Monday, May 06, 2013

သိကြား သာသနာ ၂၅၀၀ဆိုတာ တကယ် ရှိသလား

သိကြား သာသနာ ၂၅၀၀ဆိုတာ တကယ် ရှိသလား


ဒကာ။ ။သာသနာတော် ငါးထောင်ဆိုရာ၌ ဘုရားသာသနာတော်က နှစ်ထောင့်ငါးရာ၊သိကြားသာသနာ ကနှစ် ထောင့်ငါးရာ ဟု ပြောဆိုနေကြရာ သိကြားသာသနာ ဆိုတာ အဟုတ်တကယ် ရှိသလား ဆရာတော်၊ ကျမ်းဂန်မှာ ရော ပါရှိပါသလားဆရာတော်။ ဆရာ။ ။သိကြားသာသနာ ၂၅၀ ၀ ဆိုတာ တော့ ကျမ်းဂန်မှာ မတွေ့ဖူးသေးဘူး၊သာသနာ ၅၀၀၀ဆို တာကတော့ အဋ္ဌကထာကျမ်းဆရာတို့ကခေတ်ငါးပါးနဲ့ ပိုင်း ခြားကာ သုံး,လေးနည်းပြဆိုထားတာတွေ့ရှိတယ်၊ သိချင်ရင် သုတေသနသရုပ်ပြအဘိဓာန်ကျမ်းကြီးမှာ ပါတယ်။ ဒကာ။ ။သည်လိုဆိုရင် သိကြားသာသနာ, သိကြား သာသနာနဲ့ ဘုရားသာသနာတော်မှာ သိကြားမင်းနဲ့စပ်စပ် ပြီး ပြောဆိုနေကြတာကိုဘယ်လိုယူဆပါသလဲ ဆရာတော်။ ဆရာ။ ။ဓမ္မစကြာသုတ် အမွှမ်းနိဒါန်းမှာ (သဟမ္ပတိနာမကေနမဟာဗြဟ္မေနယာစိ တော)သဟမ္ပတိ ဗြဟ္မာမင်းကြီးက မြတ်စွာဘုရားအားတရားဟောဖို့ လာရောက် တောင်းပန်တဲ့အခါသိကြားမင်းလည်း ပါလာတယ်၊အဲဒီအခါ သိကြားမင်းက.... "မြတ်စွာဘုရား၊အရှင်ဘုရားတို့သည် တရားမြတ် ဒေသနာတော်ကို ဟောကြားတော်မူကြပါ ဘုရား။ အရှင်မြတ် တို့၏ အမှန်စကားကို ၀န်မခံဘဲ ငြင်းဆန်ကာ (မဖြေကြားဘဲ) နေသူများရှိခဲ့သော် တပည့်တော်တို့က လိုက်ပါ နာယူစေကြ ပါမည် ဘုရား-အရှင်ဘုရားတို့ဘက်မှ ဓမ္မစက်ဖြစ်တော်မူပါ စေ၊ တပည့်တော်တို့ဘက်မှ အာဏာစက် ဖြစ်စေပါမည်ဘုရား" ဟု သိကြားမင်းက ပဋိညာဉ်ဝန်ခံစကားလျှောက်ထားသွားတာ တော့ သာသနာတော်ကျမ်းများမှာ ပါရှိတယ်။ ပုံပမာပြရရင်။ ။သစ္စကပရိဗိုဇ်ကြီးက မြတ်ဘုရား ထံလာရောက်ကာ အနတ္တကိုငြင်းပယ်ဖျက်ဆီးတဲ့ ပြိုင်ပွဲကြီးမှာ မြတ်စွာဘုရားသခင်ကအမှန်တရားဖော်ပြပြီး "ကဲ....သစ္စက သဟာကို ဘယ်လိုသဘောရသလဲ၊အတ္တလော,အနတ္တလော၊ ဖြေကြားပါ"ဟု စေခိုင်းတဲ့အခါမှာ သစ္စကကြီးက "အနတ္တ ပါ" လို့ မုချဖြေကြားရတော့မည့် ကိစ္စဖြစ်နေ၍မင်းပရိသတ် ဗိုလ်ပုံ အလယ်မှာ အရှုံးမပေးမဖြေကြားဘဲ တောင်စကားမြောက်စ ကားတွေ ပြောဆိုကာ အချိန်ကိုဖြုန်းတီးနေတယ်။ အဲသည်အခါ သိကြားမင်း မနေသာတော့ဘူး၊ သူ၏ ပဋိညာဉ် ၀န်ခံချက်အရ ၀ရဇိန်လက်နက်ကိုကိုင်ဆွဲလျက် ကြောက်မက်ဖွယ် ဘီလူးကြီးအသွင်ဖန်ဆင်းကာ ဘုရားသခင် ၏ အမေးစကားတော်ကိုအမှန်အတိုင်းဖြေကြားရန် ခြိမ်းခြောက် တော့မှ သစ္စကကြီးက ကြောက်လန့်ပြီး အမှန်အတိုင်း "အနတ္တပါ၊ အရှင်ဂေါတမ" ဟု ဖြေကြားတဲ့ အခန်းကဏ္ဍမျိုးတွေ များစွာပဲ ကျမ်းဂန်တွေမှာ ရှိပါတယ်၊အဲဒါတွေဟာ ဘုရားသာသနာတော် နဲ့ သိကြားမင်းစပ်တဲ့ကိစ္စတွေပဲ၊သိကြားသာသနာ ၂၅၀၀ ရယ် လို့တော့ သီးခြားမတွေ့ဖူးသေးဘူး၊မြတ်စွာဘုရားဘက်ကကူ ညီပေးတဲ့အချက်တွေသာ ပါတယ်၊ကဲ....ကျေနပ်ပြီလား။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: