Tuesday, May 21, 2013

(ပြည်မြန်မာ) သုဝဏ္ဏဘူမိ သို့ မြတ်ဗုဒ္ဓ သာသနာတော် ရောက်ရှိလာပုံ

(ပြည်မြန်မာ) သုဝဏ္ဏဘူမိ သို့ မြတ်ဗုဒ္ဓ သာသနာတော် ရောက်ရှိလာပုံ


ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် မဇ္ဈိမဒေသ (အိန္ဒိယ) သာသနာတော်သည် ဝိနည်းဓိုရ် ဧတဒဂ်ရ အရှင်ဥပါလိ မထေရ်မြတ်၏ ပခုံးပေါ်၌ လုံးလုံးလျားလျား ကျရောက်တည်မှီခဲ့သော ကာလတစ်ခု ရှိခဲ့ဖူးပါသည်။ ထိုကာလသည် အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ စသောမထေရ်ကြီးတို့ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးချိန် (သို့) အလွန် အိုမင်း ရင့်ရော်တော်မူကြသောကြောင့် သမာပတ်ဖြင့် ချမ်းချမ်းသာသာသာ နေတော်မူကြချိန် ဖြစ်နိုင်ပါသည်။


ရဟန္တာမထေရ်မြတ်ကြီးတို့သည် မိမိတို့ ခံစားရရှိအပ်သော မဂ်ချမ်းသာ ဖိုလ်ချမ်းသာကို ဝမ်းသာရွှင်မြူး ဥဒါန်း ကျုးရင့်သောအားဖြင့် ဖြစ်စေ၊ မိမိတို့၏ ပါရမီ ဖြည့်ကျင့်ခဲ့ပုံ၊နိဗ္ဗာန်ကို ရှာဖွေခဲ့ပုံ၊ ဘုရားရှင်တို့ကို ဖူးတွေ့ခဲ့ပုံ၊ သံသရာ၌ ဘဝယုတ်မြတ် ကျင်လည်ခဲ့ရပုံ၊ဘုရားရှင်တို့၏ တန်ခိုးအာနုဘော် ကြီးမြတ်ပုံ၊သာသနာတော်နှင့် ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော် အဖုံဖုံ စသည်တို့ကို ဖော်ပြလျက် ဖြစ်စေ၊ ဂါထာများ ဖွဲ့သီ၍ ရွတ်ဆို ကျူးရင့်တော်မူခဲ့ကြပါသည်။


{ ထေရပဒါန် ဟူသည်ကား ဗုဒ္ဓခေတ် ရဟန္တာ အရှင်မြတ်ကြီးတို့၏ အကောင်းအဆိုး အဖြစ်အပျက် အကြောင်းအရာများကို မထေရ်မြတ်တို့ ကိုယ်တော်တိုင် ဂါထာများဖြင့် ရွတ်ဆို ဖော်ပြတော်မူချက် (ဖော်ပြသောကျမ်းစာ) ပင် ဖြစ်ပါသည်။ (ထေရာ ပဒါန = ထေရ - ထေရ်၏ + အပဒါန - အပဒါန်) အပဒါန ဟူသော သဒ္ဒါသည်အကြောင်းအတ္ထုပတ္တိ ဟူသော အနက်ကို ဟောပါသည်။} ဥပါလိအရှင်မြတ်၏ ထေရာပဒါန်သည်ကား ဤသာသနာတော်၌ အရှင်သာရိပုတ္တရာမထေရ်မြတ်၏ထေရာပဒါန်တော်အောက် အခမ်းအနားဆုံး၊ အပြည့်စုံဆုံးဟုဆိုနိုင်ပါသည်။


ဗုဒ္ဓသာသနာဝင် မြန်မာစာဖတ် ပရိတ်သတ်အများစုသည် အရှင်ဥပါလိမထေရ်မြတ်၏သက်တော်ထင်ရှား (ပထမသင်္ဂါယနာတင်ရာကာလအထိ)သာသနာပြုပုံ ဖြစ်တော်စဉ် ဘဝသမိုင်းကို အပြည့်အစုံလောက်နီးပါး သိရှိကြည်ညိုနေကြသော်လည်း ထို၏နောက်ပိုင်း (အရှင် ဥပါလိ၏ သာသနာ့သမိုင်း ဒုတိယပိုင်း)ကိုသတိမူမိကြသူ နည်းပါးလိမ့်မည် ထင်ပါသည်။သတိ မမူမိကြသော်လည်း ထိုအပိုင်းသည် ပို၍ပင် တောက်ပပါသေးသည်။


ဗုဒ္ဓခေတ်နောက်ပိုင်းအိန္ဒိယ သာသနာဝင်ကိုအရှင်ဥပါလိထေရ်ကို အစပြု၍ရေတွက်ခဲ့ကြပါသည်။ မဇ္ဈိမဒေသ မထေရ်မြတ်တို့၏ ထေရ်စဉ်သာသနာဝင် ၅-ဆက်သည် အရှင်ဥပါလိနှင့် ယင်းမထေရ်မြတ်၏တပည့် အစဉ်အဆက်များဖြစ်ကြသည်ဟု မှတ်တမ်းရှိပါသည်။ယင်းမှတ်တမ်းသည်သင်္ဂါယနာဝင်ရှေးအဋ္ဌကထာ မှတ်တမ်းဖြစ်သောကြောင့် အလွန်ခိုင်မာတိကျပါသည်။


မဇ္ဈိမဒေသသာသနာဝင်၅-ဆက်ဟူသည်မှာ … အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ အရှင်ဥပါလိဤသုံးပါးတို့ပထမ-သင်္ဂါယနာ တင်တော်မူကြကာ တစ်ပြိုင်နက် သာသနာ ပြုတော်မူခဲ့ကြသည့် နောက်ပိုင်း … ၁။ အရှင် ဥပါလိထေရ် ၂။ အရှင် ဥပါလိထေရ်၏တပည့် အရှင် ဒါသကထေရ် ၃။ အရှင် ဒါသကထေရ်၏တပည့် အရှင် သောဏထေရ် ၄။ အရှင် သောဏထေရ်၏တပည့် အရှင်သိဂ္ဂဝထေရ်နှင့် အရှင်


၅။ အရှင် သိဂ္ဂဝထေရ်နှင့် အရှင်စဏ္ဍဝဇ္ဇီထေရ်တို့၏တပည့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿထေရ် ..တို့ ဖြစ်ကြသည်။


အရှင်ဥပါလိထေရ်မှစ၍အာစရိယ ပရမ္ပရ အဆက်ဆက်တို့သည်ကား ဝိနည်းပိဋကမျှကိုသာ ဆောင်တော်မူခဲ့ကြ၊ ပို့ချတော်မူခဲ့ကြသည် မဟုတ်ပါ။ငါးရပ်သော နိကာယ်တို့ကိုလည်းကောင်း, အဘိဓမ္မာ (၇)ကျမ်းတို့ကို လည်းကောင်း၊ ဆောင်တော်မူခဲ့ ပို့ချတော်မူခဲ့ကြကြောင်း ‘နိကာယေ ပဉ္စ ဝါစေသုံ၊ သတ္တစေဝ ပကာရ ဏေ’ ဟုပေထက် အက္ခရာတင် (စတုတ္ထသံဂါယနာတင်) ရဟန္တာအရှင်မြတ်များက မှတ်တမ်းတင်တော်မူခဲ့ကြပါသည်။ (ဝိ၊ ၅၊၂။ဝိ၊ ဋ္ဌ၊၄၊ ၁၃၉နှင့် ယင်းအဖွင့် ဝိနည်း ဋီကာများမှ)


(၁)အရှင်ဥပါလိထေရ်သည် မြတ်ဗုဒ္ဓမျက်မှောက်တော်၌ဝိနယ (ဓမ္မလည်းပါဝင်)သာသနာကိုကိုယ်တိုင်နာကြားသင်ယူခဲ့၍ တပည့်ပရိသတ်တို့အားလည်း ပို့ချသင်ကြားတော်မူရာ ဝိနည်းကျွမ်းကျင် ပညာရှင်တပည့် သောတာပန်၊ သကဒါဂါမ်၊အနာဂါမ် တို့ကား မရေတွက်နိုင်အောင် များပြားကုန်၏။ဝိနည်းဓိုရ် ရဟန္တာသည်ပင် ၁၀၀၀-မျှ ရှိကြောင်းအဋ္ဌကထာမှတ်တမ်း ရှိပါသည်။


(၂)အရှင်ဒါသကထေရ်သည် အရှင်ဥပါလိထေရ်၏ဥပဇ္ဈာယ်ယူ အတူနေ တပည့် ဖြစ်ပါသည်။အရှင်ဥပါလိထံတော်၌ဝိနည်းပိဋကကို အာစရိယမုဋ္ဌိလက်ဆုပ်ရအောင် သင်ယူ၍ အရှင်ဥပါလိအနီး၌ပင်နေလျက်ဝိနည်းကို ပို့ချတော်မူပါသည်။ ထိုအရှင်ဒါသကထံ၌ဝိနည်းပိဋကကို သင်ယူ၍ တတ်မြောက်ကျွမ်းကျင်ကြသော ပုထုဇဉ်ရဟန်းစသော ရဟန်းတော်တို့သည်မရေမတွက်နိုင်အောင်များကုန်၏ ရဟန္တာတို့သည်ပင် ၁၀၀၀- ရှိသည်ဟု ဆိုပါသည်။


ဝေသာလီပြည်သားဖြစ်သော အရှင်ဒါသကသည် ၁၂-နှစ်အရွယ်ကပင် ဝေဒပါရဂူဖြစ်ခဲ့ပါသည်။ဝေသာလီပြည်ဝါလိကာရုံကျောင်းတိုက်၌ အရှင်ဥပါလိထံချဉ်းကပ်၍ဗေဒင်ကျမ်းဆိုင်ရာ ခဲရာခဲဆစ်တို့ကို မေးလျှောက်ပြီးနောက်ဗုဒ္ဓမန္တာန်ကို သင်ယူခွင့်ရရန် တပည့်၃၀၀ တို့နှင့်အတူအရှင်ဥပါလိထံ၌ရှင်သာမဏေ ပြုကြပါသည်။အသက် ၂၀တွင် ရဟန်းဘောင်သို့တက်ပါသည်။အရှင်ဒါသကသည် ရဟန်းဖြစ်ပြီးနောက် မကြာမီ အာသဝေါကင်းကွာ၍ ရဟန္တာအဖြစ်သို့ ရောက်တော်မူပါသည်။အရှင်ဥပါလိထေရ်သည်အရှင်ဒါသကကို ပဓာနပြု၍ ရဟန်း၃၀၀တို့ကို ပိဋကတ်သုံးပုံကို သင်ကြားပို့ချပေးတော်မူပါသည်။


(၃) အရှင်သောဏထေရ်သည် ဗာရာဏသီပြည်၏တစ်ဖက်ကမ်း ကာသိတိုင်းသား၊ကုန်သည်မျိုးရိုး ဖြစ်ပါသည်။ ၁၅-နှစ်အရွယ်၌ မိဘများနှင့်အတူ ရာဇဂြိုလ်မြို့သို့ ကုန်ရောင်းသွားခဲ့ပါသည်။ အရှင်ဒါသကထေရ်ကိုဝေဠုဝန်ကျောင်းတော်တွင်ဖူးတွေ့ရ၍ အလွန်ကြည်ညိုသဖြင့် မိဘများထံအစာငတ်ခံပြီး ရဟန်းပြုခွင့်တောင်းကာ သူငယ်ချင်း ၅၅-ယောက်နှင့်အတူ သာမဏေဝတ်ကြပါသည်။ထို့နောက်ရဟန်းဖြစ်ကြပြီးလျှင်မကြာမီ ရဟန္တာဖြစ်ကြပါသည်။အရှင်ဒါသကထေရ်သည်အရှင်သောဏအား မြတ်ဗုဒ္ဓ၏ ဒေသနာအားလုံးကို သင်ကြားပို့ချတော်မူလေသည်။ အရှင်သောဏထေရ်သည်လည်း ပဏပါမောက္ခကြီးတစ်ဆူအဖြစ် များစွာသော တပည့်ရဟန်းတို့အားသုတ်၊ဝိနည်း၊ အဘိဓမ္မာတို့ကို သင်ကြားပို့ချတော်မူလေသည်။


(၄) အရှင်သိဂ္ဂဝသည်အမတ်ကြီးသာ ဖြစ်၍ အရှင်စဏ္ဍဝဇ္ဇီသည် သူဋ္ဌေးသားဖြစ်ပါသည်။နှစ်ဦးလုံးပါဋလိပုတ်မြို့သားများ ဖြစ်ကြပါသည်။တစ်နေ့၌သိဂ္ဂဝလုလင်နှင် စဏ္ဍဝဇ္ဇီလုလင်တို့သည် ပါဋလိပုတ်မြို့ကုဣုဋာရုံကျောင်းတိုက်သို့ သွားကြရာ အရှင်သောဏထေရ် နိရောဓသမာပတ် ဝင်စားတော်မူနေသည်ကို အနီးကပ်ဖူးမြော်ကြရပါသည်။အားရကြည်ညိုလှသဖြင့် ထိုလုလင်နှစ်ယောက်တို့သည်မိဘများထံ ခွင့်ပန်ကာ အဖော် ၅၀၀-တို့နှင့်အတူအရှင်သောဏထေရ်အထံတော်၌ရှင်ရဟန်း ပြုကြပါသည်။အရှင်သိဂ္ဂဝနှင့် အရှင်စဏ္ဍဝဇ္ဇီထေရ်တို့သည် အရှင်သောဏထေရ်ထံ၌ပင် ဓမ္မဝိနယ သာသနာတော်ကို သင်ကြားကြကုန် ၍ နောက်အဖို့၌ဆဠာဘိညာရဟန္တာကြီးများ အဖြစ်သို့ ရောက်ကြလေကုန်၏။


(၅) အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် အကြောင်းကိုအကျဉ်းရုံး၍ သိသာရုံမျှ ဖော်ပြပါမည်။ သာသနာနှစ်၁၀၀၌ဝေသာလီပြည်တွင်ဝဇ္ဇီတိုင်းသားရဟန်းတို့ အဓမ္မဝတ္ထု ၁၀-ပါးကို ဟောပြော ကျင့်သုံးနေကြ၏။ထိုသတင်းကို ကြား၍အရှင်ယသထေရ် (ဒုတိယသင်္ဂါယနာ၏ပဓာနရှေ့ဆောင် ဖြစ်လတ္တံ့သော ထေရ်)ဝေသာလီသို့ ကြွရောက်လာ၊ ထိုရဟန်းတို့အား မအပ်ကြောင်း ဟောပြော၊ထိုရဟန်းတို့က အရှင်ယသကို နှင်ထုတ်ကြကုန်အံ့ဟုစည်းဝေးကုန်စဉ် အရှင်ယသထေရ်မြတ်သည် ကောင်းကင်ခရီးဖြင့် ကောသမ္ဘီသို့ ကြွတော်မူ၏။


ထို့နောက်အရှင်ယသသည်ပါဝေယျကတိုင်းနှင့် အဝန္တိဒက္ခိဏပထတိုင်းတို့ရှိသံဃာများထံ တမာန်များစေလွှတ်၍ ဤအဓိကရုဏ်းကိုငြိမ်းအောင်ပြုကြရန် သံဃာစုတော်မူပါသည်။ အဟောဂင်္ဂါတောင်၌သီတင်းသုံးတော်မူသော အရှင်သမ္ဘူတထေရ်၊ သောရေယျအရပ်၌သီတင်းသုံးတော်မူသောအရှင်ရေဝတထေရ် (ဓမ္မဓရ၊ ဝိနယဓရ၊လဇ္ဇီပေသလ၊ သိက္ခာကာမ)တို့၏ အားပေးထောက်ခံမှုကို ရယူတော်မူ၊ထိုအချိန်၌ဝါတော် ၁၂၀-ရှိ အရှင်သဗ္ဗကာမီမဟာထေရ်ကြီး (အရှင်အာနန္ဒာ၏သဒ္ဓိဝိဟာရိက တပည့်ရင်း)သည်ဝေသာလီ၌သီတင်းသုံးနေ၊အရှင်ရေဝတ, အရှင်သမ္ဘူတ တို့သည် အရှင်သဗ္ဗကာမီမဟာထေရ်ကြီးထံ ညအိပ်ဆည်းကပ်ကာ အကြောင်းအကျိုးပြ၍ လျှောက်ထားကြ၊ နောက်ဆုံး၌ဝေသာလီပြည်ဝါလိကာရုံကျောင်းတိုက်သို့ အားလုံးကြွရောက် စည်းဝေးတော်မူကြသည်။ထို သံဃာ့အစည်းအဝေးကြီး၌အရှင်ရေဝတက မေးလျှောက်၍ အရှင်သဗ္ဗကာမီမဟာထေရ်ကဖြေဆိုသည့်အတိုင်း သံဃာတော်က ၁၀-ပါးသော အဓမ္မဝတ္ထုတို့ကို ပယ်ချကာ အတည်ပြုဆုံးဖြတ်ပြီး အဓိကရုဏ်းကို ငြိမ်းအေးစေပြီးလျှင်ထိုမဟာထေရ်ကြီးတို့သည် တိပိဋကဓရ ပဋိသမ္ဘိဒါပတ္တရဟန္တာကြီး (၇၀၀)တို့ကို ရွေးကောက်တော်မူကြ၍ ဒုတိယ-သင်္ဂါယနာ တင်တော်မူခဲ့ကြပါသည်။


ထိုဒုတိယသံင်္ဂါယနာတင်ပွဲ၌ပါဝင်တော်မူကြသော မထေရ်ကြီးတို့တွင် အရှင်သဗ္ဗကာမီ၊ အရှင်သာဠှ၊ အရှင်ရေဝတ၊ အရှင်ခုဇ္ဇသောဘ၊ အရှင်သာဏသမ္ဘူတ ၅-ပါးတို့သည်အရှင်အာနန္ဒာ၏ သဒ္ဓိဝိဟာရိက တပည့်ရင်းတို့ ဖြစ်ကြပါသည်။အရှင်သုမန, အရှင်ဝါသဘ မဟာထေရ် နှစ်ပါးတို့သည်အရှင်အနုရုဒ္ဓါ၏ (သဒ္ဓိဝိဟာရိက =ဥပဇ္ဈာယ်ယူ အတူနေ)တပည့်များဖြစ်ကြပါသည်။ ထိုမထေရ် ၇-ပါးတို့သည်ကား ဘုရားရှင်ကိုမီလိုက်၍ ဖူးမြင်ကြရသော အရှင်မြတ်တို့ပင်တည်း။ ထိုသင်္ဂါယနာ၌ အရှင်ဒါသက,အရှင်သောဏ တို့လည်း ပါဝင်ကြလိမ့်မည်ဟု ပညာရှိတို့ယုံကြည်ကြပါသည်။အရှင်သိဂ္ဂဝနှင့် အရှင်စဏ္ဍဝဇ္ဇီ တို့မှာကားရဟန်းငယ်များဖြစ်ကြ၍ ပါဝင်ခွင့် မရကြဘဲ တတိယသင်္ဂါယနာ အတွက်သာ ကြိုတင်တာဝန်ပေးအပ်ခြင်း


ဒုတိယသင်္ဂါယနာ၏ဦးစီးရှေ့ဆောင် ဖြစ်တော်မူကြသောအရှင်ယသ၊ အရှင်သဗ္ဗကာမီ၊ အရှင်ရေဝတ စသော မဟာထေရ်တို့သည် သင်္ဂါယနာကိစ္စ ပြီးသောအခါ ‘အနာဂတ်ကာလ၌ ယခုကဲ့သို့သာသနာ့ အန္တရယ်ပေါ်ဦးမည်လော’ဟု အနာဂတံသဉာဏ်တော်ဖြင့် ကြည့်တော်မူကြ၊ သာသနာနှစ် ၂၁၈, သိရီဓမ္မာသောက မင်းတရားလက်ထက်တွင်တိတ္ထိတို့သာသနာတော်တွင်း ဝင်ရောက် ပူးသတ်မှုကြောင့် သာသနာတော်၌ကြီးစွာသော အန္တရယ်ဖြစ်မည်ကို မြင်တော်မူကြ၊ယင်းသာသနာ့အန္တရယ်ကို ငြိမ်းစေခြင်းငှါ စွမ်းနိုင်မည့်သူကိုကြည့်ရှုကြရာ တိဿဗြဟ္မကြီးကို မြင်၍ ဗြဟ္မာ့ပြည်သို့ကြွတော်မူကြကာ တိဿဗြဟ္မာကြီးကို မြင်၍ ဗြဟ္မာ့ပြည်သို့ကြွတော်မူကြကာ တိဿဗြဟ္မာကြီးကို တိုက်တွန်းတော်မူကြသည်။ဗြဟ္မာကြီးလည်း“ငါသည်မြတ်စွာဘုရား သာသနာတော်၌ဖြစ်ပေါ်လာလတ္တံသော ဘေးအန္တရယ်ကို သုတ်သင် ရှင်းလင်း၍ သာသနာတော်ကို ချီးမြှောက်နိုင်မည်”ဟု ဝမ်းပန်းတသာ လက်ခံလိုက်လေသည်။


မထေရ်မြတ်တို့သည်အရှင်သိဂ္ဂဝနှင့် အရှင်စဏ္ဍဝဇ္ဇီ တို့ကို တိဿသူငယ်ကို စောင့်ရှောက်ရန် တာဝန်ပေးတော်မူကြ၏။ ထိုမထေရ် ၂-ပါးသည် သီတင်းငယ်(ဝါငယ်)များဖြစ်ကြသော်လည်း တိပိဋကဓရ၊ ပဋိသမ္ဘိဒါပတ္တ၊ ခီဏာသဝတို့ပင် ဖြစ်ကြ၏။ အရှင်ယသစသော မထေရ်ကြီးတို့က “ငါ့ရှင်တို့ …အသင်တို့သည် ယခုပြီးခဲ့သောအဓိကရုဏ်းကိစ္စ၌အကူအညီ မပြုခဲ့ကြ၊ သို့ဖြစ်၍ သင်တို့ကိုဒဏ်ထားခဲ့မည်။ တိဿဗြဟ္မာသည် မောဂ္ဂလိဗြဟ္မဏအိမ်၌ ပဋိသန္ဓေတည်နေလိမ့်မည်။တိဿသူငယ်ကိုတစ်ဦးက သာမဏေဖြစ်အောင်ဆောင်ရွက်၍၊ တစ်ဦးက ပိဋိကတ်သုံးပုံကို သင်ကြားပေးရမည်”ဟုဒဏ်ထားတော်မူကြကာ အာယုကပ်ပတ်လုံး တည်နေတော်မူကြပြီးနောက်ပရိနိဗ္ဗာန်စံဝင်ကြလေကုန်၏။ ထိုအရှင်သိဂ္ဂဝ၊ အရှင်စဏ္ဍဝဇ္ဇီမထေရ်၂-ပါးတို့၏ကျရောက်သော တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်မှုဖြင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ဟူသည့် တိပိဋကဓရ၊ အဂ္ဂဒက္ခိဏေယျ ရဟန္တာအရှင်မြတ်ပေါ်ထွန်းလာရပါသည်။


အရှင်ဥပါလိထေရ်မြတ်၏ ပဉ္စမမြောက်တပည့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ်နှင့် သိရီဓမ္မသောက မင်းတရားကြီးတို့ ဆရာ, ဒကာ လက်တွဲ၍တတိယ-သင်္ဂါယနာ မဟာမှတ်တိုင်ကြီး စိုက်ထူတော်မူခဲ့ကြ၊ကိုးတိုင်းကိုးဌာန သာသနာပြု သမိုင်းမော်ကွန်းတော်ကြီး ရေးထိုးတော်မူခဲ့ကြ၊ ယင်းကဲ့သို့ ကိုးတိုင်း ကိုးဌာန သာသနာပြု ဖြန့်ချိရာတွင်နောက်ဆုံးပိတ်အဖွဲ့လည်း ဟုတ်၊ အကြီးမားဆုံးသော အောင်မြင်မှုကိုလည်း ထောင်စုနှစ် ချီ၍ ဖြစ်ထွန်းစေခဲ့သော အဖွဲ့ကားသီဟိုဠ်အဖွဲ့ပင် ဖြစ်ပါသည်။


ထိုအဖွဲ့၏ ခေါင်းဆောင်ထေရ်ကားအရှင်ဥပါလိထေရ်မြတ်၏ ဆဋ္ဌမမြောက်တပည့် အရှင်မဟိန္ဒထေရ် (သိရီဓမ္မာသောက မင်းတရား၏ သားတော်)တည်း။ ထိုအရှင်မဟိန္ဒနှင့် တပည့်သာဝက သာဝိကာ အဆက်ဆက်တို့၏ကြီးမားသော စွမ်းပကားကြောင့် (အိန္ဒိယ၌ သာသနာ ဆုတ်ယုတ်သွားချိန်တွင်)သီဟိုဠ်သည် ကမ္ဘာပေါ်၌ဒုတိယမြောက်ဓမ္မနိုင်ငံတော်ဖြစ်လာခဲ့ရပါသည်။ ရှစ်ခုမြောက်သာသနာပြုအဖွဲ့သည် သုဝဏ္ဏဘူမိ (ရတနာရွှေမြေ)သို့ ကြွချီတော်မူလာခဲ့ကြပါသည်။ထိုအဖွဲ့၏ခေါင်းဆောင် အရှင်သောဏထေရ်နှင့် အရှင်ဥတ္တရထေရ်တို့သည်လည်း အရှင်ဥပါလိထေရ်မြတ်၏ တပည့်သာဝကအဆက်အနွယ်များပင် ဖြစ်လေမည်ဟုယူဆပါသည်။


ဤမထေရ်နှစ်ပါးနှင့် တပည့်သာဝကများ၏ဂုဏ်တော် ကျေးဇူးတော်တို့ကြောင့်လည်းကောင်း ( သီဟိုဠ်သာသနာစောင့် မထေရ်တို့၏ ဂုဏ်တော်, ကျေးဇူးတော်တို့ကြောင့်လည်းကောင်း) သုဝဏ္ဏဘူမိဝင် ဤရတနာရွှေမြေမြန်မာပြည်သည်ယနေ့ကမ္ဘာ၌ တတိယမြောက်ဓမ္မနိုင်ငံတော်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရှင်သန်ရပ်တည်လျက်ရှိနေပါသည်။


Source : {ဝိနည်း အဋ္ဌကထာ (ပ-အုပ်)- မြန်မာပြန်။ထေရဂါထာ-မြန်မာပြန်။ထေရာပဒါန်- မြန်မာပြန်။ဆိဒ္ဒပိဓာနနီကျမ်း။ ရွှေကျင်နိကာယသာသနာဝင်ကျမ်း။ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း (ပ-အုပ်)။}


-----------------------------------------------သုဝဏ္ဏဘူမိ(မြန်မာပြည်)သို့ရှေးဦးစွာ ရောက်ရှိလာခဲ့သော


မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံယူပြီးနောက် သာသနာ ၂၃၇-ခုနှစ်သို့ ရောက်သော်ရာမညတိုင်း အစိတ် သုဝဏ္ဏဘူမိသို့ သောဏနှင့်ဥတ္တရ ထေရ်နှစ်ပါးကို အရှင်မောဂ္ဂလိပုတ္တတိဿသည် ရဟန်းပြုကံမြောက်လောက်အောင်သံဃာငါးပါးနှင့် သာသနပြု စေလွှတ်တော်မူလိုက်လေ၏။


ထိုအခါ သုဝဏ္ဏဘူမိတိုင်း သထုံပြည်ဝယ် သိရီမာသောက မင်းပြု၏။ သထုံပြည်ကားကေလာသတောင်ထိပ်စေတီ၏ အနောက်တောင်တွင် အရှေ့တစ်ဝက်တောင်ထိပ်၊ အနောက်တစ်ဝက် မြေညီ၌တည်၏။ထိုမြို့ကိုတင်လဲချက်သောလူတို့အိမ်ကဲ့သို့ အိမ်အများရှိသောကြောင့် တိုက်ကုလားမြို့ဟုလည်းအမှာရှိ၏။ ထိုမြို့သည်သမုဒ္ဒရာနှင့် နီးသောကြောင့် ရေစောင့်ဘီလူးမတို့သည် မင်းအိမ်၌ သားဖွားတိုင်း လာစားလေ၏။


သာသနာပြု မထေရ်တို့ ရောက်သည့်နေ့လည်းမင်းအိမ်၌သားဖွားခိုက် ကြုံ၍ဘီလူးမလည်းစားမည်ဟု အရံငါးရာနှင့် လာသည်ကို လူတို့ မြင်၍ကြောက်လန့် ကြွေးကြော်ကြ၏။မထေရ်တို့လည်း ကြောက်မက်ဖွယ်ရှိသော ခြင်္သေ့နှင့်တူသော ခေါင်းတစ်လုံး ကိုယ်နှစ်ခုရှိသော မနုဿီဟသဏ္ဌာန်နှင့် အရေအတွက် နှစ်ဆသာအောင် ဖန်ဆင်းပြီးမှ ဘီလူးမတို့ကို လိုက်၍ ပိတ်ဆီးကုန်လျှင် ဘီလူးမတို့ထွက်ပြေးကြလေကုန်၏။


မထေရ်တို့လည်း တစ်ဖန် ဘီလူးမတို့ မလာနိုင်စိမ့်သောငှာ ပရိတ် အရံအတားကိုပြုပေး၏။ထိုကာလစည်းဝေးလာကြသူတို့အား ဗြဟ္မဇာလသုတ်တော်မြတ်ကိုဟောတော်မူသော်၆၀,၀၀၀ သော လူတို့အကျွတ်တတန်သောတာပန် စသော အရိယာ ဖြစ်လေကုန်၏။ ၃၅၀၀သော ယောကျာ်းတို့ရဟန်းပြုကြကုန်၏။ ရဟန်းပြုသော မင်းသားကြီးများပင်၁၅၀၀ရှိလေတည်း။ကြွင်းသော လူတို့ကို သရဏဂုံတည်စေ၏။


ဤဗြဟ္မဇာလသုတ်တော်သည် သုဝဏ္ဏဘူမိဝင်မြန်မာနိုင်ငံသို့ ရှေးဦးစွာ ရောက်လာသော မြတ်ဗုဒ္ဓဝါဒ ဗုဒ္ဓဓမ္မ ဖြစ်ပေသည်။ မြန်မာနိုင်ငံသို့ သာသနာပြု ရောက်လာကြသော အရှင်သောဏနှင့် အရှင်ဥတ္တရ အမှူးရှိသော သံဃာတော်တို့မှမြန်မာတို့အား ရှေးဦးစွာ ဟောကြားတော်မူကြလေသည်။ထိုအရှင်တို့ မြန်မာတို့အတွက် ဤသုတ်ကိုရွေးချယ်ဟောကြားသည်မှာအကြောင်းရှိကောင်း ရှိပေမည်။ထိုအကြောင်းကားမြန်မာတို့သည်အယူဝါဒရေးရာမှာ စိတ်ပါသူများဖြစ်နိုင်သည်။ဗြဟ္မဇာလသုတ်မှာ အယူဝါဒ ပဒေသာညွန့်ပေါင်းသဖွယ် ဖြစ်လေသည်။


ဤသုတ်တွင် ၆၂ပါးသော အယူဝါဒတို့ကိုဟောကြားထား၏။{ ရှေးအတိတ်ကဖြစ်ခဲ့သော အကြောင်းအရာများကိုကြံစည် စဉ်းစားသူတို့၏အယူအဆ ဝါဒ ၁၈-မျိုးနှင့်နောက်အနာဂတ် အကြောင်းအရာများကို ကြံစည် စဉ်းစားသူတို့၏အယူအဆ ဝါဒ ၄၄-မျိုး, အားဖြင့်(၆၂)ပါးသော ဒိဋ္ဌိဝါဒတို့ ဖြစ်လေသည်။ဤ ၆၂-ပါးသော ဒိဋ္ဌိတို့အကြောင်း အကျယ်ကို မုံရွေး ဇေတဝန် ဆရာတော်ဘုရားကြီး ပြုစုတော်မူသော သမန္တစက္ခု ဒီပနီကျမ်းပထမစာအုပ်တွင် အလွယ် ကြည့်နိုင်ပါသည်။ မူရင်းကျကျ လေ့လာလိုပါက ဗြဟ္မဇာလသုတ်တွင် ကြည့်ရှုနိုင်ပါသည်။}


ယင်းဝါဒတို့ကိုကောင်းစွာ သဘောပေါက်လေမှ ဝိမုတ္တိရသ( ပဋိစ္စသမုပ္ပါဒ်)ပြီးမြောက်မည့်အတွက်လည်းဖြစ် ပေသည်။ဗုဒ္ဓခေတ်က ဒဿနဆရာကြီးတို့၏ အယူဝါဒတို့ကိုဖွင့်ပြထား၍ အိန္ဒိယဒဿနသမိုင်းအတွက်လည်း အလေးအနက် ပူဇော်အပ်ပါသည်။


Source : {သာသနာလင်္ကာရစာတမ်း၊ မဟာဓမ္မရာဇသင်္ကြံအမတ်ကြီး။} ------------------------------------


အနော်ရထာမင်းစောသုဝဏ္ဏဘူမိ(သထုံပြည်) ကိုတိုက်ခဲ့ရခြင်း အကြောင်းတစ်ခု


အနော်ရထာမင်းစောအောက်ပြည်စုန်၍ မွန်တို့ဌာနီ သုဝဏ္ဏဘူမိ-သထုံပြည်ကို တိုက်ခြင်းမှာ ပိဋကတ်တော်ရယူလိုခြင်း အကြောင်းထက်အင်အားတိုးတက်ကြီးမားလာသော အိန္ဒိယတိုင်းသား မိစ္ဆာအခြေစိုက်သမားများကိုချေမှုန်းဖျက်ဆီးလိုခြင်း အကြောင်းကသာလွန်၍ဖြစ်နိုင်ခွင့် ရှိကြောင်းဖြင့် ပါမောက္ခဒူရွိုက်ဆဲက အဆိုပြုချက်ကိုလက်ခံနိုင်လောက်သည်။


မွန်တို့သည် အံ့သြဖွယ်ကောင်းလောက်အောင်အေးချမ်းငြိမ်သက်စွာ နေတတ်၍ ရောင့်ရဲလွယ်လွန်းလှသည်။အဆိုပါ အိန္ဒိယ ကိုလိုနီဆရာတို့ကို အနော်ရထာမင်းစောဆင်း၍ မဖြိုခဲ့လျှင် မွန်တို့ အဝါးမျိုးခံရမှာ ကျိန်းသေသလောက်ဖြစ်သည်။


တစ်ကြိမ်လည်း ပုတတေ ငဇင်ကာခေါ်ဒီဘရစ်တိုးသည်မိမိတို့ မွန်နယ်အတွင်း၌တစ်ဗိုလ်တစ်မင်း မင်းမူလာသည်ကိုအသာပင် လက်ပိုက်၍ကြည့်နေနိုင်ခဲ့သည်။


အနောက်ဘက်လွန် မင်းတရားကြီး၏ ကြိုးပမ်းမှုကြောင့် သန်လျင်မှာ မြန်မာပြည်၏ ဂိုဝါဖြစ်မည့်ဘေးမှကင်းဝေးခဲ့ရသည်။ ဂိုဝါ လောက်သာဖြစ်လျှင် ကိစ္စမရှိ၊ အစိတ်စိတ် အမွှာမွှာဖြစ်နေသော မြန်မာပြည်ထောင်ငယ်တို့ကိုတစ်ခုပြီး တစ်ခု ဝါးမျိုခဲ့လျှင်မွန်မြန်မာတို့ အမျိုးဘာသာ သာသနာအားလုံး ပျောက်ဆုံးသွားနိုင်ကြောင်း တွေးကြည့်လျှင်ကြက်သီးထဖွယ် မြင်ရပေလိမ့်မည်။


Source : {ဗြဟ္မနိရုတ္တိနယသင်္ဂဟ ခေါ်မြန်မာစကားလုံး ပြောင်းထုံးကျမ်း၊ကျမ်းဦးမှတ်ဖွယ်(ကူ)မှ၊ မဟာနယကဆရာတော် ဦးကောသလ္လ၊ ဓမ္မာစရိယ(B.A. Hons.–


------------------------------------------သီဟိုဠ်သားများလက်ဖျားခါခဲ့ရသော မြန်မာပြည်ထွက် ပါဠိတော်(၄)ကျမ်း

သဒ္ဒနီတိ- အရှင်အဂ္ဂဝံသ (ပုဂံခေတ်) (၂) အဘိဓာန်ဋီကာ - သိရီစတုရင်္ဂဗလ (ပင်းယခေတ်) (၃) ပရမတ္ထဒီပနီဋီကာ - လယ်တီဆရာတော် (ကုန်းဘောင်ခေတ်နောက်ပိုင်း) (၄) ပဒသင်္ဂဟပါဌ် - အရှင်အာဒိစ္စဝံသ (ဗြိတိသျှခေတ်)


---------------------------------------------


No comments: