Sunday, May 12, 2013

တရားကျင့်သူ,မကျင့်သူ . .တန်းမတူ။

တရားကျင့်သူ,မကျင့်သူ . .တန်းမတူ။ ••••••••••••••••••••••••••••••••• ကိုယ့်ကိုကိုယ် သေသေချာချာ ဘယ်လိုမှပိုင်းဖြတ်လို့၊ ဆုံးဖြတ်လို့မရတာ ငါဟာ တရားရမယ့်သူလား,မရမယ့်သူလား ဆိုတဲ့မေးခွန်းပဲ ဖြစ်တယ်။


ကိုယ့်စိတ်ကြိုက်သတ်မှတ်လို့ မရနိုင်ပေမယ့် လက်ရှိဘ၀မှာ တရားမရနိုင်ဘူးဆိုရင်တောင် တရားအားထုတ်တဲ့ အလုပ်ဟာ အကျိုးမယုတ်ဘူး။ မြဲမြဲမြံမြံ ဇွဲသန်သန်နဲ့ ကျင့်ရပါမယ်။ ကြိုးစားအားထုတ်မှု ရှိရမယ်။


တရားရမယ့်သူဟာ တရားကို ကျင့်လည်းကျင့်တယ်ဆိုရင် သေချာပေါက် ရမှာဖြစ်တယ်။ သတ်မှတ်တဲ့ အရည်အချင်းလည်းပြည့်မီတယ်, အရည်အချင်း အဆင့်အတန်း ပြည့်မီအောင်လည်း ကြိုးစားကျင့်ကြံတယ် ဆိုရင် ဒီဘ၀မှာပဲ တရားရနိုင်တယ်။ ဒီဘ၀ မရရင်လည်း အားမလျှော့နဲ့။ သေခါနီးအချိန်အထိတရားရနိုင်ခွင့်ရှိသေးတယ်။ အဲဒီ့အချိန် မရနိုင်ရင် နောင်ဘ၀မှာ ရမယ်။ ဒါ့ကြောင့် တရားကျင့်တဲ့သူနဲ့ မကျင့်တဲ့သူမတူနိုင်ဘူးလို့ မှတ်ရပါမယ်။


တရားကျင့်နေဖို့သာ အရေးကြီးဆုံးဖြစ်တယ်။ အနည်းဆုံး ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာမှုကိုခံစားကြရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အပူသောကတွေ တောက်လောင်နေတဲ့ သူတွေဟာ တည်တည်ငြိမ်ငြိမ တရားရှုနိုင်ချိန်မှာ အပူမီးတောက်တွေ ငြိမ်းအေးသွားကြ ရပါတယ်။


ဘယ်လိုမှ ဖြေမဆည်နိုင်အောင် မျက်ရည်တွေ ဖြိုင်ဖြိုင်စီးကျ ငိုကြွေးနေကြရတဲ့သူတွေဟာ တရားရေစင် ရင်ထဲကို ၀င်ရောက်သွားရင်အငိုတိတ်ပြီးမှ နှလုံးစိတ်ဝမ်း အေးချမ်းသွားကြတယ်။


စစ်မှန်တဲ့ ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်းကို ပေးစွမ်းနိုင်တာဟာ တရားဓမ္မပဲ ဖြစ်တယ်။ ဘယ်လို ပြည့်စုံကြွယ်ဝမှုတွေကမှ မပေးစွမ်းနိုင်ပါဘူး။ ဒါကြောင့် လက်ရှိဘ၀မှာ ကောင်းကျိုးချမ်းသာ အဖြာဖြာရဖို့၊ သံသရာဝဋ်ဒုက္ခတွေရဲ့ ကုန်ကင်းရာ၊ချုပ်ငြိမ်းရာနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ကျင့်ကြရတာ ဖြစ်တယ်။


( ဓမ္မဒူတဒေါက်တာအရှင်ပညိဿ )


No comments: