Sunday, April 07, 2013

ရက်လည်ဆွမ်းတရားမှာ ပရိတ်ရွတ်ပြီးမှရေစက်ချခြင်းနှင့် ရေစက်ချပြီးမှ ပရိတ်ရွတ်ခြင်းတွင် မည်သည့်အယူအဆက မှန်,မမှန်

ရက်လည်ဆွမ်းတရားမှာ ပရိတ်ရွတ်ပြီးမှရေစက်ချခြင်းနှင့် ရေစက်ချပြီးမှ ပရိတ်ရွတ်ခြင်းတွင် မည်သည့်အယူအဆက မှန်,မမှန်

“အမှတ်(၁)အဖြေကိုတော့ သဘောကျပါပြီ၊အမှတ်( ၂) အဖြေကို ဆက်လက်ဖြေဆိုပေးပါဦးဘုရား”

“အမှတ်(၂)ပြဿနာက ရက်လည်ဆွမ်းတရားမှာပရိတ်ရွတ်ပြီးမှ ရေစက်ချရမှာလား (သို့မဟုတ်) ရေစက်ချပြီးမှ ပရိတ်ရွတ်ရမှာလားဆိုတဲ့ပြဿနာပေါ့”

“မှန်ပါတယ်ဘုရား”

“ဒီပြဿနာကို မဖြေမီ ရက်လည်ဆွမ်းကျွေးတဲ့အယူအဆအနည်းငယ်ပြောပြဦးမယ်၊ များသောအားဖြင့် ပုထုဇဉ်တွေဟာ အတ္တအယူရှိတဲ့ သူတွေချည်းပဲဖြစ်ကြတယ်၊အတ္တအယူဆိုတာ ငါဟာ ဟိုဘဝက သေပြီးဒီဘဝမှာ ဖြစ်တယ်၊ ဒီဘဝကသေပြီးနောင်ဘဝမှာ ဖြစ်ဦးမယ်ဆိုတဲ့အယူအဆထဲက (ငါ) ဆိုတဲ့ အယူအဆဟာ အတ္တအယူအဆပဲ၊ ဗုဒ္ဓဝါဒအတွင်းမှာ အဝိဇ္ဇာမကင်းသေးသမျှ ဘဝကမကင်းဘူးလို့ဟောထားတာ ရှိတယ်၊ ရုတ်တရက်ကြည့်လျှင် အတ္တအယူအဆနှင့်တူသလိုလို ဖြစ်နေသော်လည်းဗုဒ္ဓဝါဒကဤဘဝမှ ထိုဘဝဖြစ်တာ ပါသော်လည်း ထိုဘဝနှစ်ခုအတွင်းမှာ (ငါ)ဆိုတဲ့ အတ္တ မပါဘူး၊ အချို့သောပုဂ္ဂိုလ်များက အဲဒီအတ္တကို နတ်ဘုရားက ဖန်ဆင်းထည့်လိုက်တယ်၊ အဲဒီ အတ္တ နတ်ဘုရားထံ ပြန်မရောက်သမျှဘဝများစွာ ကျင်လည်တယ်လို့ ယူဆကြတယ်။

လောကမှာ သတ္တဝါသေသော်လည်း နတ်ဘုရားထည့်ပေးလိုက်တဲ့အတ္တကတော့ သေရိုးမရှိ၊ လူ့ဘဝက သေပြီးနတ်ဖြစ်လျှင် လူ့ဘဝက အတ္တဟာ နတ်ဘဝရောက် သွားတယ်၊နတ်ဘဝက စုတိပြီး ငရဲကျသွားလျှင် နတ်ဘဝက အတ္တဟာ ငရဲသူထံ ရောက်သွားတယ်လို့ ယူဆတတ်ကြတယ်၊အဲဒီ အတ္တကို မြန်မာလူမျိုးများကငါလို့လည်း သုံးတယ်၊လိပ်ပြာကောင် ဝိညာဉ်ကောင်လို့လည်းသုံးတယ်၊ အဲဒီ ပုဂ္ဂိုလ်များငါ, ဝိညာဉ်, လိပ်ပြာလို့ ယူဆကြတဲ့ အတ္တဟာ လူသေပြီးတဲ့နောက်နောက်ဘဝမှာ ချက်ချင်း မဖြစ်သေးဘဲ သေတဲ့ဌာနအနီးအပါးမှာ (ခုနစ်ရက်)နေရသေးတယ်လို့ ယူဆတတ်ကြသတဲ့၊အဲဒီအယူအဆကို (အန္တရ ဘဝဝါဒီ)လို့ ခေါ်ဆိုကြတယ်ကွယ့်။

ဗုဒ္ဓရဲ့ဝါဒအတိုင်းဆိုလျှင် အဝိဇ္ဇာကျန်သေးတဲ့သတ္တဝါတစ်ဦး သေလွန်သည်ကို စုတိလို့ ခေါ်တယ်၊ နောက်ဘဝ ဖြစ်တာကို ပဋိသန္ဓေလို့ ခေါ်တယ်၊ မရဏာသန္နဝီထိမှာ စုတိပြီးလျှင် ပဋိသန္ဓေပဲ၊ စုတိနှင့် ပဋိသန္ဓေကြားမှာ ဘာဘဝမျှမရှိဘူး၊အန္တရဘဝ မရှိတဲ့အကြောင်းကို သင်္ဂြိုဟ်ဝီထိမုတ် မရဏုပ္ပတ္တိအဖွင့်မှာ -“တသ္မိံ နိရုဒ္ဓါဝသာနေတဿာနန္တရမေဝ ”ဆိုတဲ့ စကားအထူးကို ထည့်ထားတယ်၊အဓိပ္ပာယ်ကထို စုတိစိတ်ချုပ်လျှင် ထိုစုတိစိတ် အခြားမဲ့မှာ ပဋိသန္ဓေစိတ်ကို ဖြစ်စေသတဲ့၊ စုတိဆိုတဲ့သေလွန်ပြီးနောက် ကြားကာလ မရှိတော့ဘဲ နောက်ဘဝမှာ ချက်ချင်း ပဋိသန္ဓေကို ဖြစ်စေတယ်ဆိုတဲ့အယူအဆကိုအချို့ကမနှစ်သက်ကြဘူး၊ စုတိနှင့် ပဋိသန္ဓေအကြားမှာ ဘဝထူးတစ်ခု ရှိသေးတယ်လို့ ယူဆတတ်ကြတယ်၊ သေသူကို ကျွေးတဲ့ ကုဗ္ဗီထမင်းဆိုတာအမှန်ကတော့ သေနေတဲ့အလောင်းကောင်ကို ကျွေးတာမဟုတ်ဘူး၊ခန္ဓာကိုယ် အစွဲအ လမ်းဖြင့် အခြားဘဝမှာမဖြစ်နိုင်သေးဘဲ အိမ်မှာကပ်နေတဲ့ အတ္တခေါ်တဲ့ လိပ်ပြာကောင်ကိုကျွေးတာ ဖြစ်တယ်၊အဲဒီအတ္တခေါ်တဲ့ လိပ်ပြာကောင်ဟာ သေပြီးတဲ့နောက် အိမ်မှာ(ခုနစ်ရက်) ဖြစ်နေသေးသတဲ့၊ အဲဒီလိုဖြစ်နေခိုက်မြင်ချင်တာကို မြင်နိုင်တယ်၊လိုရာကို သွားနိုင်တယ်လို့ ယူဆတတ်ကြသေးတယ်။

ဒီအယူအဆဟာ ဘယ်သူတွေမှာ ရှိတာလဲဆိုတော့ ရှေးဟိန္ဒူကြီးတွေမှာရှိကြတယ်၊အဲဒီအယူအဆကြောင့် ကွယ်လွန်သူ ဒုတိယဘဝမဖြစ်မီခုနစ်ရက် အချိန်မှာ ကုသိုလ်ပြုပြီးသေသူကိုအမျှပေးဝေကြရတယ်၊ ရှေးဟိန္ဒူကြီးများရဲ့အယူအဆဟာ ဗုဒ္ဓဘာသာအတွင်း ဝင်ရောက်လာပြ။ိးလူသေလို့ခုနစ်ရက်လည်မှာ ဆွမ်းကျွေးပွဲ ပြုလုပ်ကြခြင်းဖြစ်တယ်၊ ယခု ပြောခဲ့တာက ဆွမ်းကျွေးရက်လည်းအကြောင်းကိုးကွယ့်၊ သူ့အမေးနှင့်တော့ မပတ်သက်သေးပါဘူး၊သူ့အမေးက ဆွမ်းကျွေးပွဲမှာ ပရိတ်ရွတ်ပြီးမှရေစက်ချရမှာလား၊ ဒါမှမဟုတ်ရေစက်ချပြီးမှ ပရိတ်ရွတ်ရမှာလားကိုးကွယ့်။

လူသေလျှင်ဆွမ်းကျွေးတယ်ဆိုတာ ရှေးဗြဟ္မဏများလက်ထက်ကပင် ရှိကြောင်း အင်္ဂုတ္တရ ဒသနိပါတ် ဇာဏုေဿာဏိသုတ်မှာ ဇာဏုေဿာဏိပုဏ္ဏားကြီးရဲ့ လျှောက်ထားချက်ဖြင့်သိသာတယ်၊သေသူ ပြိတ္တာဖြစ်ခဲ့လျှင် ရှင်သူက အမျှဝေလို့ ပြိတ္တာဘဝက ကျွတ်လွတ်ကြောင်းလည်းဇာဏုေဿာဏိသုတ်မှာပဲ ဘုရားဟောချက်ရှိတယ်။

အဲဒီ ဇာဏုေဿာဏိသုတ်အရ ဗုဒ္ဓဘာသာဝင်များ ကွယ်လွန်တဲ့အခါကွယ်လွန်သူ ပြိတ္တာဖြစ်ခဲ့လျှင် ပြိတ္တာဘဝက ကျွတ်လွတ်အောင်ကွယ်လွန်သူ ပြိတ္တာမဖြစ်ချင်လျှင်လည်းကျန်ရစ်သူများ ကုသိုလ်ရအောင်ရယ်လို့ ဆွမ်းကျွေးပွဲ ရေစက်ချအမျှပေးဝေပွဲ ပြုလုပ်ကြခြင်းဖြစ်တယ်၊ဒီလို ဆွမ်းကျွေးရေစက်ချ အမျှပေးဝေတဲ့ပွဲမှာ (တထေဝ သီလ သမ္ပန္နော၊သဒ္ဓေါ ပုရိသပုဂ္ဂလော)ဆိုတဲ့အဂုင်္တ္တိုရ် ပဉ္စကနိပါတ်လာတဲ့အတိုင်း သီလရှိသူရဲ့ပေးလှူခြင်းဟာ မြတ်တယ်ဆိုတဲ့ဘုရားဟောနှင့်ညီညွတ်အောင် ရှေးဦးစွာ သီလခံယူကြတယ်၊ သီလခံယူပြီးတော့ ရေစက် မချမီ အလှူခံကိုယ်တော်ကအသုဘနှင့်စပ်တဲ့ တရားတော်ကို ဟောတယ်၊တရားဟောပြီးလို့ အလှူရှင်ရဲ့စိတ်ဓာတ် ငြိမ်သက်တဲ့အချိန်မှာရေစက်ချ အမျှပေးဝေ ရသကိုးကွယ့်။

သီလခံယူပြီးလျှင် တရားဟော နောက် ရေစက်ချအမျှဝေ ဒီအစီအစဉ်က ရှေးရိုးအစီအစဉ်ပဲကွယ့်၊ နောက်တော့ တရားဟောနေရာမှာ အသုဘတရားမဟောတော့ဘဲမေတ္တာသုတ်ပရိတ်တော် ရွတ်ပြီး ရေစက်ချကြတယ်၊မေတ္တာသုတ်ပရိတ်တော်ရွတ်တာလည်း တရားဟောတာပဲပေါ့လေ၊သို့သော်လည်းဒီနေရာမှာ အခု ပြဿနာပေါ်လာသကိုးကွယ့်၊လူတွေရဲ့အယူအဆက ပရိတ်ရွတ်တယ်ဆိုတာတစ္ဆေ သရဲကို မောင်းထုတ်တယ်လို့ မှတ်နေကြတယ်။

ဝေသာလီပြည်မှာ မိုးခေါင်ပြီး ငတ်မွတ်ခေါင်းပါးတဲ့ဘေးကြောင့်လူတွေ ငတ်ပြတ်ပြီး သေကြတယ်၊လူသေအလောင်းများ မြို့ပြင် ပစ်ထားကြတဲ့အတွက် အပုပ်နံ့ကြောင့်မြို့တွင်းကို ဘီလူးများ ဝင်ရောက် ဖမ်းစားလို့ ရောဂါအမျိုးမျိုး ဖြစ်ပြီးသေကြပြန်တယ်၊ ဒီအခါမှာ အရှင်အာနန္ဒာ ရွတ်ဆိုတဲ့ ရတနသုတ်ပရိတ်တော်ကြောင့်မြို့တွင်းကဘီလူးတွေ ထွက်ပြေးကြပြီး လူတွေ အနာရာဂါကင်းစင်ကြကြောင်း ခုဒ္ဒကပါဠိ အဋ္ဌကထာကဆိုထားတယ်၊ အဲဒီ အဆိုကြောင့် ပရိတ်ရွတ်လျှင် တစ္ဆေ, သရဲ, ဘီလူးများ ထွက်ပြေးကြတယ်လို့မှတ်ယူနေကြတယ်၊အမှန်ကတော့ ပရိတ်ရွတ်တာဟာ တစ္ဆေ, သရဲ ကို မောင်းထုတ်တာ မဟုတ်ပါဘူး၊ ပရိတ်တရားအတွင်းမှာလည်းမကောင်းဆိုးဝါးတွေကို မောင်းထုတ်တဲ့စကားတစ်လုံးမျှ မပါပါဘူး၊သို့သော်လည်း မကောင်းတဲ့တရားနှင့်ကောင်းတဲ့တရားဟာ ဘယ်သောအခါမျှ အတူနေလို့ မဖြစ်ဘူး၊ အပူရောက်လျှင် အအေးပျောက်၊ အအေးရောက်လျှင် အပူပျောက်သလိုကောင်းတဲ့တရားတော်များရောက်ခဲ့လို့ မကောင်းတဲ့တရားရှိသူများထွက်ပြေးကြရခြင်းဖြစ်တယ်။

ခုဒ္ဒကပါဌ အဋ္ဌကထာကလာတဲ့ မေတ္တသုတ်အဖွင့်ကိုကြည့်လျှင် ယခင်က ရိုင်းစိုင်းနေတဲ့ နတ်တွေ တစ္ဆေတွေဟာ မေတ္တာသုတ် စီးဖြန်းကြတဲ့ ကိုယ်တော်များအပေါ်ချစ်ခင်မြတ်နိုးပြီး ဝတ်ကြီးဝတ်ငယ် ပြုလုပ်ကြကြောင်းဖော်ပြထားတယ်၊ ဒါကြောင် မေတ္တသုတ်စတဲ့ပရိတ်တော်ဟာ နတ်မိစ္ဆာ, တစ္ဆေ, သရဲများကို မောင်းထုတ်တဲ့တရားမဟုတ်ပါဘူး။

ယခု ရက်လည်းဆွမ်းကျွေးပွဲဆိုတာ ကွယ်လွန်သူကိုရည်စူးတဲ့ အလှူဖြစ်တယ်၊ကွယ်လွန်သူ ပြိတ္တာဖြစ်နေလျှင်ယခုပွဲမှာ သာဓုခေါ်နိုင်အောင်လို့တမပင် ဖိတ်ခေါ်ထားကြရပါသေးတယ်၊ သူ့အတွက် ရည်စူးတဲ့ အလှူပွဲမှာ အမျှဝေလျှင် သာဓုခေါ်ရန်လာရောက်တဲ့ ပြိတ္တာ (သို့မဟုတ်) တစ္ဆေဟာဘယ်သူ့ကိုမျှရန်ပြုဖို့ လာတာမဟုတ်တဲ့အတွက်တရားသံကြားရုံနဲ့ ထွက်ပြေးဖို့ မလိုပါဘူး၊ ထွက်ပြေးဖို့ မလိုတဲ့အပြင် အထူး နားစိုက်ထောင်ရမည့်အချိန်အခါဖြစ်တယ်၊ဒီအကြောင်း သဂါထာဝဂ္ဂ၊ယက္ခသံယုတ်ကလာတဲ့ ပိယင်္ကရသုတ်၊ ပုနဗ္ဗသုကသုတ်များကိုအကျဉ်းချုပ် ပြောပြဦးမယ်ကွယ့်”

“မိန့်တော်မူပါဘုရား”

“အခါတစ်ပါး အရှင်အနုရုဒ္ဓါဟာ သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်က မိုးသောက်ချိန် စောစောထပြီးတရားတော်ကို သရဇ္ဈာယ်နေသတဲ့၊ဒီအချိန်မှာ ပိယင်္ကရအမည်ရှိတဲ့ ဘီလူးငယ်ရဲ့ မိခင်ဟာ သားငယ်နဲ့အတူ အစာရှာဖွေရင်း ဇေတဝန်ကျောင်းအနီးရောက်လာတယ်၊အရှင်အနုရုဒ္ဓါရဲ့ တရားရွတ်သံကြားတော့ ဘီလူးမက ရပ်တန့်ပြီး နားစိုက်ထောင်သတဲ့၊ခရီးသွားရင်းဗြုန်းခနဲ မိခင်က ရပ်သွားတော့ သားပိယင်္ကရာက ‘မိခင် - ဘာလုပ်နေတာလဲ’ လို့ မေးသတဲ့၊ဒီတော့ ဘီလူးမကြီးက‘ချစ်သားပိယင်္ကရ-အသံ မပြုနှင့်၊ ရဟန်းတော်တရားရွတ် နေတယ်၊ ငါတို့ဟာ ဒီတရားရဲ့ အဓိပ္ပာယ်ကို သိပြီး ကျင့်နိုင်တဲ့ အတွက် မြေဖုတ်ဘီလူးဘဝကလွတ်မည်လား မသိနိုင်ဘူး’လို့ ပြောသတဲ့ကွယ့်၊ပုနဗ္ဗသုကသုတ်မှာလည်း-

ပုနဗ္ဗသုကမာတာဘီလူးမဟာ ဇေတဝန်ကျောင်းတော်အတွင်းရဟန်းများကို ဘုရားရှင် တရားဟောသံကြားလို့ ခေတ္တရပ်ပြီးတရားနာနေတုန်း သားဖြစ်သူ ပုနဗ္ဗသုကနှင့်သမီးဖြစ်သူ ဥတ္တရာတို့က သူ့အမေ ရပ်နေရမလားလို့ပြောကြတော့ ဘီလူးမကြီးက “သားတို့သမီးတို့ မဆူကြနဲ့၊ဘုရားရှင် တရားဟောနေတယ်၊ တရားတော်ကို ငါတို့ဟာ ခုမှ ကံတော်ကံငြားနားကြားရတယ်၊ လောကမှာ ငါဟာ သားသမီးကိုလည်း ချစ်တယ်၊ လင်ကိုလည်းချစ်တယ်၊ သားသမီးအချစ်လင်အချစ်ထက် တရားတော်ကို သာလွန်ပြီးချစ်တယ်၊ဘာကြောင့်လဲဆိုတော့ တရားတော်က ငါ့တို့ရဲ့ဆိုးသွမ်းတဲ့ဘဝကို ကျွတ်လွတ်စေလို့ပဲ”လို့ ပြောသတဲ့ကွယ်။

ပိယင်္ကရာမတာတို့ ပုနဗ္ဗသုကမာတာတို့ ဆိုတာတွေဟာမြေဖုတ်ဘီလူးတွေပဲ၊မြေဖုတ်ဘီလူးဆိုတာ အခု လူတွေပြောနေကြတဲ့ တစ္တေ္ဆ, သရဲ, ပြိတ္တာမျိုးတွေပဲ၊ သူတို့ကျွတ်ခွင့်ကြုံချင်တော့တရားတော်ကို မကြောက်ဘူး၊ တရားတော်ကို ချစ်တယ်၊ ရက်လည်ဆွမ်းသွတ်ပွဲမှာ ဟောတဲ့ပရိတ်တရားတော်ဟာလည်းကွယ်လွန်သူအတွက် ကြောက်စရာမဟုတ်ဘူး၊ ချစ်စရာသာ ဖြစ်တယ်၊ဒါကြောင့် ပရိတ်ရွတ် ပရိတ်နာပြီးမှရေစက်ချအမျှဝေပေးသော်လည်း ကွယ်လွန်သူ ပြိတ္တာဖြစ်စေကာမူထွက်ပြေးရန် မလိုတဲ့အတွက် တစ်စုံတစ်ရာ အပြစ်မဖြစ်ပါဘူးလို့ ဖြေကြားလိုက်ပါတယ်ကွယ်”

“သာဓု - သာဓု -သာဓု”

***ဆက်ရန်*** ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ- အမှတ်စဉ်(၁၄၄) - ညောင်ပင်ပြဿနာ

***ကောက်နုတ်ချက်*** နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ -တည်တောဆရာတော်ကြီး) ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများအတွဲ(၄) (စာမျက်မှာ -၁၁၆ ~၁၂၀) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤအမေး-အဖြေအား ကိုယ်တိုင်ပြန်လည်ရေးသား၍ ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ ဆရာ- အရှင် တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယမောင်ရဲ)

Monday, April 08, 2013 10:36 am

No comments: