Monday, April 29, 2013

ဦးခေါင်းခွံ ခေါက်သူ

ီဦးခေါင်းခွံ ခေါက်သူ။

•••••••••••••••••• ဇေတ၀န်ကျောင်းတော်၌ဘုရားရှင် သီတင်းသုံးတော်မူစဉ် ၊ လူ့ဦးခေါင်းခွံများကို ခေါက်ကြည့်ကာ ထိုသူတို့၏လားရာဂတိကို ဟောကြားလာခဲ့ဖူးသော အရှင်ဝင်္ဂီသကို အကြောင်းပြု၍ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။


အရှင်ဝင်္ဂီသသည် ပုဏ္ဏားဘ၀တုန်းက ထိုအတတ်ပညာဖြင့် လှည့်လည်ဟောပြော၍ အသက်မွေးလာခဲ့သူ ဖြစ်၏။ဝင်္ဂီသပုဏ္ဏားနှင့် သူ့အဖွဲ့ပုဏ္ဏားများသည် နယ်တကာ ရပ်တကာ လှည့်လည်ရာမှ သာဝတ္ထိမြို့တော်သို့ ရောက်လာကြ၏။ ထိုပုဏ္ဏားတို့သည် ကျောင်းတော်သို့ တရားနာလာကြသော အရိယာသာဝကများအား "ဝင်္ဂီသပုဏ္ဏားတို့ထံလာ၍ ဆွေမျိုးများ၏ လားရာဂတိကို မေးကြကုန်လော့" ဟု တိုက်တွန်းကြ၏။တရားနာလာသူများက "ဝင်္ဂီသပုဏ္ဏားသည် ဘာကိုသိသနည်း။ ငါတို့ဘုရားရှင်နှင့် တူသူမရှိ"ဟု ဆိုကြ၏။နှစ်ဖက်လုံးကပင် အလျှော့မပေးဘဲ ငြင်းခုံနေကြသဖြင့် "မည်သူသည် တကယ်သိသနည်း"ဟု လက်တွေ့သိစေနိုင်ရန် ဝင်္ဂီသပုဏ္ဏားအား ဘုရားကျောင်းတော်သို့ ခေါ်ဆောင်လာကြလေသည်။


ဘုရားရှင်သည် ဝင်္ဂီသပုဏ္ဏားတို့ လာနေသည်ကို သိရှိတော်မူသဖြင့် ငရဲဘုံ၊ တိရိစ္ဆာန်ဘုံ၊ လူ့ဘုံ၊ နတ်ဘုံတို့သို့ လားကြရသော ဦးခေါင်းခွံလေးခုနှင့် ရဟန္တာပုဂ္ဂိုလ်၏ဦးခေါင်းခွံတို့ကို ယူထားရန် စေခိုင်းတော်မူ၏။ ဦးခေါင်းခွံများ ရောက်လာကြသောအခါ အစဉ်အတိုင်း ချထားစေတော်မူ၏။


ဝင်္ဂီသပုဏ္ဏား ရောက်လာသောအခါထိုဦးခေါင်းခွံများကို ပြသ၍ သူတို့၏လားရာဂတိကို မေးမြန်းတော်မူ၏။ ဝင်္ဂီသပုဏ္ဏားသည် ဦးခေါင်းခွံငါးခုတို့ကို ခေါက်၍ကြည့်ပြီးလျှင် ရှေ့လေးခုတို့၏လားရာဂတိကို အမှန်အတိုင်း ပြောပြနိုင်၏။ရဟန္တာပုဂ္ဂိုလ်၏ဦးခေါင်းခွံကိုကား ပြောမပြနိုင်တော့ချေ။


ဤတွင် ဘုရားရှင်က"ဝင်္ဂီသ။ ထိုဦးခေါင်းခွံ၏လားရာဂတိကို ငါဘုရား သိပေ၏"ဟု မိန့်ကြား၏။ ဝင်္ဂီသပုဏ္ဏားက ဤသို့သိခြင်းမှာ မန္တန်တန်ခိုးကြောင့် ဖြစ်သည်ဟု ထင်မှတ်၍ "ထိုသို့ပြုနိုင်စွမ်းသော မန္တန်ကို တပည့်တော်အား သင်ပေးပါဘုရား"ဟု လျှောက်ထားလေသည်။


ဘုရားရှင်က"ဝင်္ဂီသ။ ရဟန်းမဟုတ်သူအား ဤမန္တန်ကို သင်ပေးရန် မတတ်နိုင်" ဟု မိန့်ကြားတော်မူ၏။ ဝင်္ဂီသပုဏ္ဏားသည် "ဤမန္တန်ကို သင်ယူပြီးလျှင် ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌ငါသည် အကြီးမြတ်ဆုံး ဖြစ်ရအံ့"ဟု မျှော်လင့်ကာ ဘုရားရှင်ထံတော်တွင် ရဟန်းပြု၏။ ရဟန်းပြုပြီးသော အရှင်ဝင်္ဂီသအား ဘုရားရှင်က သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို မန္တန်၏အခြေခံအဖြစ်ဖြင့် သင်ပေးတော်မူ၏။


အရှင်ဝင်္ဂီသသည် ထိုကမ္မဋ္ဌာန်းများကို ရွတ်ဖတ်သရဇ္ဈာယ်ရင်း နှလုံးသွင်း လေရာ သုံးရက်တာမျှဖြင့် ရဟန္တာဖြစ်၏။သူ၏အဖွဲ့ဝင်ပုဏ္ဏားများက သူ့ထံလာရောက်၍ "မန္တန်သင်ယူပြီးပြီလော။ သင်ယူပြီးလျှင် သွားကြပါစို့"ဟု လာခေါ်ကြရာ အရှင်ဝင်္ဂီသက "ဒါယကာတို့။ ငါသည်ကား နောက်ကြောင်းတစ်ဖန် ပြန်သွားရန် မထိုက်တော့ပြီ"ဟု ပြောဆို၏။ ဤအသုံးအနှုန်းမှာ ရဟန္တာတို့၏အသုံးအနှုန်း ဖြစ်နေ၍မယုံကြည်နိုင်သော ရဟန်းတို့က ဘုရားရှင်ထံ လာရောက်ကာ လျှောက်ထားလေရာ ဘုရားရှင်က အရှင်ဝင်္ဂီသ၏စကားကို ထောက်ခံတော်မူပြီးလျှင် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။


အကြင်ပုဂ္ဂိုလ်သည်၊ သတ္တ၀ါတို့၏သေခြင်းကို၎င်း၊ ပဋိသန္ဓေနေခြင်းကို၎င်း၊ အချင်းခပ်သိမ်း သိ၏။ ကပ်ငြိတွယ်တာခြင်းမရှိသော, သူတော်ကောင်းတရားကို ကောင်းစွာကျင့်သော, သစ္စာလေးပါးကိုသိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟူ၍ ငါဘုရားဟောကြား၏။


အကြင်ပုဂ္ဂိုလ်၏လားရာ 'ဂတိ'ကို နတ် ဂန္ဓဗ္ဗနတ် လူတို့သည် မသိကုန်။ အာသဝေါကုန်ခန်း၍ရဟန္တာဖြစ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။


(ဓမ္မပဒ။ ဗြာဟ္မဏ၀ဂ်။ ဝင်္ဂီသတ္ထေရဝတ္ထု )


3 Treasures: Buddha, Dhamma & Sangha


No comments: