Friday, April 26, 2013

အမျက်မထွက်သူ အရှင်သာရိပုတ္တရာ။ •••••••••••••••••

အမျက်မထွက်သူ အရှင်သာရိပုတ္တရာ။ •••••••••••••••••••••••••••••••• ဇေတ၀န်ကျောင်းတော်၌ဘုရားရှင် သီတင်းသုံးတော်မူစဉ်၊ အမျက်မထွက်သော အရှင်သာရိပုတ္တရာကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။


သာဝတ္ထိမြို့တော်ရှိ လူအပေါင်းတို့က"ငါတို့၏အရှင်သည သည်းခံ ခြင်းအားနှင့် အလွန်တရာ ပြည့်စုံပေစွ။ သူတစ်ပါးက ဆဲရေးကုန်သော် လည်းကောင်း, ရိုက်နှက်ကုန်သော်လည်းကောင်းအနည်းငယ်မျှ အမျက်မထွက်ပေ" ဟု အရှင်သာရိပုတ္တရာ၏ဂုဏ်ကျေးဇူးကို ချီးကျူးကြကုန်၏။


ဤတွင် မိစ္ဆာအယူရှိသော ပုဏ္ဏားတစ်ယောက်က "အမျက်မထွက်ခြင်းသည် အမျက်ထွက်အောင် လုပ်မည့်သူ မရှိသေး၍သာ ဖြစ်လိမ့်မည်။အမျက်ထွက်အောင် ငါလုပ်ပြမည်" ဟု ဆိုကာ အရှင်သာရိပုတ္တရာ ဆွမ်းခံကြွလာသောအခါ နောက်မှလိုက်၍ အရှင်မြတ်၏ကျောကိုတအားကုန်ရိုက်လိုက်၏။ အရှင်သာရိပုတ္တရာကား မိမိအားရိုက်သူကို ပြန်၍ပင်မကြည့်ဘဲကြွသွားလေသည်။


ပုဏ္ဏားသည် တစ်ကိုယ်လုံးပူလောင်လျက် အရှင်သာရိပုတ္တရာ ထံ မိမိအပြစ်ကို ထုတ်ဖော်လျှောက်ထား၍၀န်ချတောင်းပန်၏။ အရှင်သာရိပုတ္တရာကို မိမိအိမ်သို့ပင့်၍ဆွမ်းများလောင်းလှူ၏။ အရှင်သာရိပုတ္တရာသည် ပုဏ္ဏား၏အပြစ်ကို သည်းခံခွင့်လွှတ် ပြီးလျှင် ပုဏ္ဏားအားသတ်ဖြတ်ရန် ၀ိုင်းဝန်းလာကြသော လူများကိုလည်းတရားဟော၍ လွှတ်လိုက်၏။


ထိုအကြောင်းကို ရဟန်းတို့ကတရားသဘင်၌ စည်းဝေး၍ ပြောဆိုနေကြရာ ဘုရားရှင် ကြွလာတော်မူပြီးလျှင် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။


သူတော်ကောင်းကို မပုတ်ခတ်ရာ။ သူတော်ကောင်းသည် မိမိအားပုတ်ခတ်သော ထိုသူအား အမျက်မထွက်ရာ။ သူတော်ကောင်းအားပုတ်ခတ်ခြင်းသည် စက်ဆုပ်ဖွယ်ဖြစ်၏။ ပုတ်ခတ်သူအားအမျက်ထွက်သူသည် သာ၍စက်ဆုပ်ဖွယ်ဖြစ် ၏။


ချစ်ခင်နှစ်သက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဒေါသကို မတားမြစ်နိုင် ခြင်းသည် သူတော်ကောင်းအတွက် အနည်းငယ်မျှမမြတ်ပေ။ အကြင်အကြင်ဝတ္ထုမှညှင်းဆဲလိုသောစိတ်သည် ဆုတ်နစ်၏။ ထိုထိုဝတ္ထုမှ ဆင်းရဲခြင်းသည်ငြိမ်းသည်သာတည်း။


( ဓမ္မပဒ။ဗြာဟ္မဏ၀ဂ်။သာရိပုတ္တတ္ထေရဝတ္ထု)


No comments: