Sunday, April 28, 2013

ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ-အမှတ်စဉ်(၁၄၆) - သဿတနှင့် ဥစ္ဆေဒ(အပိုင်း-၁(သက္ကာယဒိဋ္ဌိ-၂၀) သဿတနှင့်  ဥစ္ဆေဒ

ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ-အမှတ်စဉ်(၁၄၆) - သဿတနှင့် ဥစ္ဆေဒ(အပိုင်း-၁(သက္ကာယဒိဋ္ဌိ-၂၀)


သဿတနှင့်  ဥစ္ဆေဒ


“ဟောဒီစာကထီးချိုင့်မြို့၊ဈေးအတွင်း၊ အေးမင်းထွန်းစာပေကက ကိုအေးငွေရဲ့မေးလျှောက်စာ ဖြစ်ပါတယ် ဘုရား”


“ကိုအေးငွေက ဘာတွေများ မေးထားသလဲကွယ့်”


“ကိုအေးငွေက ဓမ္မစကြာသုတ်အနက် ကျက်မှတ်တဲ့အခါနိဿယမှာ -သဿတဒိဋ္ဌိနှင့်ယှဉ်သော ကာမသုခလ္လိကာနုယောဂအကျင့်နှင့် ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော အတ္တကိလမထာ နုယောဂအကျင့်လို့တွေ့ရသတဲ့ဘုရား”


ကာမသုခလ္လိကာနုယောဂအကျင့်ဟာ သဿတိဒိဋ္ဌိနှင့် ဘယ်လိုယှဉ်သလဲ၊ အတ္ထကိလမထာနုယောဂ အကျင့်ဟာ ဥစ္ဆေဒဒိဋ္ဌိနှင့် ဘယ်လိုယှဉ်သလဲ ဆိုတာ ဉာဏ်မမီတဲ့အတွက် ဆရာတော်ထံ စာဖြင့် ရေးလျှောက်ခြင်းဖြစ်ပါတယ် ဘုရား


“သဿဒဒိ ဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိတို့ဟာ သက္ကာယဒိဋ္ဌိလို့ခေါ်တဲ့အတ္တဒိဋ္ဌိက ပေါက်ဖွားလာကြတဲ့ မိစ္ဆာဒိဋ္ဌိ များ ဖြစ်ကြသကွယ့်၊ ဒါကြောင့် သဿတနှင့် ဥစ္ဆေဒတို့ကိုမေ ပြာမီ သက္ကာယဒိဋ္ဌိ ကိုဦးစွာ ပြောပြဦးမယ်”


“မိန့်တော်မူပါ ဘုရား”


“ခန္ဓဝဂ္ဂသံယုတ်၊ ဓမ္မကထိကဝဂ်မှာ ဗန္ဓနသုတ်ရယ်လို့ရှိတယ်၊ဗန္ဓသုတ်က . ..


ဗန္ဓနသုတ်


သာဝတ္ထိနိဒါန်း. .. ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိ၊အရိယာတို့ကိုမမြင်ဘူးသော၊ သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည်. . .


(၁)ရုပ်ကို အတ္တဟု ရှု၏။ (၂)ရုပ်ရှိသော အတ္တဟု ရှု၏။ (၃)အတ္တ၌ ရုပ်ဟု ရှု၏။ (၄)ရုပ်၌အတ္တဟု ရှု၏။


ရဟန်းတို့ . .. အကြားအမြင်မရှိသော ပုထုဇဉ်ကိုရုပ်အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ခံရသူ၊ အတွင်းအပြင်နှင့်တကွ အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ခံရသူ၊ဤမှာ ဘက်ကမ်းကိုလည်းမမြင်သူ၊ ဟိုမှာဘက်ကမ်းကိုလည်း မမြင်သူ၊အနှောင်အဖွဲ့ခံရလျက်အိုရသူ၊အနှောင်အဖွဲ့ခံရလျက် သေရသူ၊အနှောင်အဖွဲ့ ခံရလျက် ဤလောကမှတစ်ပါးသော လောကသို့ သွားရသူဟုဆိုအပ်၏။


ထိုနည်းတူစွာ ဝေဒနကို အတ္တ ရှု၏။သညာကို, သင်္ခါရကို,ဝိညာဏကို . . .. တူပြီ) (သက္ကာယဒိဋ္ဌိ-၂၀) အခုပြောခဲ့တာက ဗန္ဓနသုတ်အကျဉ်းချုပ်ပေါ့ကွယ်၊ဒီ ဗန္ဓသုတ်ကို လေ့လာခဲ့လျှင် ပုထုဇဉ်ပုဂ္ဂိုလ်ဟာ ခန္ဓာတစ်ပါး တစ်ပါးပေါ်မှာ အတ္တအစွဲအလမ်း၎-မျိုးစီ, ၄-မျိုးစီ ယူဆစွဲလမ်းကြောင်းသိရတယ်၊ ခန္ဓာတစ်ပါးမှာ ၄-မျိုးယူဆတော့ ခန္ဓာငါးပါးမှာအတ္တအစွဲအလမ်း၂၀-ဖြစ်လာတာပေါ့ကွယ်၊အဲဒီ အစွဲအလမ်း၂၀-ကို ပြန်ပြီး စစ်ဆေးကြည့်ကြဦးစို့ကွယ်။


“မှန်ပါ၊စစ်ဆေးပြပါဦးဘုရား”


“ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏဆိုတဲ့ခန္ဓာငါးပါးအနက် ရှေးဦးစွာ ရုပ်ကို အတ္တစွဲလမ်းပုံ ၄-ချက် ကြည့်ကြဦးစို့။


“ပထမယူဆချက်က ရုပ်ကို အတ္တလို့ ယူဆသတဲ့၊ရုပ်ကို အတ္တလို့ ယူဆတယ်ဆိုတာ ရုပ်သည်ပင် အတ္တ၊အတ္တသည်ပင် ရုပ်လို့ ဆိုလိုတယ်၊ ရုပ်နှင့်အတ္တမကွဲပြားဘူး၊အတူတူပဲလို့ ဆိုလိုတာပေါ့”


“ဒုတိယယူဆျက်က ရုပ်ရှိသော အတ္တတဲ့ဟုတ်လား”


“ဟုတ်ပါတယ်ဘုရား”


“ရုပ်ရှိသောတ္တဆိုလိုက်တာ့ အိမ်ရှိသောလူဆိုတာလိုအိမ်တခြား, လူတခြား, ရုပ်တခြား အတ္တတခြားဖြစ်နေတာပေါ့၊ဟုတ်တယ်မဟုတ်လား”


“တင်ပါ့ဘုရား”


“တတိယယူဆချက်က အတ္တ၌ရုပ်တဲ့ကွယ့်၊ အတ္တကအမှီခံတရား၊ ရုပ်က မှီတတ်တဲ့တရားနိဿယနှင့် နိဿိတဖြစ်လို့ အရကောက်ချင်းမတူကြဘူး၊ကျန်တဲ့ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်တို့မှာလည်းဤနည်းအတိုင်း ကောက်ရမှာပဲကွယ့်၊ သက္ကာယဒိဋ္ဌိ ၂၀-ကိုဤနည်းအတိုင်း ဝေခွဲကောက်ယူတဲ့အခါမှာ ပထမစွဲလမ်းချက်ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဒီခန္ဓာငါးပါးနှင့် အတ္တတရားဟာ အရကောက် မကွဲပြားဘူး၊ အတူတူ ဖြစ်တယ်၊ ဒါကြောင့် ခန္ဓာငါးပါးပျက်စီးလျှင် အတ္တလည်းပျက်စီးတယ်၊ ခန္ဓာဟာ ပျက်စီးပြီးနောက် အသစ်တစ်ဖန်ပြန်လည် မဖြစ်သလိုအတ္တဟာလည်းအသစ်မဖြစ်တော့ဘဲ ပြတ်သွားတယ်လို့ ယူဆတယ်


သက္ကာယဒိဋ္ဌိ ၂၀-အတွင်းကအဲဒီပထမ ယူဆစွဲလမ်းချက်၅-ခုဟာ ဥစ္ဆေဒိဋ္ဌိအယူအဆ အစွဲအလမ်း၅-ခုဖြစ်တယ်၊ ကျန် အစွဲအလမ်းအယူအဆ ၁၅-ပါးကတော့ ခန္ဓာနှင့်အတ္တ အရကောက်မတူဘူး၊တခြားစီဖြစ်တယ်၊ ဒါကြော့် ခန္ဓာ ပျက်စီးသွားသော်လည်းအတ္တကမပျက်စီးဘဲထိုထိုဘဝ လိုက်ပါပြီး ဖြစ်တယ်လို့ ယူဆတဲ့အတွက် သဿတဒိဋ္ဌိ၁၅-ပါးလို့ မှတ်ရမယ်ကွယ့်။


သက္ကာယဒိဋ္ဌိ ၂၀-မှာ ယခုလို ရွေးထုတ်လိုက်တော့ဥစ္ဆေဒဒိဋ္ဌိ ၅-ပါးနှင့် သဿတဒိဋ္ဌိ၁၅-ပါး ဖြစ်ပေါ်လာတယ်၊ ဒါကြောင့်သဿတနှင့် ဥစ္ဆေဒတို့ကိုသက္ကာယဒိဋ္ဌိက ပေါက်ဖွားလာတယ်လို့ ကျမ်းများမှာ ဖော်ပြထားတယ်။


ဥစ္ဆေဒဒိဋ္ဌိဟာ ယခုဘဝ၌ပင်ခန္ဓာရော အတ္တပါ ပြတ်စဲသွားတဲ့အတွက်ဥစ္ဆေဒဒိဋ္ဌိ အယူရှိတဲ့သူဟာ နောက်ဘဝ ငါဖြစ်ဦးမှာပဲလို့ မျှော်လင့်ချက မရှိတော့ဘူး၊ နောက်ဘဝမမျှော်လင့်ချက် မရှိတော့တဲ့အတွက် မျှော်လင့်ချက် ကောင်းတဲ့ကုသိုလ်ကံ လုပ်လျှင်လည်းကောင်းကျိုးတရား ခံစားခွင့်မရှိဘူး၊ မကောင်းတဲ့ အကုသိုလ်ကံ လုပ်လျှင်လည်း မကောင်းကျိုးခံစားခွင့် မရှိဘူး၊ဒီတော့ ပုထုဇဉ်ဆိုတာ ကိလေသာအပြည့်ရှိ နေတဲ့ ပုဂ္ဂိုလ်ပဲ၊ ကိလေသာအပြည့်ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ (ပါပသ္မိံ ရမတိမနော) ဆိုတဲ့အတိုင်းမကောင်းမှု အကုသိုလ်ဘက်မှာအားသန်နေတဲ့စိတ်ကို ကုသိုလ်ဘက် ဆွဲဆောင်ဖို့ မလိုတော့ဘူး၊ စိတ်ကြိုက်ရာဘက် မျောပါပြီးကာမဂုဏ်တရား ခံစားဖို့ရှိတော့တာပဲ၊ဒါကြောင့် ဥစ္ဆေဒဒိဋ္ဌိကို ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ချမ်းသာခံစားမှုနှင့်ယှဉ်တယ်)လို့ ဆိုလိုတယ်။


သဿတဒိဋ္ဌိ အယူရှိတဲ့ပုဂ္ဂိုလ်ကဘဝဟာ မပြတ်မစဲထပ်တလဲလဲ ဖြစ်နေဦးမှာကိုးကွယ့်၊အဲဒီလို ဘဝဖြစ်ရာမှာလည်းကုသိုလ်ကံ, အကုသိုလ်ကံကိုအခြေခံပြီးကုသိုလ်ကံရှိလျှင် ကောင်းသောသုဂတိဘုံမှာ ဖြစ်မယ်၊ အကုသိုလ်ကံရှိလျှင် မကောင်းတဲ့ ဒုဂ္ဂတိဘုံမှာဖြစ်မယ်လို့ ယူဆပြီးနောင်အခါ ကောင်းသော သုဂတိဘုံရောက်အောင် (အတ္တကိလမထာနုယောဂ -ခန္ဓာကိုယ်ကိုညှင်းပမ်းနှိပ်စက်ခြင်းနှင့်ယှဉ်သော) ကောင်းမှုကုသိုလ် ပြုလုပ်ရတယ်လို့ အဓိပ္ပာယ်ရတယ်ကွယ့်၊ သို့သော်လည်းဒီအဖြေဟာ အမေးနှင့်တော့ မညီဘူး၊အမေးက ကာမသုခလ္လိကာနုယောဂအကျင့်ကသဿတဒိဋ္ဌိနှင့်ယှဉ်တယ်၊ အတ္တကိလမထာနုယောဂ အကျင့်ကဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တယ်ကိုးကွယ်၊အခု အဖြေက ကာမသုခလ္လိကာနုယောဂအကျင့်ကဥစ္ဆေဒနှင့် ယှဉ်ပြီး အတ္တကိလမထာနုယောဂအကျင့်ကသဿတနှင့် ယှဉ်နေတယ်၊ အမေးနှင့်အဖြေဆန့်ကျင်ဘက်ဖြစ်နေတာပေါ့”


“အမေးနှင့် အဖြေညီညွတ်အောင် ဘယ်လိုယူဆရမှာလဲ ဘုရား”


“အမေးနှင့်အဖြေညီညွတ်အောင် ဖြေရမယ်ဆိုလျှင်သဂါထာဝဂ္ဂသံယုတ်အစမှာ သြဃတရဏသုတ် ဆိုတာပါသကွယ့်၊သုတ်ရဲ့အဓိပ္ပာယ်က ..


သြဃတရဏသုတ်


သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ ဘုရားရှင်သီတင်သုံးတော်မူစဉ်အခါက တစ်ခုသော သန်းခေါင်ယံမှာ နတ်သားတစ်ယောက်ဟာ ဘုရားရှင်ထံ လာရောက်ပြီးပြဿနာမေးလျှောက်ထားတယ်၊ “အရှင်ဘုရား တဲ့ . . . အရှင်ဘုရားဟာ ဘယ်လိုတရားကို အကြောင်းပြုပြီး သံသရာအလျဉ်ကကူးမြောက်တော်မူပါသလဲ”တဲ့။


ဘုရားရှင်က “ဒါယကာ နတ်သား၊ငါဟာ ရပ်တည်၍လည်းမနေ၊အားထုတ်ခြင်းလည်းမပြုဘဲ သံသရာရေအလျဉ်က ကူးမြောက်ခဲ့တယ်”လို့ ဖြေတော်မူတယ်။


နတ်သားက “အရှင်ဘုရား- ဘယ်လိုရပ်တည်မနေဘဲ ဘယ်လိုအားမထုတ်ဘဲသံသရာရေအလျဉ်ကို ကူးမြောက်တော်မူပါသလဲ”လို့ ထပ်လျှောက်တော့ ဘုရားရှင်က “ငါဟာ ရပ်တည်နေလျှင် သံသရာရေအလျဉ်အတွင်းနစ်မြုပ်သွားမယ်၊ အားထုတ်ပြီး ကူးပြန်သော်လည်းရေအလျဉ်နောက် မျောပါသွားမယ်၊ ဒါကြောင့်ငါဟာ ရပ်တည်၍လည်းမနေ၊ အားထုတ်ခြင်းလည်း မပြုဘဲသံသရာအလျဉ်ကကူးမြောက်ခဲ့တယ်”လို့ ဖြေတော်မူတယ်၊ ဒီအခါ နတ်သားက“ရပ်တည်၍လည်းမနေ၊ အားထုတ်ခြင်းလည်းမပြုဘဲ သံသရာရေအလျဉ်ကို ကူးမြောက်တော်မူပြီးသော မြတ်စွာဘုရားကို ဖူးမြင်ရလေစွတကား”လို့ လျှောက်ထားပြီး ကွယ်ပျောက်သွားသတဲ့ကွယ်။


ဒီနေရာမှာ ဘုရားရှင်ဖြေကြားတဲ့ အားမထုတ်ခြင်း၊ မရပ်တည်ခြင်းဆိုတာ ဘာလဲလို့ နတ်သားကဘုရားရှင်ကို ပြန်မလျှောက်သွားဘူး၊သူ ပြန်မလျှောက်တာကဘုရားရှင်ရဲ့ အဖြေကို သဘောပေါက်သွားလို့ ပါပဲ၊ နတ်သားက သဘောပေါက်သော်လည်းသူသူငါငါအနေနှင့်တော့ မထင်ရှားဘူးကွယ့်၊ ဒါကြောင့် အဋ္ဌကထာဆရာကရပ်တည်ခြင်း အားထုတ်ခြင်းဆိုတာကိုဒုက(၇)ပါးနှင့်ဖွင့်ပြထားတယ်။


“ဘယ်လိုဖွင့်ပြထားကလဲ အမိန့်ရှိပါဦးဘုရား”


***ဆက်ရန်*** ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ- အမှတ်စဉ်(၁၄၇) - သဿတနှင့် ဥစ္ဆေဒ(အပိုင်း-၂)


***ကောက်နုတ်ချက်*** နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ -တည်တောဆရာတော်ကြီး) ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအေ ဖြများအတွဲ(၄) (စာမျက်နှာ -၁၂၈ ~၁၃၃) မှ ကောက်နုတ်ပူဇော်ပါသည်။


ဤအမေး-အဖြေအား ကိုယ်တိုင်ပြန်လည်ရေးသား၍ ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။


(ကပ္ပိယမောင်ရဲ)


Friday, April 26, 2013 11:13 am


No comments: