Thursday, April 25, 2013

“သစ္စာကထာ(သစ္စာတရား ၂ ပါး )“

“သစ္စာကထာ(သစ္စာတရား ၂ ပါး )“


သစ္စာဆိုသည်ကား သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ် ဖြောင့်မှန်သည်ကိုဆိုလိုသည်။ သစ္စာတွင်သမုတ္တိသစ္စာနှင့် ပရမတ္တသစ္စာဟူ၍ နှစ်ပါးရှိ၏။


သမုတ္တိသစ္စာသည်လောကိဘုံသား လူအများတို့ ခေါ်ဝေါ်ပြောဆိုနေသော သမုတ္တိပညတ်တို့၏အလယ်၌အဖြောင့်အမှန်မျိုးသည်သမုတ္တိသစ္စာမည်၏။ အတ္တရှိ၏။ဇီဝရှိ၏။ပုဂ္ဂိုလ်ရှိ၏။ သတ္တ၀ါရှိ၏ ။လူရှိ၏။ နတ်ရှိ၏။သိကြားရှိ၏။ ဗြဟ္မာရှိ၏။ ဆင်၊ မြင်း၊ ကျွဲ ၊နွား ရှိ၏။ဦးခေါင်း ခြေ လက် အင်္ဂါရှိ၏။ဆံပင် အမွေး ခြေသည်း လက်သည်းရှိ၏။


ဤသမုတ္တိသစ္စာသည်မုသာဝါဒ၏ဆန့်ကျင်ဘက်ဖြစ်သောကြောင့် မုသာဝါဒကိုပယ်နိုင်၏။တစ်ဘ၀အတွင်းတွင်အခါခါဖြစ်ခြင်း အခါခါချုပ်ခြင်း ဟူ၍မရှိဘဲတစ်ခုတည်းနှင့်တစ်သက်လုံး ခိုင်မြဲ၍နေသော အတ္တမည်သည်ဧကန်အမှန်ရှိ၏။


ဇီဝမည်သည်ဧကန်အမှန်ရှိ၏ဟုပြောဆိုကြသော စကားမျိုးတို့သည် လောကိဘုံသား လူအများတို့၏ ပြောရိုး ဆိုရိုးအတိုင်းပြောဆိုကြသော စကားဖြစ်၍ပြောဆိုသောသူမှာ မုသာဝါဒမဖြစ်၊ဘယ်သူတစ်ဦး တစ်ယောက်ကိုမျှလှည့်စားခြင်းမဖြစ်ပေ။


ပရမတ္တသစ္စာအလိုအားဖြင့်မူကား ထိုစကားမျိုးသည်အနိစ္စ၌နိစ္စ ဟူ၍ဖောက်ပြန်ခြင်း၊ အနတ္တ၌အတ္တဟူ၍ဖောက်ပြန်ခြင်း တည်းဟူသော ၀ိပလ္လာသ အမှန်ဖြစ်၏။ထို ၀ိပလ္လာသတရား ကိုမပယ်နိုင်သေးသမျှကာလပတ်လုံး သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်ပေ၊။


ဤနေရာတွင်ဝိပလ္လာသအကြောင်းကိုအနည်းငယ်ပြောလိုပါ၏။


ဝိပလ္လာသဆိုသည်ကားဖောက်ပြားမှားယွင်းခြင်းတည်း။


ဝိပလ္လာသတွင်……. (၁)။သညာ ၀ိပလ္လာသ (၂)။စိတ္တ၀ိပလ္လာသ (၃)။ဒိဋ္ဌိဝိပလ္လာသ…ဟူ၍သုံးပါးရှိ၏။


သညာ ၀ိပလ္လာသ ဆိုသည်ကား အမှတ်မှားခြင်းဖြစ်၏။ (၁)။အနိစ္စ၌နိစ္စ ဟုအမှတ်မှားခြင်း (၂)။အသုဘ၌ သုဘဟုအမှတ်မှားခြင်း (၃)။ဒုက္ခ၌သုခ ဟုအမှတ်မှားခြင်း (၄)။အနတ္တ၌အတ္တဟုအမှတ်မှားခြင်း


စိတ္တ၀ိပလ္လာသ ဆိုသည်ကား အကြံအသိမှားခြင်းဖြစ်၏။ (၁)။အနိစ္စ၌နိစ္စ ဟုအကြံအသိမှားခြင်း (၂)။အသုဘ၌ သုဘ ဟုအကြံအသိမှားခြင်း (၃)။ဒုက္ခ၌သုခ ဟုအကြံအသိမှားခြင်း (၄)။အနတ္တ၌အတ္တဟုအကြံအသိမှားခြင်း


ဒိဋ္ဌိဝိပလ္လာသ ဆိုသည်ကား အမြင်အယူမှားခြင်းဖြစ်၏။ (၁)။အနိစ္စ၌နိစ္စ ဟုအမြင်အယူမှားခြင်း (၂)။အသုဘ၌ သုဘဟုအမြင်အယူမှားခြင်း (၃)။ဒုက္ခ၌သုခ ဟုအမြင်အယူမှားခြင်း (၄)။အနတ္တ၌အတ္တဟုအမြင်အယူမှားခြင်း တို့ဖြစ်၏။


ပရမတ္တသစ္စာ ဆိုသည်ကား ဓာတ်သဘာဝ၊ဓမ္မသဘာဝအလိုအားဖြင့် အလွန်ဟုတ်မှန်လှသော ရှိ၊ မရှိစကားမျိုး တရားမျိုးသည်ပရမတ္တသစ္စာမည်၏။


ရှိ၊မရှိနှစ်ပါးတို့တွင်ရှိသည်ဆိုသည်ကား ပထ၀ီဓာတ်ရှိ၏။အာပေါဓာတ်ရှိ၏။ တေဇောဓာတ်ရှိ၏။ဝါယောဓာတ်ရှိ၏။ ဖဿ၊ဝေဒနာ၊ သညာ၊စေတနာရှိ၏။ရုပ်ခန္ဒာရှိ၏။ နာမ်ရှိ၏။


မရှိဆိုသည်ကား အတ္တမရှိ။ ဇီဝမရှိ။ ပုဂ္ဂိုလ်မရှိ။သတ္တ၀ါမရှိ။ လူမရှိ။ နတ်မရှိ။ သိကြားမရှိ။ဗြဟ္မာမရှိ။ ဆင်၊ မြင်း၊ကျွဲ၊နွား မရှိ။ ဦးခေါင်း ခြေ လက်အင်္ဂါမရှိ။ ဆံပင် အမွေး ခြေသည်း လက်သည်းတို့မရှိ။


အတ္တမရှိ၊ဇီဝမရှိဆိုသည်ကားတစ်ဘ၀အတွင်းတွင်အခါခါဖြစ်ခြင်း အခါခါချုပ်ခြင်း ဟူ၍မရှိဘဲတစ်ခုတည်းနှင့်တစ်သက်လုံး ခိုင်မြဲ၍နေသော အတ္တ၊ ဇီဝဟူ၍မရှိဆိုလိုသည်။


ပုဂ္ဂိုလ်မရှိ၊သတ္တ၀ါမရှိစသည်တို့၌လည်း ရုပ်ဓာတ်နာမ်ဓာတ်တို့သည်သာ ရှိကုန်၏။ထိုရုပ်ဓာတ်နာမ်ဓာတ်တို့သည်လည်း ပုဂ္ဂိုလ်မဟုတ်၊သတ္တ၀ါမဟုတ် နတ်၊ ဗြဟ္မာစသည်မဟုတ်။


ထိုရုပ်ဓာတ်နာမ်ဓာတ်တို့မှတပါး ပုဂ္ဂိုလ်သတ္တ၀ါဟူ၍အသီးအခြားမရှိ၊လူနတ် ၊ဗြဟ္မာစသည်လည်းမရှိ။


ဤပရမတ္တသစ္စာသည်ဝိပလ္လာသတရား၏ ဆန့်ကျင်ဘက်ပေတည်း။


ဤပရမတ္တသစ္စာမှသာလျင်ဝိပလ္လာသတရားကိုပယ်နိုင်၏။ ၀ိပလ္လာသတရားကိုပယ်နိုင်မှသာလျင်သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်နိုင်၏။


သမုတ္တိသစ္စာအလိုအားဖြင့် ပုဂ္ဂိုလ်ရှိ၏။ သတ္တ၀ါရှိ၏။ပုဂ္ဂိုလ်၊သတ္တ၀ါတို့သည် သံသရာ၌တစ်ဘ၀မှတစ်ဘ၀သို့ ကျင်လည်ပြောင်းသွား၍နေကြ၏။


ပရမတ္တသစ္စာအလိုအားဖြင့် ပုဂ္ဂိုလ်မရှိ၊သတ္တ၀ါမရှိ၊ တစ်ဘ၀မှတစ်ဘ၀သို့ ကျင်လည်ပြောင်းသွားသည်ဟူ၍မရှိ။


သို့သော်ဤသစ္စာနှစ်ပါးသည်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ဘက်ဖြစ်နေ၏။ ဆန့်ကျင်ဘက်မဖြစ်စေရန် အဖြေမူကား..သမုတ္တိသစ္စာအလို ပရမတ္တသစ္စာအလိုဟူ၍သီးခြားစီရှိ၏။


သမုတ္တိသစ္စာအလိုအားဖြင့် ပုဂ္ဂိုလ်၊သတ္တ၀ါ ရှိ ၏ဟုပြောဆိုခဲ့သော် သမုတ္တိသစ္စာအလိုဆိုသောကြောင့် ပရမတ္တသစ္စာဆရာက မငြင်းပယ်ရ။ ပုဂ္ဂိုလ်၊ သတ္တ၀ါဟုသမုတ္တိပညတ်ရှိသည်ကား အမှန်ပင်ဖြစ်၏။


ပရမတ္တသစ္စာအလိုအားဖြင့် ပုဂ္ဂိုလ်၊သတ္တ၀ါ မရှိဟုပြောဆိုခဲ့သော် ပရမတ္တသစ္စာအလိုဆိုသောကြောင့် သမုတ္တိသစ္စာဆရာသည်မငြင်းပယ်ရ။ ပရမတ္တသစ္စာဟူသည်ရုပ်တရား နာမ်တရားသည်သာအမှန်ဖြစ်၏။


ဤကား သမုတ္တိသစ္စာ နှင့် ပရမတ္တသစ္စာ အလိုတည်း။


(၀ိပဿနာဒီပနီမှကောက်နှုတ်ပါ၏)


No comments: