Saturday, April 06, 2013

နောင်ပွင့်မဲ့ ဘုရားကျမှ ကျွတ်တမ်းဝင်ချင်တယ်



နောင်ပွင့်မဲ့ ဘုရားကျမှ ကျွတ်တမ်းဝင်ချင်တယ်။

မေး။။အရှင်ဘုရား…ယနေ့ခေတ် လူငယ်အချို့နဲ့ လူအတော်များများဟာ အရိမေတ္တေယျဘုရားရှင် လက်ထက်မှာ လူဖြစ်ခွင့် ရအောင်လုပ်ပြီးကျွတ်တမ်းဝင်နိုင်အောင် လုပ်မယ်ဆိုတဲ့ရည်မှန်းချက်တွေ ထားကြပါတယ်။အဲဒါ သင့်မသင့်ဆိုတာ သိချင်ပါတယ် ဘုရား။

ဖြေ။။နောင်ပွင့်မယ့် ဘုရားရှင် လက်ထက်မှာ လူဖြစ်ခွင့် ရဖို့ဆိုတာ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။သေချာတဲ့ အလုပ်မဟုတ်ဘူး။မြတ်စွာဘုရားရှင်က"မနုဿတ္တဘာဝေါ ဒုလ္လဘော"လူအဖြစ် ရဖို့ အတော်ခဲယဉ်းတယ်လ မိန့်တော်မူပါတယ်။

ဗြဟ္မာ့ပြည်ကအပ်တစ်စင်းကျလာတဲ့အခါလူ့ပြည်က အပ်တစ်ဆင်းက ထောင်ထားမယ်။ ဒီအခါမှာ အပ်သွားချင်းသာ ထိသွားနိုင်တယ်။လူ့ဘဝဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ဒါကြောင့် အရိမေတ္တေယျ ဘုရားရှင် လက်ထက်မှာ လူ ဖြစ်ဖို့ဆိုတာ မသေချာဘူး။

ဒါပေမယ့် ယခုဘဝမှာတော့ သေချာပေါက် လူဖြစ်နေကြရတယ်ဆိုတာ ကိုတော့ ကိုယ့်ကိုယ်ကို သတိထားစေချင်တယ်။ပြီးတော့ဘုရားရှင်သာသနာနဲ့လည်း ကြုံနေရတယ်။နာရခဲတဲ့ ဘုရားရှင်ရဲ့ တရားတော်များကိုလဲ နာယူနေရသလို ကျင့်ခွင့်လဲရနေတာဆိုတော့ ဒီလိုအဆင်ပြေနို င်မယ့် ဘဝမျိုးဘယ်ဘဝများ ရှိခဲ့လို့လဲ။ဘဝါဘဝ များစွာက ဘုရားအဆူဆူနဲ့ လွဲခဲ့ပြီးပြီ။

ယခုလက်ရှိဘဝမှာ ဘုရားရှင်သာသနာ ရှိနေတဲ့အတွက် တရားအားထုတ်ရင် မဂ်ဖိုလ် နိဗ္ဗာန်ရောက်နိုင်တယ်။ဒီလို အခွင့်ကောင်းကို လက်လွတ် အဆုံးအရှုံးခံပြီး မသေချာမရေရာတဲ့ နောင်လာမယ့် အနာဂါတ်ကိုမမျှော်ပါနဲ့။

မေးပါဦးမယ်။တကယ်လို့များ အခုအခါမှာ ငွေသိန်းပေါင်းများစွာ ရမယ်ဆိုပါစို့။ဒီအခွင့်အရေးကို အခုမယူဘဲ နောက်ဘဝကျမှ ယူမယ်ဆိုရင် လောကမှာ ဒီလောက်မိုက်တဲ့သူ ရှိပါဦးမလား။

ဒါကြောင့် သေချာစွာ ရနိုင်တဲ့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံး မခံကြပါနဲ့။စိတ်ကူးမလွဲကြပါနဲ့လို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ (မြိတ်)၏ အွန်လိုင်းပေါ်ကအမေးအဖြေများ(၃) စာအုပ်မှ ကောက်နှုတ်ပူဇော်ပါသည်။

ဓမ္မမိတ်ဆွေများရခဲလှသောလူ့ဘဝတွင် ကြုံရခဲလှစွာသော သာသနာတော်နှင့်ဆုံခိုက် အခွင့်အရေးကို မိမိရရ အသုံးချနိုင်ကြပါစေ။ —

No comments: