Thursday, May 23, 2013

ကိုးပါးသီလ ခံယူကောင်းသလော

ကိုးပါးသီလ ခံယူကောင်းသလော

ဒကာ။ ။န၀င်္ဂဥပုသ် ကိုးပါးသီလနဲ့စပ်ပြီး ဆရာတချို့ကလည်း “ကိုးပါးသီလဆိုတာ သီးခြားသတ်သတ် ခံယူနေစရာ မလိုပါဘူး၊ ရှစ်ပါးသီလ ခံယူပြီးတော့ကာ မေတ္တာပွားများပို့သနေရင် ကိုးပါးသီလ ဖြစ်သွားတာပဲ” ဟု ပြောဟောပြီး ကိုးပါးသီလကို မပေးကြပါဘူး၊ ရှစ်ပါးသီလကိုပဲ ပေးကြပါတယ်။ တချို့ဆရာတော်ကြီးများကလည်း“ကိုးပါးသီလဆိုတာ စောင့် သုံးကောင်းတယ်၊ခံယူကောင်းတယ်၊မြတ်သောသီလဖြစ်တယ်၊ ဒါ့ကြောင့်မို့ ကိုးပါးသီလကို ခံယူဆောက်တည် ကျင့်သုံးကြရမယ်”ဟု ဟောကြားဆုံးမ သြ၀ါဒပေးကြပါတယ်၊အဲဒါဘယ်ဆရာရဲ့သြ၀ါဒနည်းကို အမှန်လိုက်နာ ခံယူ ရမှာလဲ ဆရာတော်။ ဆရာ။ ။အင်း…“ကိုးပါးသီလကို သီးခြားသတ်သတ် ခံယူနေစရာ မလိုဘူး၊ ရှစ်ပါးသီလခံယူပြီးတော့ မေတ္တာပွားများနေရင်လည်း ကိုးပါးသီလ ဖြစ်သွားတာပဲ” ဆိုတဲ့ ဆရာတချို့ရဲ့ ဟောပြောတာလည်း မှန်တာပဲ၊ ပြန်ငြင်း မနေကြနဲ့၊ သူတို့ခိုင်းသလိုပဲ ကျင့်ကြပေါ့။ “န၀င်္ဂဥပုသ်, ကိုးပါးသီလဆိုတာ စောင့်သုံးခံယူကောင်းတယ်၊ စောင့် သုံးသူများအတွက်ဘုန်းတန်ခိုးတိုးတက်တယ်၊ ကြီးမားသော အကျိုးအာနိ သင်နဲ့ ပြည့်စုံနိုင်တယ်၊လောက မျက်မှောက် ကောင်းကျိုးချမ်းသာတွေ မိမိ ထံသို့ လာရောက် ပြည့်ဝ ချမ်းမြေ့စေနိုင်တယ်” စသည့် ကောင်းကျိုးတွေ အမျိုးမျိုးပြကာ ဟောကြားဆုံးမ သြ၀ါဒ ပေးတဲ့ဆရာများရဲ့အယူအဆဟာ လည်းမှန်တာပဲ၊ကိုယ်ကြိုက်တာ ကိုယ်ယူကြပေါ့၊ ကိုးပါးသီလစောင့်လို့ ငရဲမကြီးဘူး၊ ငြင်းခုံနေကြတာ ငရဲကြီးပြီး အပါယ်ကျကုန်မှာ။ ဒကာ။ ။ဝါဒနှစ်ခုကွဲတဲ့နောက်တော့ ၀ါဒယူသူလည်း နှစ်ခြမ်းကွဲ ကာ ကိုယ်ကြိုက်ရာ ကိုယ်ယူမှာပေါ့ ဆရာတော်၊ တပည့်တော်တို့ သိချင်တာ ကစာပေပိဋကတ်တော်ထဲမှာ “န၀င်္ဂ ဥပုသ်သီလဆိုတာ” မပါမရှိလို့ မခံယူ မစောင့်သုံးကောင်းတာလား၊ ဒါပဲ သိချင်ပါတယ် ဆရာတော်၊စာပေကိုသာ ညွှန်ကြားပေးပါ ဘုရား။ ဆရာ။ ။အင်း…စာပေပိဋကတ်တွေထဲမှာတော့ န၀င်္ဂဥပုသ်သီလ ဆိုတာ ပါရှိပါတယ်။အင်္ဂုတ္တရနိကာယ် န၀ကနိပါတ် သီဟနာဒ၀ဂ်မှာ ဟော ကြားတော်မူပါတယ်၊အင်္ဂါကိုးပါးနဲ့ ပြည့်စုံတဲ့ န၀င်္ဂဥပုသ် သီလတော်မြတ်ကို အပြည့်အစုံ ကျင့်သုံးဆောက်တည်ရင် ဘုန်းတန်ခိုးကြီးမားတဲ့ အကျိုးအာနိ သင်တွေ အပြည့်အ၀ ရရှိခံစားနိုင်ကြောင်း စသည်တွေနဲ့ အကြောင်းပြ ဟော ကြားထားတာ ရှိပါတယ်။ ဒီအကြောင်းနဲ့စပ်ပြီး ရန်ကုန်မြို့ သရက်တောတိုက် နှစ်ကျိပ်ရှစ်ဆူကျောင်း အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးဉာဏိကနဲ့ ဒေ၀သာဂရ သိမ်ကုန်းကျောင်း တိုက် အဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးရေ၀တ စတဲ့ဆရာတော်ကြီးများအား လျှောက်ထားဖူးပါတယ်။ အဲ့ဒီဆရာတော်ကြီးများကတော့ ကိုးပါးသီလ ပေးတဲ့နည်းနဲ့ ခံယူတဲ့နည်းကိုပဲ နှစ်သက်တော်မူကြတယ်၊ အင်္ဂုတ္တရနိကာယ်မှာပါတဲ့အတိုင်း သိက္ခာပုဒ်ကိုလည်းပါဏာတိပါတ မှ စ,ကာ ဥစ္စာသယန မဟာသယန ပြီး တော့ မေတ္တာသဟဂတေန စေတ သာ-အထိ ကိုးပါးစေ့အောင် ပေးတာနဲ့ ခံယူလိုက်ဆိုတာကိုပဲ ပြုလုပ်လေ့ရှိကြတယ်၊ အဲဒါကတော့ ကိုယ်တွေ့ပဲ။ ဒါနဲ့ ဒီကမေးလျှောက်တယ်၊“သီလကိုသာ ဆောက်တည် ဖွယ်ရာဖြစ်တာ၊ ဆောက်တည်ရမှာ၊ မေတ္တာက ဘာဝနာ သဘောပဲ၊ မပြတ် မစဲ ပွားများနေရမှာမို့သီလထဲ ရောထည့်လို့ ရပါမည်လားဘုရား၊သီလက ကာယကံနဲ့ ၀စီကံကျူးလွန်မှုကို စောင့်ထိန်းရတဲ့သဘော၊ မေတ္တာဘာဝနာ ကမနောကံအလုပ်လို့ ထင်ပါတယ်” ဟု သူတို့အာဘော်ကို သိချင်လို့ မရဲတရဲနဲ့ လျှောက်ထားလိုက်တော့ကာ….. “ကိုသြဘာနဲ့နော်…စာပေ အတွေးအခေါ်ချော်နေသေးတာပဲကို၊မေတ္တာဆို တာ ကာယကံမေတ္တာ ၀စီကံမေတ္တာ မနောကံမေတ္တာ သုံးပါးလုံးကို ယူရ တယ်၊ သုံးပါးလုံးကျင့်သုံးရတယ်။ မေတ္တာကို သိက္ခာပုဒ်တပါးအနေနဲ့ သီလထဲမှာ ထည့်သွင်းခံယူထားတဲ့သူ ဟာ မေတ္တာမပွားဘဲ ဘုရားဂုဏ်တော် အောက်မေ့နေလို့ မေတ္တာသိက္ခာပုဒ် ပျက်မသွားပါဘူး၊ဂုဏ်တော်စိတ်တွေဖြစ်နေတာပဲပေါ့၊ ထမင်းစားတော့လည်းထမင်းစားစိတ်တွေသာဖြစ်နေတာပေါ့၊ မေတ္တာသိက္ခာပုဒ်ကိုကျူးလွန်တယ်လို့ မယူရဘူး၊ မေတ္တာသိက္ခာပုဒ်က ပျက်မသွားပါဘူး။ မေတ္တာသိက္ခာပုဒ် ပျက်စီးအောင်ကျူးလွန်တဲ့နည်းက မေတ္တာနဲ့ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ “ဒေါသစိတ်” လို့မှတ်ရမယ်၊သုခိတ ဒုက္ခိတ သတ္တ၀ါရှိ သမျှတွေအပေါ်မှာ ဘယ်သောအခါမှ ဒေါသစိတ် ဖြစ်မလာအောင်စောင့်ထိန်း ထားရမှာ ဖြစ်တယ်၊အဲဒါကို သတိထားပါ။ မေတ္တာသဘောက အဒေါသစေတသိက်နဲ့ စိတ်၊ မေတ္တာနဲ့ ဆန့်ကျင်ဘက် မေတ္တာပျက်စီးလောင်ကျွမ်းအောင်လုပ်တာက ဒေါသစေတသိက်နဲ့ စိတ်၊ ဒါ့ ကြောင့် န၀ဂုင်္ပေါသထ ကိုးပါးသီလစောင့်ထိန်းကျင့်သုံးတဲ့ ဥပုသ်သည်ဟာ ဒေါသစိတ်ဘယ်အခါမျှမဖြစ်အောင် စောင့်ထိန်းရမှာဖြစ်တယ်၊ ဒေါသစိတ် မဖြစ်သမျှ မေတ္တာသိက္ခာပုဒ်ဟာလည်း မပျက်စီးပါဘူး” လို့ အဲဒီဆရာတော် ကြီးများကတော့ သြ၀ါဒပေးတော်မူကြတာပဲ၊ကြိုက်ရင်လည်း လိုက်နာခံ ယူကြပေါ့၊ ဘာပြောချင်သေးလဲ။


ဆရာတော်က ကိုးပါးသီလ မပေးဘူးလား ဒကာ။ ။ပိဋကတ်တော်မှာ န၀င်္ဂုပေါသထသီလ၊“ကိုးပါးသီလ တော်မြတ်” ကိုဟောဆိုထားတာပါရှိနေရင်လည်းပြီးတာပါပဲ ဆရာတော်၊ တပည့်တော်တို့က ကျမ်းဂန်ထဲမှာ မပါမရှိတာတွေကို အပါအရှိလုပ်ပြီးတော့ အဆန်းထွင်နေကြလို့ကိုးပါးသီလ မပေးဘဲ၊ ရှစ်ပါးသီလကိုသာ ပေးနေကြ တာပဲလို့ ထင်ရှိနေသောကြောင့် မေးရတာပါ၊ ဆရာတော်ကကော ဘယ်ဒင်း ကို သဘောကျကာ ပေးလေ့ရှိပါသလဲ ဘုရား။ ဆရာ။ ။အင်း….ဒီကတော့ အငြင်းအခုံ ၀ါသနာမပါဘူး၊ ရှစ်ပါး သီလ တောင်းရင် ရှစ်ပါးသီလပေးလိုက်တယ်၊ ကိုးပါးသီလတောင်းတဲ့သူကို လည်းကိုးပါးသီလ ပေးလိုက်တာပဲ၊ ရှစ်ပါးသီလကတော့ ပေးရိုးစဉ်လာဖြစ် နေတဲ့ သမရိုးကျပဲကို၊ ကိုးပါးသီလကျတော့နည်းနည်းဆန်းသစ် တယ်လို့ ထင်ကြတာပေါ့၊ ဒါပေမဲ့ ကိုးပါးသီလခံယူမိခြင်းကြောင့်လည်း မဂ်,ဖိုလ်ရဲ့ အန္တရာယ်တော့ မဖြစ်ပါဘူး၊ ကဲ…ကျေနပ်လောက်ရောပေါ့။ ဒကာ။ ။မှန်ပါ့ န၀င်္ဂုပေါသထသီလ(ကိုးပါးသီလ)ဟာလည်း ဘုရားဟောဖြစ်ကြောင်းနဲ့ ပိဋကတ်ကျမ်းစာတွေထဲက ထုတ်ပြရှင်းလင်းပေး တဲ့အတွက် အထူးပဲနှစ်သက် ယုံကြည်ကာ အထူးပဲ ကျေးဇူးတင်လှပါတယ် ဆရာတော်၊ ဒီလိုဆိုရင် ကိုးပါးသီလခံယူပြီးတော့ ဒေါသမဖြစ်အောင် စိတ်မဆိုးအောင် စောင့်ထိန်းကာ မေတ္တာစိတ်များများဖြစ်အောင် နေမှာပေါ့ ဘုရား၊ကျေးဇူးတင်လိုက်တာ ဆရာတော်။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: