Friday, May 17, 2013

မစ္ဆရိယအကြောင်း

မစ္ဆရိယအကြောင်း

ဝန်တိုခြင်းသဘောသည် “မစ္ဆရိယ”တည်း။ထို့ကြောင့် “ပြောထူးမစ္ဆေ ၀န်တိုလေသတဲ့”ဟု ဆိုခဲ့သည်။ယခုကာလ၌ မလှူရက်၊ မပေးကမ်း ရက်သော သူကို မစ္ဆရိယရှိသူဟု ခေါ်ကြသည်။ မစ္ဆရိယကား မလှူချင် မပေးချင်မူမျိုးမဟုတ်၊ သူတစ်ပါးတို့အားမရစေချင်သော သဘောသာ တည်း။ ထို့ကြောင့် မလှူချင်မပေးချင်မူတို့မှာ မိမိပစ္စည်းကို တွယ်တာ သော လောဘသဘောသာ ဖြစ်သည်။ မိမိပစ္စည်းကို ဖြစ်စေ၊ အခြား ပစ္စည်းကို ဖြစ်စေ၊ ဂုဏ်ကိုဖြစ်စေသူ တစ်ပါးမရစေလိုသော သဘော ကိုသာ ၀န်တိုမူ မစ္ဆရိယသဘောဟု မှတ်ပါ။ဤမစ္ဆရိယကို ကျမ်းဂန် တို့၌ ၅-မျိုးပြ၏။


၁။ အာဝါသမစ္ဆရိယ= မိမိနေရာ၊ကျောင်း၊ အိပ်ရာ၊ နေရာ၌ ၀န်တိုမူ။ သံဃာအများနှင့် သက်ဆိုင်သော သံဃိကကျောင်း၊အိပ်ရာ၊ နေရာ ကို မိမိရသည့်အခါ ထိုကျောင်းသို့ အခြား သံဃာတော်များကို မလာ စေလိုခြင်းမျိုးတည်း။ သို့သော် မကောင်းဆိုးရွားသော ရဟန်းများ မလာစေလိုခြင်းကားမစ္ဆရိယ မဟုတ်ပါ။ ဤအာဝါသမစ္ဆရိယ ရှိသူ သည် သေသောအခါ ထိုကျောင်း၌ပင် ပြိတ္တာ ဖြစ် နေတတ်သည်။ သို့မဟုတ် သံအိမ်ငရဲ၌ ကျက်ရတတ်သည်။


၂။ ကုလမစ္ဆရိယ = မိမိအမျိုးနှင့်ဒကာ ဒကာမများကို ၀န်တိုမူ။ မိမိဆွေမျိုးကို ဖြစ်စေ၊ ဒကာ ဒကာမမျိုးကို ဖြစ်စေ၊ အခြားသံဃာ များ မလာစေလို၊မဆက်ဆံစေလိုခြင်းတည်း။သို့သော် သဒ္ဓါတ ရားကို ဖျက်ဆီးမည့် ယုတ်မာဆိုးရွားသော ရဟန်းများနှင့် မဆက် ဆံစေလိုခြင်းမှာ မစ္ဆရိယ မဟုတ်ပါ။ဤ ကုလမစ္ဆရိယ ရှိသူသည် မိမိ ဒကာ ဒကာမတို့၌သူများဆက်ဆံနေသည်ကို မြင်တွေ့ရ သောအခါ ၀မ်းထဲ၌ပူပူလောင်လောင် ဖြစ်၍သွေးအန်တတ်၏။ ၀မ်းလျှောတတ်၏။အူအပိုင်းပိုင်းပြတ်တတ်၏။သို့မဟုတ် နောက် ဘ၀၌ လာဘ်လာဘပါးရှားတတ်သည်။


၃။ လာဘမစ္ဆရိယ = ပစ္စည်းလာဘ်လာဘကို ၀န်တိုမူ သူတစ်ပါး တို့အားပစ္စည်း လာဘ်လာဘ မရစေလိုခြင်းတည်း။သို့သော် ရရှိ သော လာဘ်လာဘကို မတရားသုံစွဲမည့်ရဟန်းကို မရစေလိုဘဲ တရားသဖြင့် သုံးစွဲရသော ရဟန်းတို့ကို ရစေလိုခြင်းမှာ လာဘ မစ္ဆရိယ မဟုတ်ပါ။ဤ လာဘမစ္ဆရိယ ရှိသူသည် ဘင်ပုပ်ငရဲ၌ ကျက်၍ဘင်ပုပ်ကို စားနေရတတ်၏။(ဤ လာဘမစ္ဆရိယကြောင့်အပြစ်ရသော လောသကတိဿဝတ္ထုကို ကံအခန်း၌ ပြအံ့။)


၎။ ၀ဏ္ဏမစ္ဆရိယ = ကိုယ်အဆင်း ဂုဏ်သတင်း ၂-မျိုးလုံး၌ ၀န်တိုမူ။ မိမိထက် အဆင်းလှမည်ကို ၀န်တိုမူ၊ မိမိထက် ဂုဏ်ကြီးမည်ကို ၀န် တိုမူသည် ၀ဏ္ဏမစ္ဆရိယပင်တည်း။ဤ ၀ဏ္ဏမစ္ဆရိယ ရှိသူသည် ဘ၀ သံသရာဝယ် ရုပ်အဆင်းဆိုးရွားတတ်၏။ဂုဏ်သတည်းလည်း ညံ့ ဖျင်းတတ်သည်။


၅။ ဓမ္မမစ္ဆရိယ= မိမိတတ်သိသောတရား(အတတ်ပညာ)ကို ၀န်တို မူ။ ဓမ္မမစ္ဆရိယရှိသူသည် မိမိတတ်သိသော အတတ်ပညာ၊ စာပေပညာ၊လက်မူပညာ၊ နူတ်မူပညာများကိုသူတစ်ပါး တတ်သိမှာ စိုးသောကြောင့် မေးလာလျှင် ကောင်းမွန်စွာ မပြောလိုခြင်း၊ရေးကူးထားသော ပညာကို မပြလိုခြင်း၊စာချသောအခါ မိမိလိုတတ်မည်စိုး၍ အကုန်မပြောလိုခြင်း ဖြစ်တတ်သည်။သို့သော် စာပေ တတ်ပြီးနောက် ထိုစာကို မတရားသုံးစွဲ မည့်သူ၊သာသနာကို ဖျက်ဆီးမည့်သူတို့အားပြောမပြခြင်းတို့ မှာ မစ္ဆရိယ မဟုတ်ပါ။ဤ ဓမ္မမစ္ဆရိယရှိသူသည် ဖြစ်လေရာ ဘ၀တိုင်း၌ အဖျင်း အ.အ ဖြစ်တတ်၏။ သို့မဟုတ် ပြာပူငရဲ၌ ကျက်ရတတ်သည်။


စဉ်းစားဖွယ် ကျမ်းဂန်လာ မစ္ဆရိယ ၅-ပါးကို စဉ်းစားလျှင် သူတစ်ပါး လှူဒါန်းမှ နေထိုင် စားသောက်ရသော ရဟန်းများ၊ သီလရှင်များ၌ အဖြစ်များဖွယ်ရှိ၏။ယခု မျက်မြင်အားဖြင့်လည်းထိုသူများ၌ ဤမစ္ဆရိယ သောင်းကျန်းလျက်ရှိ သည်။လူအများ၌လည်းကိုယ့်ထက် အိမ်ကောင်းရာကော င်းရှိမှာစိုးခြင်း၊ ကိုယ့်ထက်ဆွေမျိုး ဉာတိပေါမှာစိုးခြင်း၊ကိုယ့်ထက်ဥစ္စာပေါမှာစိုးခြင်း၊ ကိုယ့်ထက်ရောင်းဝယ်ကောင်းမှာ စိုးခြင်း၊ ကိုယ့်ထက်လှမှာစိုးခြင်း၊ ကိုယ့်ထက်ဂုဏ်ကြီးမှာစိုးခြင်း၊ကိုယ့်ထက်တတ်သိမှာ စိုးခြင်း စသော အားဖြင့်အများပင် ဖြစ်တတ်ပါသည်။ ထိုသဘောများကား မစ္ဆရိယပင် တည်း။ ထိုသို့ မစ္ဆရိယ ဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုး မယုတ်ဘဲ မိမိမှာ ဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုးမယုတ် ဘဲ မိမိမှာ စိတ်ယုတ်မာရှိကြောင်း ထင်ရှားရကားဤမစ္ဆရိယကို ၀ါသ နာနှင့်တကွ အမြစ်ပါပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။ ဤကဲ့သို့ တရားသိသော ဘ၀၌သော်မှ မစ္ဆရိယကို မတားလျှင် ပြိတ္တာ ဖြစ်ဖို့သာ ပြင်ကြပါတော့။ အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။


No comments: