Friday, May 17, 2013

အရှင်ရာဟုလာ၏တော်ဝင်စိတ်ထားများ

အရှင်ရာဟုလာ၏တော်ဝင်စိတ်ထားများ ************************


ဘုရားရှင်ရဲ့ သားတော် ကိုရင်ရာဟုလာဟာ သာသနာ့သမိုင်း စာမျက်နှာမှာ အင်မတန် ထင်ရှားကျော်ကြားလှပါတယ်။မသိသူ မရှိသလောက်ပဲလို့ပြောရမှာပါ။ ခုနှစ်နှစ်သားအရွယ်မှာ ရှင်သာသဏေဖြစ်လာခဲ့တဲ့ ကိုရင်ရာဟုလာဟာ မျိုးရိုးဘက်ကကြည့်ရင်လည်း သာမီဝင်မျိုး။ရုပ်ရည် ဥပဓိဘက်ကကြည့်ပြန်ရင်လည်း စကြာဝတေးမင်းဖြစ်လောက်တဲ့ ရုပ်ရည်ဥပဓိပိုင်ရှင်။စည်းစိမ် ဥစ္စာဘက်ကကြည့်ပြ န်တော့ ကပိလ၀တ်နေပြည်တော်ရဲ့ ထီးမွေနန်းမွေကိုဆက်ခံရမယ့် ရှင်ဘုရင် လောင်းလျာတစ်ပါးဖြစ်ပါတယ်။ အစစအရာရာ ပြည်စုံအထက်တန်းကျ လွန်းတဲ့ ပုဂ္ဂိုလ်မြတ်လို့ပြောရမှာပါ။ ကိုရင်ရာဟုလာဟာ ရုပ်ဝတ္ထုဘက်ကသာ အထက်တန်းကျတဲ့ သူလားလို့ မေးစရာရှိပါ တယ်။ မဟုတ်ပါဘူး။နှစ်လုံးသားလှပတဲ့နေရာ၊ စိတ်ဓာတ်မြင့်မြတ် အထက်တန်းကျတဲ့ နေရာ မှာလည်း သူမတူအောင်ပါပဲ။ရာဟုလာဟာ သိက္ခာသုံးပါးအဆုးအမတရားကို မြတ်နိုးတဲ့ ရဟန်းတော်တွေထဲမှာ အသာဆုံး၊ အမြတ်ဆုံးဖြစ်တယ်လို့ ဘုရားကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူးနဲ့ ချီးကျူးတော်မူခဲ့ရတဲ့အထိပါ။ကိုရင်ရာဟုလာအကြောင်းကို တွေးမိတဲ့အခါတိုင်း ကြည်နူးမှု၊ကြည်ညိုမှု၊ အားကျမှု၊ရသမျိုး စုံကို တပြိုင်နက်တည်း ခံစားရစမြဲပါ။တဆက်တည်းမှာပဲ မြင့်မြတ်တဲ့ဘ၀တစ်ခုတည် ဆောက်ဖို့ အရေးမှာ "အဆုံးအမသြ၀ါဒ"အခန်းကဏ္ဍဟာ"မရှိမဖြစ်မိုး" လို့ ဆိုရလောက်အောင် အရေးကြီး ပါလား လို့ ဆင်ခြင်မိပြန်ပါတယ် ။


တော်ဝင်စိတ်ထား(၁)


အများသိပြီးဖြစ်ပေမယ့် ကိုရင်ရာဟုလာရဲ့အကြောင်းကို ပြောပြချင်ပါသေးတယ်။ ကိုရင် ရာဟု လာဟာ တော်ဝင်စိတ်ထားပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုပေါ့။ ကိုရင်ရာဟုလာ နံနက် စောစော အိပ်ယာထ၊ လက်ခုပ်နဲ့ သဲမှုန့်လေးတွေကိုကျုံးပြီးအဓိဌာန်လေ့ရှိပါတယ်။


"ယနေ့ တစ်နေ့တာအတွက် ဘုရားးရှင်ထံကဖြစ်စေ ဥပဇ္ဈာယ်စတဲ့ ဆရာသမားတွေ ထံကဖြစ်စေဒီသဲမှုန်နဲ့အမျှ အဆုံးအမ သြ၀ါဒစကားတွေနာယူခွင့်ရလိုပါတယ်တဲ့"။


ဘယ် လောက်မြင့်မြတ်တဲ့ စိတ်ဓာတ် ပိုင်ရှင်လဲဆိုတာ မှန်းဆ ကြည်ညိုကြည့်ပါ။ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ကြည့်လေ ကိုရင်ရာဟုလာရဲ့စိတ်နှစ်လုံးသားလှပမှု ရသကို ခံစားလို့မ၀လေပါပဲ ။


တော်ဝင်စိတ်ထား(၂)


ဒါတွင်မကသေးပါဘူး။ကိုရင်ရာဟုလာရဲ့ ဂုဏ်ရနံ့က သင်းပျံနေပါတယ်။"ပန်းသတင်းလေညှင်း ဆောင်၊ လူတင်း လူချင်းဆောင်"ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။အချို့သော ရဟန်းတော် တွေက ကိုရင်ရာဟုလာရဲ့ဂုဏ်သတင်းကို မှန်မမှန် စမ်းသပ်ချင်လာကြတယ်။ မျက်မြင်ကိုယ်တွေ့ ကြည်ညို အားကျလိုစိတ်နဲ့  စမ်းသပ်ကြတာလည်းဖြစ်နိုင်ပါတယ်။ ကိုရင်ရာဟုလာ လာနေတာ ကို မြင်တဲ့အခါ တံမြက်စည်းတို့ ၊ အမှိုက်တောင်းတို့ ကို လမ်းမှာပစ်ထားကြပါတယ်။ ကိုရင်ရာဟုလာ လွန်သွားတဲ့ အခါမှာတော့ ' ဒီတံမြက်စည်းတွေအမှိုက်တောင်းတွေကို ဘယ်သူချထားတာလဲ'လို့ ရဟန်းတစ်ပါးက မေးပါတယ်။ " ရှင်ရာဟုလာ ဖြတ်သွားတာမြင်တာ ပဲ"" သူများချသွားတာလား" တပည့်တော်လုပ်တာ မဟုတ်ပါဘူး၊ တပည့်တော်ကို မစွပ်စွဲပါနဲ့" ကိုရင်ရာဟုလာ ကတော့ ယောင်လို့တောင် ဒီလို ခွန့်တုံ့ မပြန်ခဲ့ပါဘူး။ "သည်းခံခွင့် လွှက် တော်မူပါဘုရား"လို့ တောင်းပန်ပြီး ပြန် ကောက်သွားလေ့ရှိပါသတဲ့ ။


တော်ဝင်စိတ်ထား(၃)


တစ်ခါမှာတော့ ကောသမ္ဗီမြို့အနီးက ဆီးတောကျောင်းတိုက်မှာ ဘုရားရှင်ကိုယ်တော်မြတ် သီတင်းသုံးနေထိုင်တော်မူချိန်၊ကိုရင်ရာဟုလာည်းဒီကျောင်းတိုက်မှာ ရှိနေခဲ့ပါတယ် ။ 'လူဒကာ တွေ သာမဏေတွေနဲ့ အမိုးတူ အကာတူ ကျောင်းမှာအတူမအိပ်ရ' လို့ ရဟန်းတော်တွေအတွက် သိက္ခာပုဒ် ပညတ်တော်မူပြီးစ အချိန်ပေါ့ ဒီတော့ ရဟန်းတော်တွေက ကိုရင်ရာဟုလာကိုအမိန့်ရှိ ကြပါတယ် ။ " ငါ့ရှင် ရာဟုလာ၊ ဘုရားရှင်ကတော့ ဒီလို ဒီလို သိက္ခာပုဒ်ပညတ် တော်မူထားတယ်၊ရဟန်းတော်တွေဟာ ငါ့ရှင်နဲ့အတူ မအိပ်ကောင်းဘူး၊ အိပ်ဖို့နေရာရှာပါ" စိတ်နှစ်လုံးသားမြင့်မြတ်လှပတဲ့ကိုရင်ရာဟုလာဟာ ရဟန်းတော်တွေနဲ့ကျောင်းဆောင်ထဲမှာ အတူမအိပ်တော့ပါဘူး ။ ဘုရားရှင်ကိုယ်တော်မြတ် သီးသန့် အသုံးပြုတော်မူတ ၀စ္စကုဋိ(အိမ်သာ)ထဲမှာ သွားပြီး အိပ်စက်ရှာပါတယ်။ သူအတွက်နဲ့ အခြားရဟန်းတော်တွေ အာပတ်အပြစ်မဖြစ် စေချင်လို့ပါ။


ဘုရားရှင်ထံဖြစ်စေ၊ရဟန်းတော်တွေထံဖြစ်စေ၊အကျိုး အကြောင်းလျောက်ထားမယ်ဆိုရင် အိပ်စက်ဘို့ရာအတွက် အဆင် ပြေနိုင်စရာ ရှိပါတယ်။ရဟန်းတော်တွေကလည်း ရုပ်ရည်ရော စိတ်ဓာတ်ပါ လှပတင့်တယ်တဲ့ ကိုရင် ရာဟုလာကို ဖေးမကူညီဘို့ အဆင်သင့်ဖြစ်နေကြမှာပါ။ဒါပေမဲ့ ကိုရင်ရာဟုလာကတော့ ရသင့်တာထက်ပိုပြီးအခွင့်အရေး မယူခဲ့ပါဘူး။ဒီလိုအခွင့်အရေးပိုမယူတတ်တာ၊စွန့်လွှက် အနစ်နာခံ တတ်တာတွေဟာ တော်ဝင်စိတ်ထားပိုင်ရှင်တွေရဲ့ လက္ခဏာပဲမဟုတ်လား။


နှလုံးသားလှပနေရခြင်း၏အကြောင်းရင်း *************************


မပြည့်စုံတဲ့အဖြေဒီနေရာမှာ စဉ်းစား ဆင်ခြင်စရာလေးတေ ရှိလာပါတယ်။ပုထုဇဉ်မျှသာဖြစ်တဲ့ ကိုရင်ရာဟုလာ ဟာ ဘာဖြစ်လို့ မယုံကြည်နိုင် လောက်အောင် နှလုံးသား လှပနေတာလဲ၊ကိုရင် ရာဟုလာရဲ့ စိတ်ဓာတ်ဟာ ဘာကြောင့် အထက်တန်းကျ မြင့်မြတ်နေရတာလဲ၊သိပ်ပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။စာရေးသူ အနေနဲ့ အကြောင်းရင်းကို ရှာဖွေလေ့လာကြည့်ခဲ့ပါတယ် ။ ' ပါရမီရှင်မို့လို့ပေါ့ 'လို့ အများပြောလေ့ ပြောထရှိတဲ့ အဖြေမျိုးကို ရာနှုန်းပြည့် သဘော မတူနိုင် ပါဘူး။ တိကျပြည့်စုံမှု မရှိတဲ့ အဖြေလို့ ယူဆမိပါတယ်။


ပါရမီရှင်မို့ စိတ်ဓာတ်မြင့်မြတ် တာပါလို့ဆိုရင် အင်္ဂုလိမာလ မထေရ်အလောင်း အဟိံသကဟာလည်းပါရမီရှင်ပါပဲ။ ဒီဘ၀ဒီခန္ဓာနဲ့ ပရိနိဗ္ဗှာန်စံဝင်မယ့် တကယ့်ပါရမီရှင်စစ်စစ်ပါ။ သူ လို ကို့လို ပါရမီရှင်မျိုးတောင် မဟုတ်ပါဘူး။ဒါပေမဲ့ ပါရမီရှင်ဖြစ်တဲ့အဟိံသကဟာ လူပေါင်းထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။လူသတ်သမားကြီးအဖြစ်နဲ့ ဘ၀ခရီးကြမ်းကို လျောက်လှမ်းခဲ့ရ ပါတယ်။ ဘုရားရှင်ရဲ့ အချိန်ကိုက် ကယ်တင်မှုကြောင့်သာ မိခင်ရင်းကို သတ်ဖြတ်ခွင့်မသာခဲ့တာပါ။မိခင်ရင်း ကိုသာသတ်ဖြတ်ခွင သာခဲ့မယ်ဆိုရင် အဟိံသကရဲ့ဘ၀က မတွေးဝံ့စရာပါ။ ရဟန္တာဖြစ်ဖို့ နေနေသာသာ အ၀ီစိအထိကျရောက် သွားနိုင်ပါတယ်။ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းလည်း ပါရမီရှင်ပဲလေ။တန်ဆောင်မုန်းလပြည့် ညမှာဟောကြားတော် မူတဲ့ သာမညဖလသုတ္တန်ကိုနာယူပြီးချိန်မှာ သောတာပန် အရိယာဖြစ်နိုင် တယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့တာပါ။ဒါပေမဲ့ခမည်းတော်သောတာပန် မင်းကြီးကိုသတ်ဖြတ်ခဲ့တဲ့အတွက် လောဟကုမ္ဘီငရဲရော က်သွားခဲ့ရပါတယ်။ဒါကြောင့် ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်မြ တ် အထက်တန်းကျတာဟာ 'ပါရမီရှင်ဖြစ်လို့'ဆိုတဲ့အဖြေဟာ တိကျပြည့်စုံမှုမရှိဘူးလို့ပြောခဲ့တာပါ။


မှန်ကန်ပြည့်စုံတဲ့အဖြေ ကိုရင်ရာဟုလာ မြင့်မြတ်အထက်တန်းကျတဲ့စိတ်ဓာတ်ပိုင်ရှင် ဖြစ်လာခြင်းရဲ့ အကြောင်းရင်းကို ဆက်လက်လေ့လာစူးစမ်းခဲ့ပါတယ်။ဒီလိုလော့လာစူးစမ်းတဲ အခါမှာ'ချိုမြိန်ကေင်းမြတ် အနှစ် သာရပြည့်ဝတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒစကားတော်တွေနဲ့ မကြာမကြာ ထိတွေ့ နာကြားခွင့်ရလို့'ဆိုတဲ့အဖြေကို ဖျတ်ခနဲ့ တွေ့မြင်လိုက်ရပါတယ်။ဒီအချက်ဟာ ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်လာရ ခြင်းရဲ့ အဓိကအကြောင်းရင်းပါ ။မှန်ပါတယ်၊အင်္ဂုလိမာလ မထေရ်လောင်းအဟိံသကနဲ့ အဇာတသတ်မင်းတို့ဟာ ဆရာကောင်းတွေနဲ့တွေ့ဆုံခွင့် မရခဲ့ပါဘူး။ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမ စကားတော် တွေကို ထိတွေ့ နာကြားခွင့် လွဲချော်ခဲ့ရပါတယ်။ ဒီအကြောင်းတွေကြောင့်ပဲ လူသတ်သမားတွေ၊ ကံကြီး ထိုက်တဲ့ သူတွေဖြစ်သွားရတာပါ။ ဆရာပေါင်းမှားတော့ တသံသရာလုံးမှောက်ရတဲ့ အဖြစ်မျိုးပေါ့။ ဒါကြောင့် ချိုမြိန်ကောင်မြတ် အနှစ်သာရပြည့်ဝတ အဆုံးအမသြ၀ါဒစကားတွေဟာ မြင့်မြတ်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ရာမှာ အဓိကသော့ချက် ဖြစ်တယ်လို့ ဆိုရမှာပါ။


ထူးလှတဲ့ကံကြမ္မာ နောက်တစ်ခုက ဘုရားရှင်က ပါရမီရှင်ပဲဆြို ပီး ကိုရင်ရာဟုလာအပေါ်ကြောင့်ကြမဲ့နေတော် မမူခဲ့ပါဘူး။ ကိုရင်ဖြစ်စ ခုနှစ်နှစ်ရွယ်ကစပြီးသက်တော် နှစ်ဆယ်အရွယ်အထိ အခွင့် အခါသင့်တိုင်း အဆုံးအမသြ၀ါဒစကားမိန့်ကြားတော်မူခဲ့ပါတယ်။ ကိုရင်ရာဟုလာဟာ ဘုရားရှင် ဆိုတဲ့ ဆရာသမားကောင်းနဲ့ ငယ်စဉ်ကတည်းကအမြဲလိုလို ထိတွေ့ဆက်ဆံခွင် ၇နေခဲ့ပါတယ်။ရဟန္တာဖြစ်သည်အထိဘ၀ကို မြှင့်တင်ပေးနို င်တဲ့ အဆုံးအမသြ၀ါဒစကားတွေ ကိုလည်း နှလုံးသားက ကြားနာခွင့်ရခဲ့တာ မကြာမကြာပါ။ ဒါဟာပါရမီရှင်တွေ ဖြစ်ကြတဲ့ အဇာတသတ် မင်းနဲ့ အဟိံသကတို့ထက် ထူးခြား ကောင်းမြတ်တဲ့ ကိုရင်ရာဟုလာရဲ့ကံကြမ္မာလို့ပဲ ပြောရ မယ် ထင်ပါရဲ့ ။မဂ်ဖိုလ်ကိုပင့်လန်းစေတဲ့ မိုးရေစက်များ ဆက်ပြီးပြောချင်ပါသေးတယ်။


ကိုရင်ရာဟုလာရဲ့နှလုံးသားကို မဂ်ဖိုလ်ပန်းပွင့်လန်းလာ သည်အထိ ဘုရားရှင်က သြ၀ါဒမိုးရေစက်တွေ ပက်ဖျန်းပေးတော်မူခဲ့တဲ့အကြောင်းကိုပါ။ အခွင့် အခါ သင့်တိုင်း ကိုရင်ရာဟုလာလေးကို ဘုရားရှင်ဆုံးမသွန်သင်ခဲ့တဲ့ သုတ္တန်တစ်ခုရှိပါတယ်။ကိုရင် ရာဟုလာ သက်တော် ခုနှစ်နှစ်အရွယ်ကနေ သက်တော် နှစ်ဆယ်အရွယ် အချိန်ကာလ အတွင်းမှာပါ။ရာဟုလသုတ္တန်လို့ခေါ်ပါတယ်။သုတ္တနိပါတ် ပါဠိတော်မှာ သင်္ဂါယနာ တင်ထားတာပါ။ ဘုရားရှင် ဒီသုတ္တန်ကို ဟောပြီးကိုရင်ရာဟုလာလေးကို ဆုံးမသွန်သင်ခဲ့တဲ့ အကြိမ်ပေါင်းဟာ မရေတွက်နိုင်ပါဘူးတဲ့။အခွင့်အခါသင့်တိုင်း ဆုံးမ သွန်သင်တော် မူခဲ့တာလို့ ဆိုပါတယ်။ သက်ရှိ သတ္တ၀ါတိုင်းနဲ့ မကင်းနိုင်တဲ့ စားဝတ်နေရေးကျန်းမာရေးနဲ့ စပ်ပြီးတဏှာ မဖြစ်ပွားစေဖို့၊သဘောထားမှန်ကန်စွာ ထားတတ်ဖို့စတဲ့ အကြောင်းအရာတွေ ဒီသုတ္တနှ်မှာ တွေ့ရပါတယ်။ အရိယာ သူတော်စင် ဖြစ်သည်အထိ မြင့်မြတ်တဲ့ ဘ၀တစ်ခု တည်ဆောက်ရေးမှ စပြီးကလျာဏမိတ္တလို့ခေါ်တဲ့ ပတ်ဝန်းကျင်ကောင်းအရေးပါပုံတွေလဲ ပါဝင်ပါတယ်။ နောက်ပြီးခုနှစ်နှစ်အရွယ်ကိုရင်ရာဟုလာကို'ကုမာရကပဥှာ' နဲ့ အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ္တန်'တွေနဲ့ ဆုံးမ သွန်သင်တော်မူပါတယ်။ ကလေးဘ၀မှာ အရည်မရ မဖတ်မရ အကျိုးမဲ့စကားတွေ မပြောမိစေဖို့ 'ကုမာရကပဥှာ'ကို ဟောတော်မူခဲ့တာပါ။ အမ္ဗလဋ္ဌိက ရာဟုလောဝါဒ သုတ္တန်ကိုတော့ ကလေးသဘာဝ လိမ်ညာမပြောမဖို့၊ကံသုံးပါး စင်ကြယ်အောင် ကျင့်သုံးတတ်ဖို့၊ဆုံးမဟော ကြားတော်မူခဲ့ပါ တယ်။


ကိုရင်ရာဟုလာ သက်တော်(၁၈)နှစ်အရောက် ကိုရင်ကြီးအရွယ်မှာ မဟာရာဟုလောဝါဒ သုတ္တန်ကို ဟောကြားပြန်ပါတယ်။ကိုယ်ခန္ဓာ လှပတင့်တယ်လာမှုက အစွဲပြုပြီး တပ်မက်မှု တဏှာ ရာဂ မဖြစ်ပွားစေဖို့ ဟောကြားတော်မူတာပါ။ဘုရားရှင်က သူအရွယ်နဲ့သူ အချိန်ကိုက် ဆုံးမ သွန်သင်တော်မူခဲ့တာလို့ပြောရမှာပေါ့။ ၀ိပဿနာ ရှုပွါးမှုမှာ မလစ်ဟင်းစေဖို့အတွက် သုတ္တန်ပေါင်း နှစ်ဆယ်ကျော်ကိုလည်းကြိုးကြား ကြိုးကြားဟောပြ ဆုံးမတော် မူခဲ့ပါသေးတယ်။'ရာဟုလသံယုတ်'ဆိုတဲ့ အမည်နဲ့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ နောက်တစ်ခါ' စူဠရာဟုလောဝါဒသုတ္တန်'ကို ဟောတော်မူပြီး သွန်သင်ဆုံးမ လမ်းပြတော်မူပါတယ်။ ကိုရင်ရာဟုလာ ရဟန်ဖြစ်ပြီးစ သိက္ခာဝါမရမီ သက်တော် (၂၀)အရွယ်မှာပါ၊ ဒီသုတ္တန်ကိုနာ ယူပြိးတော့ ရဟန်းဖြစ်စ အရှင်ရာဟုလာလည်းရဟန္တာ သူတော်စင်ကြီးအဖြစ် ရောက်ရှိသွားပါတော့ တယ်။


မရှိမဖြစ်မိုး ဒီလောက်ဆိုရင် ကိုရင်ရာဟုလာလေးဘာဖြစ်လို့ မယုံကြည်နိုင်လောက်အောင် နှလုံးသား လှပနေတာလဲ၊ ပုထုဇဉ်ဖြစ်တာချင်း အတူတူ ကိုရင်ရာဟုလာ စိတ်ဓာတ်က ဘာကြောင့်မြင့်မြတ် အထက်တန်းကျနေရတာလဲ၊အဖြေက တော့ သိသာထင်ရှားလောက်ပါပြီ။ကိုရင်ရာဟုလာရဲ့ဘ၀မှာ ဘုရားရှင်ရဲ့ အဆုံးအမသြ၀ါဒစကားတော်တွေနဲ့ ကင်းနေရတဲ့ အချိန်ပိုင်းဟာ မရှိသလောက်ပဲ လို့ပြောရမှာပါ။မိုးနှင့်ကင်းပြီး သက်ရှိသက်မဲ့ အရာအားလုံးရပ်တည်ရှင်သန်နေဖို့ မဖြစ်နိုင်ပါဘူး။ သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည် ရှင်သန်ဖို့အရေးမှာ မိုးဟာ မရှိမဖြစ်လို့ပြောရမှာပါ။


ဒီလိုပါပဲ၊ ရဟန္တာသူတော်စင်ဖြစ်သည်အထိမြင့်မြတ်တဲ့ဘ၀တ စ်ခုကိ တည်ဆောက်လိုသူတိုင်း အတွက်ချိုမြိန်ကောင်းမြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကားတွေဟာ မရှိမဖြစ် လိုအပ် ပါတယ်။ 'မရှိမဖြစ်မိုး' လို့ ဆိုရမယ်ထင်ပါရဲ့။ အရှင်ဣန္ဒကာဘိဝံသ(မြစကြာ) Credit:World Of Wisdom


No comments: