အဓိဝါသနခန္တီနဲ့ အနုလောမခန္တီဟာ ဘယ်လို ထူးခြားသလဲ
ဒကာ။ ။ခန္တီတရားတော်နဲ့စပ်ပြီးဟောကြားတော်မူကြ တဲ့အခါ အချို့ဆရာတော်များကလည်း အဓိဝါသနခန္တီအမြဲ ရှိနေဖို့ အရေးကြီးတယ်တဲ့။အချို့ဆရာတော်တို့ကလည်း အနုလောမခန္တီ ရှိဖို့သာ အရေးကြီးတယ်တဲ့၊အဲဒီ ခန္တီနှစ်ပါးရဲ့ အနက်အဓိပ္ပာယ်များ ကို ခွဲခြားမိန့်ကြားပါဦး ဆရာတော်။
ဆရာ။ ။အင်း….အဲဒီ ခန္တီတရား နှစ်ပါးလုံးဟာ အရေးကြီး တာချည်းပဲ၊ လောကမှာ ခန္တီတရား မရှိတဲ့သူဟာ မိမိ၏ အကျိုးစီး ပွားအတွက် ဘယ်သောအခါမှ မပြီးစီးမအောင်မြင်နိုင်ဘူးပဲ၊သူ တပါးအတွက် ဆိုတာ ဝေးရောပဲ၊ ကဲ…မှတ်ပါ။ (၁) အဓိဝါသနခန္တီ- ဆိုတာက၊မိမိအားသူတပါးတို့က ကဲ့ရဲ့ခြင်း, ရှုတ်ချခြင်း,အပြစ်ပြောခြင်း, ဆဲရေးခြင်း, စွပ်စွဲခြင်း, ပြစ်မှားခြင်း, ချမ်းအေးခြင်း, ပူလောင်ခြင်း, ဆာလောင်ခြင်းစတဲ့ ချို့တဲ့ဆင်းရဲမှု တခုခု အဖြစ်မျိုးနဲ့ ရင်ဆိုင်တဲ့အခါမှာစိတ်မပျက်ဘဲ စိတ်အားတက် စွာနဲ့ ကြံ့ကြံ့ခံနိုင်ခြင်းစွမ်းအားသတ္တိရှိထားရမယ်တဲ့၊ သည်အခါမျိုးမှာ ဇွဲလုံ့လ ကြိုးစားအာထုတ်မှုဝီရိယကို အလျှော့မပေးခြင်းဟာ အဓိဝါ သနခန္တီပဲ။ (၂) အနုလောမခန္တီ ဆိုတာကတော့၊၀ိပဿနာတရားအာထုတ် ရှုမှတ်တဲ့ ယောဂီဟာ ရုပ်နာမ်တို့ ဖြစ်ပျက်မှု ဥဒယ၀ယ ဉာဏ်ကစပြီး ရှုမှတ်ရင်းနဲ့ ကိုယ်ခန္ဓာ၏မခံသာအောင်ဆင်းရဲခြင်းဒုက္ခသစ္စာ အမှန် တရားတွေကို မုချတွေ့ရလိမ့်မည်။အဲသည်အခါမျိုးမှာ….. မခံသာ မှန်ပါ၏သည်တရား၊အတ္တကိုပယ်ခွာလို့သည်းခံကာ ရှုမှတ်ပွားရင် နိဗ္ဗာန်သို့လား။ဟူသော ၀ိပဿနာအထွတ်အထိပ်ဆရာ ပဏ္ဍိတ်တို့၏ ညွှန်ကြားသွားတဲ့နည်းနာယအတိုင်းကိုယ်တွင်း အဇ္ဈတ္တ ၌ပေါ်လာတဲ့ ဒုက္ခသစ္စာကို ပိုင်းခြားရှုမှတ်ပွားများရင်း သေလုမတတ် တိုးတိုးဆိုးဆိုးပြီးမခံသာအောင် ပေါ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခတရားစု ကို အပြုံးမပျက်တဲ့ သောမနဿဉာဏ်နဲ့ ရုပ်နာမ်ဓမ္မတို့က ဆင်းရဲတာ ဖြစ်ပေါ်လာပြီး ပျက်ပျက်သွားတာ ငါမပါ, ငါမရှိ,ငါမဟုတ်ဟု အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ တို့ကိုဖြုတ်ကာ သည်းခံပြီးတော့သာ ရှုမှတ်ပွားများ၍နေ ရမည်တဲ့။ အဲသည်လို မတွန့်မရွံ့ မဆုတ်မယုတ်အဟုတ်တကယ် သည်း ခံပြီးတော့ ရှုမှတ်ရင်းရှုမှတ်ရင်းနဲ့ ၀ိပဿနာဉာဏ်စဉ်တွေဟာ တက် တက်ပြီးကိလေသာမ၀င်မစွက်တော့ဘဲ မှတ်ချက်တွေဟာ ကောင်း ကောင်းကောင်းကောင်းလာလိုက်တာ နောက်ဆုံး ဆယ်ခုမြောက် ဖြစ်တဲ့အနုလောမဉာဏ်ထဲလည်းရောက်ကရော အဲဒီ အနုလောမ ဉာဏ်ကနေပြီးတော့ သောတာပတ္တိမဂ်ဉာဏ်ကို ပေါင်းကူးပေးလိုက် တာ ရုပ်နာမ်တို့ဖြစ်ပျက်မှု ဆင်းရဲဒုက္ခတွေဟာဖြုတ်ဆို ချုပ်ပျောက် ကာ အတုမရှိ အေးမြချမ်းသာ လှတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားပါ ရောတဲ့။ အဲဒါ့ကြောင့် “သည်းခံရင် နိဗ္ဗာန်ရောက်တယ်”ဆိုတာဟာ ၀ိပဿနာတရားပွားများ အားထုတ်တဲ့အခါမှာကိုယ်တွေ့ ဒိဋ္ဌ ကိုယ် တွင်းပေါ်ဆင်းရဲဒုက္ခကို ကြပ်ကြပ်သည်းခံရမည့် အနုလောမခန္တီကို ဆိုတာလို့သာ မှတ်ပေတော့၊ နောက်ဆက်မမေးနဲ့သိချင်ရင် ဆရာ ကောင်းများထံဆည်းကပ်ခစားပြီး ကိုယ်တိုင် အားထုတ်ကြည့် သိ လိမ့်မယ်၊ဒါပဲ။
ဒကာ။ ။တန်ဖိုးရှိလှတဲ့ အဖြေတရားတွေ ကြားသိ ရလို့ ၀မ်းသာမဆုံးတော့ပါ ဆရာတော်၊ဒကာကြီးတို့လည်း ၀ိပဿနာ ရိပ်သာနဲ့တော့ နီးနီးလာပါပြီ။
ဆရာ။ ။အင်း…ခုမှ နီးနေ၊ သေခါနီးနေပြီ၊ ရိပ်သာနဲ့ နီးတုန်းပဲ၊ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment