတွင်းမှာ ပါဝင်တယ်၊ ကမ္မဝါဒီအတွင်းမှာပါဝင်တဲ့အတွက်ရတနာသုံးပါးအပေါ် သက်ဝင်ယုံကြည်သူပင်ဖြစ်စေ၊ ရတနာသုံးပါးအပေါ် မယုံကြည်တဲ့ မိစ္ဆာဒိဋ္ဌိပင်ဖြစ်စေ ကုသိုလ်ကံကို အားထုတ်တယ်၊ အားထုတ်တဲ့ကုသိုလ်ကံကြောင့်သုဂတိဘုံမှာ ဖြစ်နိုင်တယ်၊ သဂါထာဝဂ္ဂသံယုတ် တာယနသုတ်မှာ တာယနနတ်သားဟာ လူ့ဘဝက ရတနာသုံးပါးအပေါ်မယုံကြည်ဘဲ တိတ္ထိတစ်ဦးပါပဲ၊ သို့သော်လည်းကမ္မဝါဒီ ပုဂ္ဂိုလ်ဖြစ်လို့ ကုသိုလ်ကို လုပ်တယ်၊ ကုသိုလ်ကံကြောင့် နတ်ဖြစ်တယ်လို့အဋ္ဌကထာမှာ ဖွင့်ပြထားတယ်၊ဒါကြောင့် သဿတဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်က ကမ္မဝါဒီအတွင်းပါဝင်လို့ဒါနကံ, သီလကံကစပြီး အတ္တကိလမထာနုယောဂတိုင်အောင် ကောင်းမှုအလုပ်ကို


ဥစ္ဆေဒဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်က လူသေလျှင်ပြတ်တာမို့ ကံကို ယုံကြည်တဲ့ ကမ္မဝါဒီ မဟုတ်ဘူး၊ ကမ္မဝါဒီ မဟုတ်တဲ့အတွက် ကုသိုလ်ကောင်းမှုမလုပ်ဘူး၊ကာမဂုဏ်ကို ခံစားတဲ့ကာမသုခလ္လိကာနုယောဂမှ စပြီးမကောင်းမှုကို လုပ်တတ်တယ်။


“မှန်ပါ၊တပည့်တော် နားရှင်းသွားပါပြီဘုရား”


အခု ဖြေဆိုခဲ့တာက ငါတို့ရဲ့အယူအဆကို တင်ပြဖြေဆိုခဲ့တာပဲ၊ယခု အယူအဆဟာ မှားချင်လည်း မှားမယ်ပေါ့၊ဒီထက်ကောင်းတဲ့ အယူအဆရှိသေးလျှင်လည်း အဲဒီခိုင်ခန့်တဲ့အယူအဆကို ယူတာပေါ့ကွယ်ဟုတ်လား” “မှန်ပါ၊ဝမ်းသာလှပါပြီ ဘုရား”


“သာဓု - သာဓု -သာဓု”


***ဆက်ရန်*** ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ- အမှတ်စဉ်(၁၄၈)


***ကောက်နုတ်ချက်*** နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ -တည်တောဆရာတော်ကြီး) ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများအတွဲ(၄) (စာမျက်နှာ -၁၃၃ ~၁၃၆) မှ ကောက်နုတ်ပူဇော်ပါသည်။


ဤအမေး-အဖြေအား ကိုယ်တိုင်ပြန်လည်ရေးသား၍ ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။


(ကပ္ပိယမောင်ရဲ)


Monday, April 29, 2013 12:10 pm


No comments: