Saturday, April 27, 2013

သေသူနဲ့သရဏဂုံ. .. ***********

သေသူနဲ့သရဏဂုံ. ..

***********


တစ် နေ့ အရေးပေါ်နိုင်ငံခြားကခေါ်တဲ့ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ “ဘုန်းဘုန်းဘုရား.. တပည့်တော် ဘယ်နိုင်ငံ၊ ဘယ်မြို့မှာ ရောက်နေတဲ့ ဘယ်သူပါဘုရား…၊ တပည့်တော် သူငယ်ချင်းတစ်ယောက် မနေ့ကဘဲ ရုတ်တရက်ဆုံးသွားလို့၊ အဲဒါ တပည့်တော် ရောက်နေတဲ့ နိုင်ငံမှာကလည်း ဘုန်းကြီးမရှိဘူးဖြစ်နေတာကြောင့်သူ့အတွက် သရဏဂုံ တင်တာကို ဖုန်းနဲ့တစ်ဆင့်၊ဒါမှမဟုတ်အင်တာနက်ကတစ်ဆင် တင်ပေးလို့ ရသလားဘုရား”ဆိုတဲ့အမေးနဲ့ ထူးထူးဆန်းဆန်း အဖြစ်တစ်ခု သိလိုက်ရပါတယ်။ခေတ်မီလိုက်တာ သရဏဂုံကိုတောင် ဖုန်းတွေ၊ အင်တာနက်တွေက တစ်ဆင့် တင်လို့ရသလားတဲ့။“သေတဲ့သူက သေသွားမှပဲ သရဏဂုံ မတင်လည်းဖြစ်ပါတယ်၊ မီးသဂြိုဟ်ပြီးသူ့အတွက် ကုသိုလ်လုပ် အမျှပဲ ပေးဝေပေးလိုက်ပါ..”လို့ ပြန်ပြောရင်း အလွဲတစ်ခုအတွက် အများဖတ်ပြီးအသိတစ်ခု ရစေဖို့ သူသေကောင်နဲ့ သရဏဂုံဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု တင်ပြဖြစ်ပြန်ပါတယ်။


ဟုတ်တယ်။ဗုဒ္ဓဘာသာတွေရဲ့အရိုးစွဲနေတဲ့ အလွဲတကာ အလွဲတွေထဲမှာ ဒီသေသူကို သရဏဂုံ တင်ရမယ်ဆိုတဲ့ အလွဲကလည်းဖျောက်ဖို့ခက်တဲ့အလွဲတစ်ခု ဖြစ်နေပါတယ်။ တကယ်တော့ သရဏဂုံဆိုတာ တင်ပေးလို့ရတဲ့အရာ မဟုတ်ပါဘူး။ ဆောက်တည်မှ ရတဲ့အရာဖြစ်ပါတယ်။ဆောက်တည်မှ ရတဲ့အရာဆိုရင်အသက်ရှိမှ ဆောက်တည်လို့ ရမှာဖြစ်လို့ သရဏဂုံတည်အောင်လုပ်နိုင်တာလည်းအသက်ရှင်နေတဲ့သူပဲ လုပ်နိုင်တာ ဖြစ်ပါတယ်။ဒါဆိုသေတဲ့သူအတွက် သရဏဂုံဟာ တင်ပေးလို့လည်းမရသလို တည်အောင်ဆောက်လို့လည်း မရဘူးဆိုတာ ရှင်းပါတယ်။ အဲဒါကိုပဲ ဗုဒ္ဓဘာသာတွေက လူသေရင်သရဏဂုံ တင်ရတယ်ဆိုတာကြီးက စွဲနေကြတော့တာ ဖြစ်ပါတယ်။


ဗုဒ္ဓဘာသာမှာ သရဏဂုံ ဆောက်တည်ထားတဲ့ သူတွေအတွက် သရဏဂုံ ပျက်ခြင်းအကြောင်းနှစ်မျိုးရှိပါတယ်။ တစ်မျိုးက သေသွားရင် သရဏဂုံ ပျက်သွားပြီး နောက်တစ်မျိုးကတော့ ရတနာသုံးပါးထက် ကျန်တဲ့အရာတွေကိုပိုပြီးအားကိုးယုံကြည် ကိုးကွယ်ရင် သရဏဂုံ ပျက်ပါတယ်။ တစ်ချို့က ရတနာသုံးပါးအပေါ်ယုံကြည်ကိုးကွယ်မှု မပျက်ပေမယ့် အခြေအနေအရ တစ်ခြားအယူဝါဒတွေကို ကိုးကွယ်ပူဇော် ပသနေရတာတွေ ရှိပါတယ်။ဥပမာ ကြောက်လို့ပဲ ဖြစ်ဖြစ်၊ လာဘ်လာဘကြောင့်ပဲဖြစ်ဖြစ်၊ အစဉ်အလာ ကိုးကွယ်လာမှုများကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ဒီလို ကိုးကွယ်ပူဇော်မှုမျိုးမှာတော့ သရဏဂုံ မပျက်ပါဘူး။သရဏဂုံတော့ ညစ်နွမ်းပါတယ်။


ထားပါတော့။ဒီနေရာမှာ ပြောချင်တာက သေသွားရင်သရဏဂုံ တင်ပေးလို့ မရတော့တဲ့အပြင်အသက်ရှင်စဉ်က ဆောက်တည်ခဲ့တဲ့ သရဏဂုံပါ ပျက်သွားတာဖြစ်တဲ့အတွက် သေသူကို သရဏဂုံတင်တယ်ဆိုတာ မှားနေတဲ့ အယူအဆ ဖြစ်တယ်ဆိုတာ ပြောချင်တာပါ။တစ်ခုတော့ ရှိတယ်။ သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေတဲ့သူကိုရည်စူးပြီး ကုသိုလ်လုပ် အမျှပေးဝေပေးတာ၊သေသူကို အကြောင်းပြုပြီး ကျန်ခဲ့တဲ့သူတွေမှာ သောကပရိဒေ၀တွေကြောင့် သရဏဂုံ ညှိုးနွမ်းနေတဲ့အပေါ်မှာ ပြန်လည်သတိတရဖြစ်လာအောင် ကုသိုလ်လုပ်ကြတယ်ဆိုရင်တော့ဒါဟာ အဓိပ္ပါယ်ပြည့်ဝပြီး စာပေနဲ့ညီကာ သဘာဝလည်းကျပါတယ်။အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေသူကို ရည်စူးပြီးကုသိုလ်လုပ်တာ ဆိုရင်တော့ သေတဲ့နေကစပြီးအချိန်မရွေး၊ နေရာမရွေးအကန့်အသတ်မရှိ ကုသိုလ်လုပ် အမျှပေးဝေနိုင်ပါတယ်။သေသွားတဲ့သူက သာဓု ခေါ်နိုင်လို့ခေါ်သွားရင် သူ့အတွက် ကောင်းသွားပြီး မခေါ်နိုင်လည်း ကျန်တဲ့သူတွေအတွက် ကုသိုလ်ရစေတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။


ဒါကြောင့် အရိုးစွဲနေတဲ့ အယူအဆ တစ်ခုဖြစ်တဲ့ သေသူကို သရဏဂုံ တင်တယ်ဆိုတဲ့ အစဉ်အလာ အယူအဆဟာ ဗုဒ္ဓဘာသာ အလိုအရ လွဲမှားနေပြီးလုပ်ပေးလို့မရတဲ့ အယူအဆ ဖြစ်နေတယ်ဆိုတာကိုသဘောပေါက်နားလည်ကာ နောက်နောင်ဘယ်သူပဲသေသေ သေသူကို သရဏဂုံတင်တာတွေလုပ်စရာမလိုဘဲ သေသူကိုရည်စူးပြီး ကုသိုလ်လုပ် အမျှပေးတာတွေပဲ လုပ်သင့်တယ်ဆိုတာ သတိပြုနိုင်ကြစေဖို့ လွဲနေတဲ့အလွဲတစ်ခုအဖြစ် သူသေကောင်နဲ့ သရဏဂုံအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါတယ်။


(ဓါတ်ပုံကို အင်တာနက်မှ ကူးယူဖော်ပြသည်)


စာရေးသူ =အရှင်ဝိစိတ္တ (မနာပ ဒါယီ)


Dhamma Danã Source ► ဓမ္မအလင်းတန်း


No comments: