Sunday, May 12, 2013

ခုဒ္ဒကပါဠိ တော် နိဿယကျမ်းကြီးကိုဆရာတော်ဦးဗုဓ် ဘယ်လိုအပြီးသတ်စီရင်ခဲ့သလဲ

ခုဒ္ဒကပါဠိ တော် နိဿယကျမ်းကြီးကိုဆရာတော်ဦးဗုဓ်


ဘယ်လိုအပြီးသတ်စီရင်ခဲ့သလဲ


ဆရာတော်ဦးဗုဓ်သည် ကျမ်းတစ်စောင်ပေတစ်ဖွဲ့ ပြုစုပြီဆိုလျှင မပြီးဆုံးမချင်းဘယ်သောအခါမျှ ရပ်နားလေ့ မရှိ။လုံ့လ ဝီရိယကြီးစွာဖြင့်ပြီးမြောက်အောင် အဆုံးသတ်လေ့ရှိ၏။ “ခုဒ္ဒကပါဠိတော်နိဿယကျမ်းကြီး” ကားဆရာတော်ဦးဗုဓ်၏ နောက်ဆုံးလက်ရာ ဖြစ်လေသည်။အဆိုပါ ကျမ်းကြီးကို ပြုစုစဉ် ဆရာတော်ဦးဗုဓ်၌ ဒူလာဝမ်းသက်ရောဂါ စွဲကပ်ခဲ့လေသည်။ မည်သည့် ဆေးဝါး နှင့်မျှ ပျောက်ကင်းသက်သာသည် မရှိခဲ့။ အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာခဲ့၏။အဆိုပါ ရောဂါဖြင့် ပျံလွန်တော်မူလိမ့်မည်ဟု ဆရာတော်ကိုယ်တိုင်ပင် မှတ်ယူထားခဲ့လေသည်။ ထိုသို့ ရောဂါမှာ တစ်နေ့ထက်တစ်နေ့ တစ်စတစ်စ ပြင်းထန်လာသည့်အလျောက် ကုဋီမှ ဆင်းရသည် မရှိလောက်အောင် ဖြစ်နေချိန်တွင် ပြုစုနေဆဲကျမ်းဂန် မပြီးဆုံးဘဲ ပျံလွန်တော်မူသွားမှာကို ဆရာတော် စိုးရိမ် နေခဲ့သည်။ သည့်အတွက် တပည့်ရဟန်းများအား ၎င်းကုဋီထိုင်သည့် မျက်နှာမူရာ ရှေ့တွင် မီးသွေးများ သုတ်လိမ်းပေးထားရန် မိန့်တော်မူခဲ့သည်။ဆရာတော်ဦးဗုဓ်သ ည် ကုဋီထိုင်ရင်းအဆိုပါကျမ်းကိုမပြီးပြီးအောင် ရေးသားပြုစု၏။ ဆရာတော် ဦးဗုဓ် ကုဋီအပြင်သို့ထွက်လျှင် တပည့်ရဟန်းများက ဆရာတော် ရေးသားထားသော စာကို ကူးကြရ၏။ ကူးပြီးနောက် မီးသွေးများဖြင့်ပြန်၍ လိမ်းကျံပေးထားရ၏။ ဤသို့ဖြင့် ခုဒ္ဒကပါဠိတော်နိဿယကျမ်းကြီးကိုပြီးမြောက်စေခဲ့ သည်။ထိုကျမ်းကားဂါထာ စုဏ္ဏိယပေါင်းပုဒ်ရေ(၄၈)ပုဒ်ရှိပြီးသာသနာတော်အတွက် လွန်စွာမှ အကျိုးရှိသော ကျမ်းကြီးတစ်ဆူ ဖြစ်ခဲ့လေသည်။ဆရာတော် ဦးဗုဓ် နောက်ဆုံးပြုစုခဲ့သော ကျမ်းကြီးဖြစ်၍ပြုစုခဲ့သမျှထဲတွင် အပင်ပန်း အဆင်းရဲ ခံရဆုံးသော ကျမ်းဖြစ်ပေရာ ကျမ်း၏နိဂုံး၌ အောက်ပါအတိုင်းမှတ်တမ်းပြုခဲ့ပေသည်။ “ငါသည် ကိုယ်စိတ်နှစ်ဖြာ မချမ်းသာသော ရောဂါဝေဒနာ ကပ်ရောက်လာသော်လည်း ကိုယ်နှင့် အသက် မငဲ့ကွက်မူ၍ဤနိဿယကို ရေးသားဘိသကဲ့သို့အသင် စာသင်သားတို့သည်လည်းကိုယ်နှင့်အသက်မငဲ့ကွက်မူ ၍ ဤခုဒ္ဒက သိက္ခာပါဠိတော် နိဿယကို(ဝါ) ကျန်များစွာသော ကျင့်ဝတ်သိက္ခာကိုအနည်းငယ်မျှ ဖြစ်သော အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကို ကိစ္စတစ်ပါး စွန့်ပစ်ထား၍ ဖန်များကြိမ်ခါလွန်စွာကြိုးကုတ်အားထုတ်မြဲပင် ယှဉ်စေကုန်သတည်း” (ဆရာတော် ဦးဗုဓ် ပျံလွန်တော်မူသောအခါ သက်တော်(၅၅)နှစ်သာ ရှိ၏။ဣရိယာပထမျှတမှု မရှိအောင် စာနှင့် စာမျက်နှာတော် မခွာစတမ်း စွဲစွဲလမ်းလမ်း ထိုင်နေ လျောင်းနေတော်မူသည့်အတွက် ထိုမျှသာ နေထိုင် သွားရခြင်းဖြစ်၏။ဆရာတော်ပြုစုခဲ့သော ကျမ်းအရေအတွက် (၆၁)ကျမ်းဖြစ်ကြောင်း မှတ်သားရပါသည်။)


ဆရာ နန္ဒမိုးကြယ်ရေးသားပြုစုသောသိမှတ်ဖွယ်ရာ


မြန်မာ့လျှို့ ဝှက်ချက်(၁၀၀)စာအုပ်မှာကောက်နှုတ်တင်ပြသည်


No comments: