Monday, May 06, 2013

မိထွေးတော် ဂေါတမီကို မည်သူက ဥပဇ္ဈာယ်ပြု၍ရဟန်းခံ ပေးသလဲ

မိထွေးတော် ဂေါတမီကို မည်သူက ဥပဇ္ဈာယ်ပြု၍ရဟန်းခံ ပေးသလဲ

ဒကာ။ ။မြတ်ဗုဒ္ဓသာသနာတော်မှာ မိထွေးတော် မဟာပဇာပတိဂေါတမီဟာ အမျိုးသမီးထဲက ရှေးဦးစွာ ရဟန်းမ, ဖြစ်တယ်လို့ကြားသိရပါတယ်၊ မိထွေးတော်ဂေါတမီကို ဘယ်သူ ကဆရာဥပဇ္ဈာယ်ပြု၍ရဟန်းခံပေးပါသလဲ ဆရာတော်။ ဆရာ။ ။မိထွေးတော် မဟာပဇာပတိ ဂေါတမီကို ဘယ်သူမှ ရဟန်းခံ မပေးရဘူး၊ သူ ရဟန်းမ,ဖြစ်လာပုံက အ တော်ထူးဆန်းပြီးစိတ်ဝင်စားစရာကောင်းတယ်။ မိထွေးတော် မဟာပဇာပတိ ဂေါတမီဟာ သူ့ဖာသာသူ ဆတ္တာသည်နဲ့ ဆံချလျက် ဖန်ရည်ဆိုးသော အ၀တ် ကို ၀တ်ကာ သူ့ဟာသူ ရဟန်းပြုပြီးမှ မဟာဝုန်တောကြီး၌ ရဟန္တာ ဖြစ်သွားကြကုန် သော သာကီဝင် မင်းသားငါးရာတို့၏ဇနီးမယား (တခုလပ်)သာကီဝင်မင်းသမီးငါးရာတို့နဲ့အတူ မြတ်စွာဘုရားထံ သုံးကြိမ်သုံးခါတိုင်အောင် ရဟန်းမ,ပြုလုပ်ရန် ခွင့်တောင်းပါသော် လည်းသုံးကြိမ်တိုင်အောင် မြတ်စွာဘုရားသခင်ကပယ်ချလိုက် တယ်၊ လက်မခံဘူး၊ ပြုခွင့် မပေးဘူး၊ ခု- ဆရာတော် ဖြေကြားတဲ့ စကားရပ်ဟာ အကျဉ်းသိနိုင်ရုံမျှသာဖြစ်တယ်၊ အပြည့်အစုံဟု မမှတ်ရဘူးနော်။ သည့်နောက် တဖန် အရှင်အာနန္ဒာထေရ်မှ တဆင့် ကပ်ပြီးတော့ လျှောက်ထား တောင်းခံပြန်တဲ့အခါမှာလည်းထို့ အတူ ("မသင့်လျော်ဘူးအာနန္ဒာ သင်ညီဖွားသည် မာတုဂါမ မင်းမိန်းမများ၏ဤဓမ္မ၀ိနယသာသနာ၌ ရှင်ပြုခွင့်ရခြင်း,ရဟန်း ပြုခွင့်ရခြင်းကိုမနှစ်သက်ပါလင့်ဟု") သုံးကြိမ်တိုင်တိုင် ပယ်ချ လိုက်တယ်၊ သို့ပေမယ့် ညီတော် အာနန္ဒာက စိတ်အား မလျော့ဘူး။ "အရှင်ဘုရား၊ မာတုဂါမ မင်းမိန်းမများ သာသနာတော်၌ ရဟန်းပြုခဲ့သော် သူတို့ဟာ မဂ်ဖိုလ်မရနိုင်,မရကောင်းလို့လား ဘုရား၊ ထိုရဟန်းမ,များသည် မဂ်ဖိုလ်နဲ့ မထိုက်တန်လို့ပါလားဘုရား" ဟုမေးလျှောက်ပြန်တယ်။ "ချစ်သားအာနန္ဒာ၊မာတုဂါမ မင်းမိန်းမ,များဟာ ငါဘုရား သာသနာတော်၌ ရဟန်းမ, များအဖြစ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိခံစား နိုင်ရန် ထိုက်တန်ကြပေတယ်"ဟု မိန့်ကြားတော်မူလိုက်တယ် "ဘုန်းကြီးသော မြတ်စွာဘုရား ယင်းသို့ ထိုက်တန်ကြပါမူ မဟာပဇာပတိဂေါတမီသည် ရှင်တော်ဘုရားအပေါ်၌ မိခင်အလား ကျေးဇူးများသူ ဖြစ်ပါ၍မာတုဂါမ မင်းမိန်းမ,များကို ရဟန်းပြုခွင့် ပေးသနားတော်မူပါဘုရား"ဟု ညီတော် အာနန္ဒာ အကြိမ်ကြိမ် လျှောက်ထားမှုကြောင့်သာ မြတ်စွာဘုရားသခင်က "ချစ်သားအာနန္ဒာ၊မိထွေးတော် မဟာပဇာပတိဂေါတမီသည် ရှစ်ပါးသော ဂရုဓံတရားကို လိုက်နာခံယူ ကျင့်ကြံနိုင်ခဲ့လျှင် လိုက်နာ ခံယူ ကျင့်သုံးတဲ့ကာလမှ စပြီးတော့ မိထွေးတော်ဂေါတမီ၏အဖို့မှာ ရှင်၏အဖြစ်,ရဟန်းမ,၏အဖြစ် ရရှိပြီးဖြစ်စေရမည်" ဟုမိန့်ကြား ခွင့်ပြုတော်မူလိုက်တယ်။ ညီတော်အာနန္ဒာသည် မြတ်စွာဘုရားထံမှဂရုဓမ္မ တရားရှစ်ပါး ကို သင်ကြားကာ မဟာပဇာပတိဂေါတမီထံ တဖန်ပြန်ကြွကာ " မိထွေး တော်၊ အကယ်၍မိထွေးတော်ဟာ ဤဂရုဓမ္မတရားရှစ်ပါးကို ဦးထိပ်ထား ကာ ရိုသေလေးမြတ် ပူဇော်လတ်၍အသက်ထက်ဆုံး မကျူးလွန်ဘဲ ကျင့်သုံးဆောက်တည်သွားနိုင်ပါမူ မိထွေးတော်အတွက်ရှင်အဖြစ်ရော၊ ရဟန်းမ, အဖြစ်ပါ ပြီးပြည့်စုံစွာဖြစ်နိုင်ပါလိမ့်မည်" ဟု မြတ်စွာဘုရားမိန့်ကြားခွင့်ပြုတော်မူလိုက်ကြောင်းနဲ့ ပြောကြားကာ မိထွေးတော်ကြီး အားရှစ်ပါးသော ဂရုဓံတရားကို ဟောကြားသင်ပြပေးသောအခါ မိထွေး တော် ဂေါတမီသည် အတိုင်းမသိ ၀မ်းမြောက်ရိုသေစွာဖြင့် " တပည့်တော် မသည် ဤရှစ်ပါးသော ဂရုဓမ္မ တရားမြတ်ကို အသက်ထက်ဆုံး ရိုသေစွာ လိုက်နာခံယူ ကျင့်ကြံ အားထုတ်ပါ၏ဘုရား"ဟု လျှောက်ကြားလေ သည်တဲ့။ ညီတော်အာနန္ဒာသည် မြတ်စွာဘုရားထံ သွားရောက်ကာ ရိုသေ စွာရှိခိုးလျက် "ဓမ္မရာဇာဖြစ်တော်မူသော မြတ်စွာဘုရား၊ မိထွေးတော် မဟာပဇာပတိဂေါတမီသည် ဂရုဓံတရား ရှစ်ပါးကို မိမိအတွက် အသက် ထက်ဆုံး ရိုသေစွာ လိုက်နာခံယူ ကျင့်သုံးရမည့် မလွန်ကျူးအပ်သည့် ကျင့်ဝတ်တရား ဟူ၍၀မ်းမြောက် ၀မ်းသာစွာ ခံယူ ကျင့်သုံးပါပြီ" ဟူ၍ လျှောက်ကြားလေသည်။ မှတ်ချက်။။ဤ၌ ဂရုဓံတရားရှစ်ပါးကို ရိုသေလေးမြတ်စွာ ခံယူ ကျင့်သုံးတဲ့ အချိန်ကစပြီး မိထွေးတော်ကြီးအတွက် ရှင်, ရဟန်းခံ ယူခြင်းကိစ္စ ပြီးသွားပြီ၊ ဘိက္ခုနီမ ဖြစ်သွားပြီ လို့ မှတ်ယူရမည်။


သာသနာဖျက်တို့ စကားကို မယုံနဲ့ သိမ်ထဲဝင်ပြီးတော့ ကမ္မ၀ါ ရွတ်ဖတ်ရန်တွေ ဆရာဥပဇ္ဈာယ် ယူစရာတွေ မလိုတော့ချေတဲ့၊ ဒါက မြတ်စွာဘုရားအပေါ်မှာ ကျေးဇူး များလှတဲ့ မိထွေးတော်ကြီးမဟာပဇာပတိ ဂေါတမီအတွက်သာ ဖြစ် တယ်၊ အဲဒီလို ပဉ္စင်းခံခြင်းမျိုးကို "အဋ္ဌဂရုဓမ္မ ပဋိဂ္ဂဟဏ ဥပသမ္ပဒါ" မျိုးဟုခေါ်တယ်၊ယင်းမှ နောက်ပိုင်း ဘိက္ခုနီမများကိုတော့ ရဟန်း ယောက်ျားများက သိမ်ထဲ၌ ကမ္မ၀ါဖတ်ပြီးတော့ရဟန်းပြုပေးကြ ရတာချည်းပဲ ဖြစ်တယ်၊ ကဲ...တော်လောက်ပြီ၊ နားလည်ရောပေါ့၊ ဂရုဓံတရားရှစ်ပါးကို ဆရာတော် ရေးပြုတဲ့ သုတေသန သရုပ်ပြ အဘိဓာန်ကျမ်း၌ ကြည့်ပေတော့။ အေး....သာသနာဖျက်သမားတွေက သည်ပြဿနာမှာ ဘုရားရှင် ခွင့်မပြုတာကို အာနန္ဒာ အတင်းလုပ်တာ ဘာညာနဲ့ ပြောကြသေးတယ်၊ သူတို့စကားမယုံကြနဲ့။ ဒကာ။ ။သာသနာတော် ကြည်ညိုလေးစားရေး အတွက် ခုလို ရှင်းလင်းဖြေကြားတာကိုပဲ ၀မ်းမြောက်လှပါတယ် ဆရာတော်၊ သာသနာဖျက်လိုသူတွေကတော့ အဘိဓမ္မာ ဘုရား ဟာ မဟုတ်ဘူး၊ နတ်ပြည်ခြောက်ထပ်ဆိုတာလည်းမရှိဘူး၊ ဘာ ညာနဲ့ သူများနားယောင်အောင် လိုက်ဖျက်နေကြတာပဲ။


ဂရုဓမ္မတရား ၈-ပါးဆိုသည်မှာ... ဂရုဝမ်တရား ၈-ပါး။။ အဋ္ဌဂရုဓမ္မတရားလည်းခေါ်သည်၊ ဘိက္ခနီမ ပြုလိုသူများ၊သို့မဟုတ် ဘိက္ခုနီမများတစ်သက်ပတ်လုံး အမြဲနိစ္စ လိုက်နာပြုကျင့်ရန် အလေးအမြတ်ပြုတရားရှစ်ပါး။ ၁၊ ရဟန်းယောက်ျားကင်းသော ကျောင်းရပ်၌ ၀ါမကပ်ဆိုရခြင်း၊ ၂၊ လခွဲတစ်ကြိမ် ရဟန်းယောက်ျားများအား ဥပေါသထပုစ္ဆက၊ သြ၀ါဒူပသင်္ကမနခေါ်၂-ပါးသောတရားကို တောင်းပန်ရခြင်း၊ ၃၊ ၀ါကျွတ်ကာလ ဥဘတောသံဃာ့ ထံပ၀ါရဏာပြုရခြင်း၊ ၄၊ ဂရုဓမ္မ အဇ္ဈာပန္န ဘိက္ခုနီမသည် ဥဘတောသံဃာ၌ ပက္ခမာနတ် ကို နှစ်စဉ်နှစ်တိုင်းမပြတ်ကျင့်ရခြင်း၊ ၅၊ သိက္ခမာန်အဖြစ် နှစ်နှစ်တိုင်ကျင့်နေပြီးမှ ဥဘတောသံဃာ၌ ရဟန်းခံရခြင်း၊ ၆၊ ရဟန်းယောက်ျားတို့အားတစ်စုံတစ်ခု ပရိယာယ် သွယ်ဝိုက်နည်း နှင့်မျှ မဆဲရေးရခြင်း၊ ၇၊ ဘိက္ခုတို့ ဟောကြားဆုံးမတိုင်းသာ လိုက်နာရခြင်း၊ ၈၊ ယနေ့ပြုစသော ရဟန်းငယ်ကလေးများအားပင် ညွတ်တွားရို သေရခြင်း။ ၀ိနည်းစူဠ၀ါ။ ပါ။၄၄၄။ဋ္ဌ။၁၂၇။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: