ဝိနည်း သင်ယူခြင်း၌ အကျိုးများ
ဝိနယသင်္ဂဟဋ္ဌကထာကျမ်းကို သီဟိုဠ်မင်းတစ်ပါးဖြစ်သော ပရက္ကမဗာဟု မင်းလက်ထက် ထိုမင်း၏ တောင်းပန်လျှောက်ထားချက်အရ အရှင်သာရိပုတ္တ -ဟုအမည်ရသော မထေရ်တစ်ပါး ရေးသားပြုစုခဲ့သည်ကိုယင်းကျမ်းစာ၏ နိဂုံးမှတ်တမ်းအရ သိရှိရ၏။ ဝိနယသင်္ဂဟဋ္ဌကထာ-ဟူသော ကျမ်းသည် ဝိနည်းအဋ္ဌကထာကြီး(၄)စောင်၌လာသောဝိနည်း အဆုံးအဖြတ်များကိုပေါင်းစု၍ ဖော်ပြထားရာ ကျမ်းတစ်စောင်ပင် ဖြစ်ပါသည်။(ဝိနယ-ဝိနည်း၊ သင်္ဂဟ-ပေါင်းစုထားရာဖြစ်သော၊ အဋ္ဌကထာ-အနက်အဓိပ္ပါယ်ကိုဖွင့်ဆိုရာ ဖွင့်ဆိုကြောင်းကျမ်း) ယင်းအဋ္ဌကထာကိုပင်ဝိနည်းပါဠိတော်မှ အလွတ်ဖြစ်သော ဝိနည်းအဆုံးအဖြတ်တို့ကိုပေါင်းစုထားရာဖြစ်သောကြောင့် “ပါဠိမုတ္တကဝိနယဝိနိစ္ဆယသင်္ဂဟ”ဟုလည်းခေါ်ဝေါ်ကြ၏။ ယင်းကျမ်းစာ၌ဝိနည်းအဋ္ဌကထာကြီး (၄)စောင်၌လာသော အဓိပ္ပါယ်တို့ကိုတူရာ တူရာ ပေါင်းစု၍ ဒိဝါသေယျ ဝိနိစ္ဆယကထာ၊ ပရိက္ခာရဝိနိစ္ဆယကထာ - စသည်ဖြင့် အခန်းပေါင်း(၃၄)ခန်းဖွဲ့ထား၏။ ထို (၃၄)ခန်းထဲမှနောက်ဆုံး အခန်းဖြစ်သော ပကိဏ္ဏက ဝိနိစ္ဆယကထာ၌ဝိနည်းအကြောင်းအရာပေါင်း (၆၀)ကျော်တို့ကို ရောပြွမ်း၍ပြထားမှ ကောက်နှုတ် တင်ပြပါ၏၊
ဝိနည်းဆောင် ရဟန်းသည် ဝိနည်း ပိဋကတ်ကိုသင်ယူခြင်းလျှင် အကြောင်းရင်းရှိသော အကျိုး(၅)ပါးကိုလည်းကောင်း၊ အကျိုး (၆)ပါးကိုလည်းကောင်း၊ အကျိုး(ရ)ပါးကိုလည်းကောင်း၊ အကျိုး (၈)ပါးကိုလည်းကောင်း၊ အကျိုး(၉)ပါးကိုလည်းကောင်း၊ အကျိုး (၁၀)ပါးကိုလည်းကောင်း၊ အကျိုး(၁၁)ပါးကိုလည်းကောင်းရရှိနိုင်၏။ အဘယ်အကျိုး(၅)ပါးတို့ကို ရရှိနိုင်သနည်း။ဤကား
မိမိ၏သီလအစုကိုလုံခြုံအောင်စောင့်ထိန်းနိုင်ခြင်း- စသော အကျိုး (၅)ပါးတို့ကို ရရှိနိုင်၏။ မြတ်စွာဘုရားသည် ဤပါဠိတော်စကားကိုမိန့်တော်မူ၏။ ရဟန်းတို့ ဝိနည်းကိုဆောင်သော ရဟန်း၏အကျိုးတို့သည် ဤ(၅)ပါး
(၁) မိမိ၏သီလအစုကိုကောင်းစွာ လုံခြုံအောင် စောင့်ထိန်းနိုင်ခြင်း။ (၂) ကုက္ကုစ္စ နှိက်စက်ခံရသော ရဟန်းတို့အတွက် အားကိုးရာ
(၃) သံဃာ့အလယ်၌ရဲရဲတင်းတင်း ပြောဆိုနိုင်ခြင်း။ (၄) ဆန့်ကျင်ဘက်ကို အလိုရှိနေသောရန်သူရဟန်းတို့ကို ဝိနည်းတော်နှင့်အညီ ကောင်းစွာ နှိပ်ကွပ်နိုင်ခြင်း။ (၅) သူတော်ကောင်းတရား ကြာမြင့်စွာ တည်တံ့ရန် ကျင့်ရာရောက်ခြင်းတည်း။
ထိုဝိနည်းဆောင်သော ပုဂ္ဂိုလ်သည်အဘယ်သို့မိမိ၏သီလကို ကောင်းစွာ လုံခြုံအောင်စောင့်ထိန်းနိုင်သနည်း။ဤကား
ဤသာသနာတော်၌အချို့သော ရဟန်းသည် အာပတ်သင့်သည် ရှိသော်-၁။ အရှက် မရှိခြင်း။ ၂။ မသိခြင်း။ ၃။ ကုက္ကုစ္စ နှိပ်စက်ခံရခြင်း။ ၄။ မအပ်သော အရာ၌အပ်သည်ဟုမှတ်ထင်ခြင်း၊ ၅။ အပ်သော အရာ၌ မအပ်ဟုမှတ်ထင်ခြင်း၊ ၆။ သတိ ကင်း၍မေ့ပျောက်ခြင်း၊ ဤအကြောင်း (၆)မျိုးကြောင့် အာပတ်သင့်၏။
မှတ်ချက်--- ကုက္ကစ္စ-ဟူသည်ဝိနယ-ကုက္ကုစ္စ၊ အဘိဓမ္မာ-ကုက္ကစ္စ ဟု(၂)မျိုး ရှိ၏။ ထိုတွင်အမှုကိစ္စ မပြုသေးမီ အပ်သလော၊ မအပ်သလောဟု နှစ်ခွဖြစ်သော ကုက္ကုစသည်ဝိနယ-ကုက္ကုစ္စ မည်၏။ ဤကုက္ကုစ္စမျိုးသည်ပုထုဇဉ်၊ သေက္ခပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့၌ ဖြစ်၏။ အမှုကိစ္စ ပြုပြီးမှ ဖြစ်သော ကုက္ကုစ္စသည်ကားအကုသိုလ် ဖြစ်သောနောင်တတစ်ဖန် ပူပန်ခြင်း-ဟုခေါ်သော အဘိဓမ္မာကုက္ကစ္စ မည်၏။ဤကုက္ကုစ္စမျိုးသည်ရဟန္တာပုဂ္ဂိုလ်တို့မှာ မဖြစ်။ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်တို့၌သာ ဖြစ်၏။ဤနေရာ၌ကားဝိနယကုက္ကုစ္စကို
--------------------------------
အရှက်မရှိခြင်းကြောင့်အဘယ်သို့ အာပတ်သင့်သနည်း၊ ဤကားအမေးတည်း။
မအပ်မှန်းသိလျက်ပင်ဘုရားပညတ်တော်ကိုချေဖျက်၍ လွန်ကျုး၏၊ဤသို့လျှင်အရှက်မရှိခြင်းကြောင့်အာပတ်သင့်၏။ မြတ်စွာဘုရားသည်ဖော်ပြလတ္တံသော ဤစကားကိုပရိဝါပါဠိတော်၌ မိန့်တော်မူ၏။“သညာနှင့်တကွ စေတနာဖြင့်စေ့ဆော်၍ အာပတ်သင့်၏။သင့်ရောက်ပြီးသော အာပတ်ကို လျှို့ဝှက်ထား၏။ အဂတိလိုက်စား၏။ဤသို့သောပုဂ္ဂိုလ်မျိုးကိုအလဇ္ဇီပုဂ္ဂိုလ် (အရှက် မရှိသော ပုဂ္ဂိုလ်)ဟုခေါ်၏” ဤသို့မြတ်စွာဘုရား မိန့်တော်မူ၏။
မသိခြင်းကြောင့် အဘယ်သို့အာပတ်သင့်သနည်း။ဤကား အမေးတည်း။
မသိတတ်သောပုဂ္ဂိုလ်သည်နုံ့ညံ့သည် ဖြစ်၍ အလွန်တွေဝေလျက် ပြုသင့်၊ မပြုသင့်ကိုမသိခြင်းကြောင့် ၊ မပြုသင့်သော အမှုကိုပြုလုပ်၏။ ပြုလုပ်သင့်သည်ကိုလွဲချော်စေ၏၊ ဤသို့လျှင် မသိခြင်းကြောင့် အာပတ်သင့်၏။
ကုက္ကစ္စ နှိပ်စက်ခံရခြင်းကြောင့် အဘယ်သို့ အာပတ်သင့်သနည်း။ဤကားအမေးတည်း။
အပ်သော အရာ၊ မအပ်သောအရာကိုအကြောင်းပြု၍ ဝိနယကုက္ကစ္စ ဖြစ်လျှင်ဝိနည်းဓိုရ်ပုဂ္ဂိုလ်ကိုမေး၍ အကယ်၍ အပ်ခဲ့လျှင် ပြုလုပ်ရာ၏။အကယ်၍ မအပ်ခဲ့လျှင်မပြုသင့်။ဤကုက္ကစ္စ နှိပ်စက်ခံရသောရဟန်းတော်သည်ကား “အပ်၏”ဟု ယူဆလျက် ဘုရားပညတ်တော်ကို ချေဖျက်၍ လွန်ကျူးသည်သာတည်း။ ဤသို့လျှင်ကုက္ကစ္စနှိပ်စက်ခံရခြင်းကြောင့်အာပတ်သင့်၏။
မအပ်သော အရာ၌အပ်၏ဟု မှတ်ထင်ခြင်းကြောင့် အဘယ်သို့ အာပတ်သင့်သနည်း။ ဤကားအမေးတည်း။
ဝံသားကို“ဝက်သား”ဟူသော အမှတ်သညာဖြင့်ခဲစား၏။ သစ်၏ အသားကို“သမင်အသား”ဟူသော အမှတ်သညာဖြင့် ခဲစား၏။ မအပ်သော ဘောဇဉ်ကို “အပ်သော ဘောဇဉ်”ဟူသော အမှတ်သညာဖြင့်စား၏၊ နေ့လွဲအခါ၌ “ဆွမ်းစားချိန်အခါ”ဟူသော အမှတ်သညာဖြင့်စား၏။မအပ်သော ဖျော်ရည်ကို“အပ်သော ဖျော်ရည်”ဟူသော အမှတ်သညာဖြင့်သောက်၏။ဤသို့လျှင် မအပ်သော အရာ၌အပ်၏ဟု မှတ်ထင်ခြင်းကြောင့်အာပတ်သင့်၏။
အပ်သော အရာ၌မအပ်ဟု မှတ်ထင်ခြင်းကြောင့်အဘယ်သို့ အာပတ်သင့်သနည်း။ဤကားအမေးတည်း။
ဝက်သားကိုဝံ၏အသားဟူသော အမှတ်သညာဖြင့်စား၏။ သမင်၏အသားကို “သစ်၏အသား”ဟူသော အမှတ်သညာဖြင့်စား၏။ အပ်သော ဘောဇဉ်ကို“မအပ်သော ဘောဇဉ်”ဟူသော အမှတ်သညာဖြင့်စား၏။ဆွမ်းစားရာ အချိန်၌“နေ့လွဲအချိန်”ဟူသော အမှတ်သညာဖြင့်စား၏။အပ်သော အဖျော်ရည်ကို “မအပ်သော အဖျော်ရည်”ဟူသော အမှတ်သညာဖြင့် သောက်၏။ဤသို့လျှင် အပ်သောအရာ၌မအပ်ဟုမှတ်ထင်ခြင်းကြောင့် အာပတ်သင့်၏။
သတိကင်းပျောက်၍ မေ့လျော့ခြင်းကြောင့်အဘယ်သို့ အာပတ်သင့်သနည်း။ဤကားအမေးတည်း။
လူ, သာမဏေ-စသူတို့နှင့် အတူတကွအိပ်ခြင်းဟူသော အကြောင်း၊တိစိဝရိတ် အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းနှင့် ညဥ့်ကင်းနေခြင်း ဟူသောအကြောင်း၊ ဆေးပစ္စည်း၊သင်္ကန်း-စသည်တို့ကိုဆိုင်ရာ ကာလကို လွန်မြောက်စေခြင်း ဟူသော အကြောင်းတို့ကြောင့် အာပတ်သင့်၏။ ဤသို့လျှင် သတိကင်းပျောက်၍ မေ့လျော့ခြင်းကြောင့်အာပတ်သင့်၏။
ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်ကားဤအကြောင်း(၆)ပါးကြောင့်အာပတ်
ရှက်ခြင်းကြောင့် အဘယ်သို့အာပတ်မသင့်သနည်း။ ဤကားအမေးတည်း။
ထို ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်“အရှင်တို့ ကြည့်ကြကုန်လော့၊ ဤရဟန်းသည် အပ်သော အရာ၊ မအပ်သော အရာကို သိလျက်ပင် ပညတ်တော်ကိုလွန်ကျူး၏။”ဤသို့ သူတစ်ပါးတို့၏ စွပ်စွဲခြင်းကို စောင့်ရှောက်လျက်လည်း အာပတ်မသင့်။ ဤသို့လျှင်ရှက်ခြင်းကြောင့် အာပတ် မသင့်။ အဆောတလျင် သင့်ရောက်သောအာပတ်ကိုလည်း ဒေသနာဂါမ်-အာပတ် ဖြစ်လျှင်ဝုဠာနဂါမ်-အာပတ်မှပရိဝါသ်၊ မာနတ် ဆောက်တည်လျက်ထ၍ ဖြစ်စေ၊ စင်ကြယ်သူ၏ အဖြစ်၌တည်၏။ ထိုသို့စင်ကြယ်သူ၏အဖြစ်၌တည်ခြင်းကြောင့် “သညာနှင့်တကွ စေတနာဖြင့်စေ့ဆော်၍ အာပတ်မသင့်။သင့်ရောက်ပြီးသော အာပတ်ကိုလည်း မလျှို့ဝှက်ထား၊အဂတိလည်းမလိုက်။” ဤသို့သော ပုဂ္ဂိုလ်ကိုလဇ္ဇီပုဂ္ဂိုလ်(အရှက် ရှိသော ပုဂ္ဂိုလ်)ဟူ၍ ခေါ်ဆိုအပ်၏။ ထို့ကြောင့် လဇ္ဇီပုဂ္ဂိုလ်အဖြစ်၌တည်တော့သည်သာ။
သိခြင်းကြောင့်အဘယ်သို့အာပတ်မသင့်သနည်း။ဤကား အမေးတည်း။
ထို ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်အပ်, မအပ်ကိုသိ၏။ ထို့ကြောင့် အပ်သည်ကိုသာ ပြုလုပ်၏။မအပ်သည်ကို မပြုလုပ်။ ဤသို့လျှင် သိခြင်းကြောင့်အာပတ်မသင့်။
ကုက္ကုစ္စ နှိပ်စက် မခံရခြင်းကြောင့် အဘယ်သို့ အာပတ် မသင့်သနည်း။ဤကားအမေးတည်း။
အပ်သည်,မအပ်သည်ကို အကြောင်းပြု၍ ဝိနယကုက္ကုစ္စ ဖြစ်ခဲ့လျှင် ဝတ္ထုအကြောင်းကို ကြည့်၍လည်းကောင်း၊ သိက္ခာပုဒ်ကို ကြည့်၍ လည်းကောင်း၊ ပဒဘာဇနီ ခေါ် သိက္ခာပုဒ်အကျယ်ကို ကြည့်၍ လည်းကောင်း၊ အန္တရာပတ်ကို ကြည့်၍လည်းကောင်း၊ အာပတ်ကို ကြည့်၍ လည်းကောင်း၊ အနာပတ်ကိုကြည့်၍ လည်းကောင်း၊ အကယ်၍ အပ်စပ်လျှင် ပြုလုပ်၏။မအပ်လျှင် မပြုလုပ်။ဤသို့လျှင်ကုက္ကုစ္စ နှိပ်စက်မခံရခြင်းကြောင့်
မအပ်သော အရာ၌အပ်၏ဟု မှတ်ထင်ခြင်းစသော အကြောင်းတို့ကြောင့် အဘယ်သို့အာပတ်မသင့်သနည်း။ ဤကားအမေးတည်း။
ထို ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်အပ်, မအပ်ကိုသိ၏။ ထို့ကြောင့် မအပ်သော အရာ၌အပ်၏ဟု မှတ်ထင်ခြင်းမရှိ။အပ်သော အရာ၌ မအပ်ဟုမှတ်ထင်ခြင်း မရှိ၊ ကောင်းစွာ စွဲကပ်တည်နေသော သတိလည်းရှိ၏။အဓိဋ္ဌာန်ရမည်ဖြစ်သောသပိတ်,သင်္ကန်း စသည်ကိုအဓိဋ္ဌာန် တင်၏။ ဝိကပ္ပနာ ပြုရမည်ဖြစ်သော သပိတ်, သင်္ကန်းစသည်ကို ဝိကပ္ပနာ ပြု၏။ဤသို့လျှင် ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည် အကြောင်း(၆)မျိုးကြောင့်အာပတ် မသင့်။ အာပတ်မသင့်သောကြောင့် မကျိုးပြတ်သော သီလ ရှိ၏။ စင်ကြယ်သော သီလရှိ၏။ဤသို့အားဖြင့် ဝိနည်းဓိုရ်ပုဂ္ဂိုလ်သ်ည မိမိ၏သီလကိုကောင်းစွာ လုံခြုံအောင်စောင့်ရှောက်နိုင်၏။
(ဤကား ဝိနည်း သင်ယူခြင်းကြောင့်ရရှိသော နံပါတ် (၁)
ကုက္ကုစ္စ နှိပ်စက်ခံရသော ရဟန်းတို့၏အားကိုးရာသည် အဘယ်သို့ ဖြစ်သနည်း။ဤကား အမေးတည်း။
တစ်ပါးသောတိုင်း၌လည်းကောင်း၊ တစ်ပါးသော ဇနပုဒ်၌လည်းကောင်း၊ ဝိနယ ကုက္ကုစ္စ ဖြစ်နေသော ရဟန်းတို့သည် “ထိုမည်သော ကျောင်းတိုက်၌ဝိနည်းဓိုရ်ရဟန်းနေသတတ်” ဤသို့ ကြားရ၍ အဝေးမှလည်း ထိုဝိနည်းဓိုရ်ရဟန်း၏အထံသို့ လာကြလျက်ကုက္ကုစ္စကိုမေးကြကုန်၏။ ဝိနည်းဓိုရ်ရဟန်းသည် ထိုရဟန်းတို့ပြုလုပ်အပ်သော အမှုကို ကြည့်ရှုပြီး၍အာပတ်, အနာပတ်,လဟုက-အာပတ်,ဂရုက-အာပတ် .. စသော အပြားကို မှတ်သား၍ ဒေသနာဂါမ်-အာပတ်ကိုဒေသနာ ပြောခိုင်း၍ဝုဋ္ဌာနဂါမ်-အာပတ်မှ ပရိဝါသ်,မာနတ် ဆောက်တည်ခိုင်းလျက်ထစေ၍ စင်ကြယ်သော အဖို့၌တည်စေ၏။ဤသို့အားဖြင့်ကုက္ကုစ္စ နှိပ်စက်ခံရသောရဟန်းတို့ဋ္ဌ အားထားရာ ဖြစ်နိုင်၏။
သံဃာ့အလယ်၌ရဲရဲတင်းတင်းပြောဆိုခြင်းဟူသည် သံဃာ့အလယ်၌ပြောဆိုနေသော ဝိနည်းဓိုရ် မဟုတ်သော ပုဂ္ဂိုလ်၏စိတ်၌ကြောက်ရွံ့ခြင်းဝင်ရောက်နိုင်၏။ ထိုကြောက်ရွံ့ခြင်းသည် ဝိနည်းဓိုရ်ပုဂ္ဂိုလ်၏စိတ်၌ မဖြစ်၊ အဘယ်ကြောင့်နည်း။ဤသို့ပြောဆိုလျှင်အပြစ် ရှိ၏။ဤသို့ ပြောဆိုလျှင်အပြစ်မရှိဟု သိပြီးမှပြောဆိုခြင်းကြောင့်တည်း။
“ဆန့်ကျင်ဘက်ကို အလိုရှိသော ရန်သူရဟန်းတို့ကို ဝိနည်းတော်နှင့်အညီ ကောင်းစွာ နှိပ်ကွပ်နိုင်၏”ဟူသော ဤစကားရပ်၌ဆန့်ကျင်ဘက်ကို အလိုရှိသော ရန်သူရဟန်းတို့မည်သည် မိမိ၏ ဆန့်ကျင့်ဘက်ကို အလိုရှိသော ရန်သူရဟန်းနှင့်သာသနာတော်၏ ဆန့်ကျင်ဘက်ကို ရန်သူရဟန်းနှင့်သာသနာတော်၏ ဆန့်ကျင်ဘက်ကို အလိုရှိသော ရန်သူရဟန်းတို့ဟူ၍ နှစ်မျိုး
ထိုနှစ်မျိုးတို့တွင် မေတ္တိယ,ဘူမဇကမည်သော ရဟန်းတို့သည် လည်းကောင်း၊ ဝဍ္ဎ မည်သော လစ္ဆဝီမင်းသည်လည်းကောင်း အခြေအမြစ်မရှိသော အဆုံး၌ဖြစ်သောပါရာဇိကဝတ္ထုဖြင့်စောဒနာ ကြကုန်၏။ဤသူတို့သည် မိမိ၏ ဆန့်ကျင်ဘက်ကိုအလိုရှိသော ရန်သူတို့ မည်၏။ဤမျှမကသေးအခြားလည်းဖြစ်သော သီလ မရှိသော ယုတ်မာသော အကျင့် ရှိသော ပုဂ္ဂိုလ် အားလုံးတို့သည် မိမိ၏ဆန့်ကျင်ဘက်ကို အလိုရှိသော ရန်သူတို့မည်၏။
ဖောက်ပြန်သော အယူရှိသော အရိဋ္ဌရဟန်း,ကဏ္ဍသာမဏေနှင့် ဝေသာလီမြို့၌မွေးဖွားသော ဝဇ္ဇီမင်း၏သားတော်တို့သည် လည်းကောင်း၊ ပရူပဟာရဝါဒ၊ အညာဏဝါဒ၊ ကင်္ခါဝါဒ၊ ပရိဝိတာရဏဝါဒ … စသောဝါဒ ရှိကုန်သောမဟာသံဃိက ဂိုဏ်းသားစသော ပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ ဘုရား အဆုံးအမတော်မဟုတ်သော စကားကို ဘုရားအဆုံးအမတော်ဟု ပြောဆို၍ ပြုအပ်သော၊ ချီးမြှောက်မှု ရှိကုန်သည်၏ အဖြစ်ကြောင့် သာသနာတော်၏ဆန့်ကျင်ဘက်ကိုအလိုရှိသောရန်သူတို့ မည်၏။
ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်မိမိနှင့် သာသနာတော်၏ဆန့်ကျင့်ဘက်ကို အလိုရှိသော ရန်သူပုဂ္ဂိုလ်အားလုံးတို့ကိုအကြောင်းနှင့် တကွ ဖြစ်သောစကားဖြင့် ထိုမသူတော်တရား မတည်တံ့နိုင်လောက်အောင် ကောင်းစွာ နှိပ်ကွပ်မှုကိုပြု၍ နှိမ်နင်းနိုင်၏။
မှတ်ချက်-à ဝဇ္ဇီမင်း၏ သားတော်တို့ဟူသည်ဒုတိယ သင်္ဂါယနာတင်ရခြင်း၏ အကြောင်းဖြစ်သော အဓမ္မဝတ္ထု (၁၀)ပါးကိုပြုကြသော ရဟန်းတို့တည်း။
((ပရူပဟာရ-ဝါဒ စသည်တို့ကို ဝိမတိဋီကာ၌ပြဆိုထား၏။ ပါစိတ်ဘာသာဋီကာ၌လည်း၎င်းဝါဒများကိုဝိမတိဋီကာလာအတိုင်း ဖော်ပြထား၏။ ထို့ကြောင့် ၄င်းဝါဒများကို ပါစိတ်ဘာသာဋီကာ (ဒု)အုပ်မှ ထုတ်နှုတ်၍ ဖော်ပြပါအံ့။)) မရအပ်သော အရဟတ္တမဂ်ကို ရအပ်ပြီဟု ထင်မှတ်၍ လည်းကောင်း၊ ဝါကြွားသောအားဖြင့် လည်းကောင်း၊ ရဟန္တာဟု ဝန်ခံကြကုန်၏။ ထိုသူတို့၏သုက္ကဝိသဋ္ဌိ (သုတ်လွှတ်မှု)ကိုမြင်၍ မာရ်နတ်ဘက်သားတို့က ရဟန္တာတို့ကိုယ်သို့သုတ်ကို ဆောင်သွင်းကြကုန်၏ဟု ပုဗ္ဗသေလိယ၊အပရသေလိယ ဂိုဏ်းသားတို့သည် အယူ ရှိကြ၏။ ထိုရဟန်းတို့သည်ပရူပဟာရဝါဒ ရှိသူတို့ဟုဆိုရသည်။
ရဟန္တာပုဂ္ဂိုလ်တို့သည်မိန်းမ၊ ယောက်ျား စသည်တို့၏ နာမည်ကိုလည်းကောင်း၊ အနွယ် စသည်ကိုလည်းကောင်း မသိကြ။ ထိုအနွယ်အမည်ကို မည်သူမည်ဝါဟုဆုံးဖြတ်ချက်မချနိုင်ကြ။ သူတစ်ပါးတို့က ပြောပြမှသိနိုင်ကြ၏။ ထို့ကြောင့် ရဟန္တာတို့မှာ အညာဏ (မောဟ)ရှိသေး၏။ကင်္ခါ (ဝိစိကိစ္ဆာ)လည်း ရှိသေး၏ဟု အယူရှိကြသည်။မသိတာကို သူတစ်ပါးက ပြောပြပေးရသောကြောင့် ပရဝိတာရ (သူတစ်ပါးတို့က လွန်မြောက်စေရသည်)ဟုအယူလည်း ရှိကြသည်။ထိုပုဂ္ဂိုလ်တို့ကား ပုဗ္ဗသေလိယ ဂိုဏ်းသားတို့တည်း။ ထိုအယူ ရှိသူများကို ကထာဝတ္ထုပါဠိတော်နှင့် နှိမ်နင်းထားပြီးဖြစ်၏။
--------------------------သူတော်ကောင်းတရား ကြာမြင့်စွာ တည်တံ့ရာ ရောက်၏ ဟူသောဤစကား၌ သူတော်ကောင်းတရားသည်ပရိယတ္တိ၊ ပဋိပတ္တိ၊ အဓိဂမ(ပဋိဝေဓ) အားဖြင့်သုံးမျိုး ရှိ၏။ ထိုသုံးမျိုးတွင်…
ပိဋက (၃)ပုံဟူသော ဘုရားစကားတော်သည်ပရိယတ္တိ-သဒ္ဓမ္မမည်၏။ ဓုတင် (၁၃)ပါး၊ ခန္ဓကဝတ်(၁၄)ပါး၊ မဟာဝတ် (၈၂)ပါး တို့သည်ကား ပဋိပတ္တိ-သဒ္ဓမ္မမည်၏။ မဂ် (၄)ပါး၊ ဖိုလ်(၄)ပါးသည်ကား အဓိဂမ(ပဋိဝေဓ)-သဒ္ဓမ္မ မည်၏။
မှတ်ချက်-à မဂ်၊ ဖိုလ်ဟူသည် အမြင့်ဆုံးအနေအားဖြင့် ဆိုထားခြင်း ဖြစ်၏။ထို့ကြောင့်ပဋိသမ္ဘိဒါ (၄)ပါး၊ဝိဇ္ဇာ (၃)ပါး၊အဘိညာဉ်(၆)ပါး တို့သည်လည်းအဓိဂမသဒ္ဓမ္မမည်၏ဟုသာရတ္ထဋီကာ၌ဖွင့်၏။
ထိုသဒ္ဓမ္မ(၃)ပါးတွင်---အချို့သော ဓမ္မကထိကထေရ်တို့သည် “အာနန္ဒ၊ ငါဘုရား ဟောတော်မူအပ်သောပညတ်တော်မူအပ်သော ဓမ္မနှင့်ဝိနယသည် သင်ရဟန်းတို့၏ ငါဘုရား ပရိနိဗ္ဗာန်စံရာအခါ၌ ဆရာတည်း”ဟူသော ဤပါဠိတော်ဖြင့် “ပရိယတ္တိသဒ္ဓမ္မသည် သာသနာတော်၏အခြေအမြစ်တရားတည်း”ဟုပြောဆိုကြကုန်၏။ အချို့ပံ့သကူဆောင်ထေရ်တို့သည် “သုဘဒ္ဒ ဤရဟန်းတို့သည် ကောင်းမွန်စွာ နေထိုင်ကြကုန်အံ့။ဤလောကသည် ရဟန္တာတို့မှ မဆိတ်သုဉ်းနိုင်ရာ”ဟူသောဤပါဠိတော်ဖြင့်“ပဋိပတ္တိသည် သာသနာတော်၏အမြစ်ရင်းတည်း”ဟုပြောဆို၍ “ကောင်းစွာကျင့်နေသော ရဟန်း(၅)ပါးရှိသေးသမျှ ကာလပတ်လုံး သာသနာတော်တည်နေသေး၏”ဟု ပြောဆိုကြကုန်၏။ ဓမ္မကထိကထေရ် တို့သည်လည်း“ပရိယတ္တိ ကွယ်လျှင် ကောင်းစွာ ကျင့်သော ရဟန်း၏လည်း သစ္စာလေးပါးကိုထိုးထွင်း၍ သိနိုင်ခြင်း မရှိ”ဟု ပြောဆိုကြပြီး၍နောက်ထပ် ဤသို့ ပြောဆိုကြကုန်သေး၏။“ပါရာဇိက (၄)ပါးကိုစောင့်ရှောက်သော ရဟန်း (၅)ပါး အကယ်၍ ရှိနေသေးအံ့။ထိုရဟန်းတို့က သဒ္ဓါတရားရှိသော အမျိုးကောင်းသေားတို့ကိုရှင်ပြုပေး၍ မဇ္ဈိမဒေသ၏အစွန်အဖြားဖြစ်သော ဇနပုဒ်၌ရဟန်းခံပေး၍ (မဇ္ဈိမဒေသဖြစ်လျှင်၁၀-ပါးရှိမှရဟန်းခံနိုင်သောကြောင့် အစွန်အဖျားဖြစ်သော ဇနပုဒ်သို့ သွားရခြင်း ဖြစ်၏။)ရဟန်း (၁၀)ပါးအပေါင်းကို ပြည့်အောင်လုပ်၍မဇ္ဈိမဒေသ၌လည်း ရဟန်းပြုပေးကြကုန်လတ္တံ။ဤနည်းဖြင့်ရဟန်း (၂၀)ပြည့်အောင် ပြုလုပ်၍ မိမိ၏အဗ္ဘာနကံကိုပြုလုပ်ကြလျက်(မိမိလွန်ကျူးထားသော သံဃာဒိသေသ်အာပတ်ကိုရည်ရွယ်၍ ဆိုသည်။) သာသနာတော်ကို ကြီးပွားအောင်စည်ပင်အောင် ပြန့်ပွားအောင် ပြုနိုင်ကြကုန်လတ္တံ။” ဤသို့လျှင်ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်သူတော်ကောင်းတရားကို ကြာမြင့်စွာတည်တံ့ရန် ကျင့်ရာရောက်၏။ ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည် ဆိုခဲ့ပြီးသော မိမိ၏ သီလအစုကို လုံခြုံအောင် စောင့်ရှောက်နိုင်ခြင်း စသော အကျိုး(၅)ပါးကိုရရှိနိုင်၏ဟုသိအပ်၏။
ဘာသာဋီကာ ဆရာတော်၏မှတ်ချက်
ပါရာဇိကမကျရုံသာ သီလသိက္ခာ တည်ရှိသော ရဟန်း (၅)ပါးမှ တစ်ဖန် ပြန်၍ သာသနာတော်တည်စေရပုံကိုပြသော ဤအဋ္ဌကထာ စကားကိုထောက်၍ ဝိနည်း ပရိယတ်ကိုတတ်သိသော ပုဂ္ဂိုလ်များ ရှိသေးသောကြောင့်သာ သာသနာတော် ပြန်၍ တည်နိုင်သေးကြောင်း၊ ရှင်ပြု ရဟန်းခံစသော ဝိနည်းပရိယတ်ဆိုင်ရာကိုမသိလျှင် ထိုရဟန်းများလည်း သာသနာတော်ကိုပြန်၍ အသက်မဆက်နိုင်ကြောင်းသိသာ၏။ထို့ကြောင့်“ပရိယတ်သာ သာသနာ၏ မူလ”ဟုဆိုလိုကြသည်။
----------------------------------
ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်အဘယ်အကျိုး(၆)ပါးကို ရရှိနိုင်သနည်း။ဤကား အမေးတည်း။
ဥပုသ်သည် လည်းကောင်း၊ ပဝါရဏာသည်လည်းကောင်း၊ သံဃကံသည်လည်းကောင်း၊ ရှင်အဖြစ်သည်လည်းကောင်း၊ ရဟန်းအဖြစ်သည်လည်းကောင်း …ထိုဝိနည်းဓိုရ်ရဟန်း၏ စပ်ဆိုင်သော ဥစ္စာတည်း။ထိုဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်နိဿရည်း ပေးနိုင်၏။သာမဏေကိုဥပဇ္ဈာယ်ပြုလျက်လုပ်ကျွေးခိုင်းနိုင်၏။ (ရှေး၌ပြခဲ့သော (၅)ချက်နှင့် ဤ၌ ပြသော (၆)ချက် ပေါင်းလျှင် (၁၁)ချက်ဖြစ်သည်ကိုသတိပြုခဲ့ပါ။)
ချဲ့၍ ဖော်ပြဦးအံ့။ စာတုဒ္ဒသီ-ဥပုသ်၊ ပန္နရသီ-ဥပုသ်၊ သာမဂ္ဂီ-ဥပုသ်၊သံဃ-ဥပုသ်၊ ဂဏ-ဥပုသ်၊ ပုဂ္ဂလ-ဥပုသ်၊ သုတ္တုဒ္ဒေသ-ဥပုသ်၊ ပါရိသုဒ္ဓိ-ဥပုသ်၊ အဓိဋ္ဌာန်-ဥပုသ်။ဤသို့အားဖြင့် ဥပုသ်(၉)မျိုး ရှိ၏။ ဤဥပုသ် (၉)မျိုးလုံးသည်ဝိနည်းဓိုရ်၏စပ်ဆိုင်သော ဥစ္စာတည်း။
ဤမျှမကသေး။ စာတုဒ္ဒသီ-ပဝါရဏာ၊ပန္နရသီ-ပဝါရဏာ၊ သာမဂ္ဂီ-ပဝါရဏာ၊ သံဃ-ပဝါရဏာ၊ ပုဂ္ဂလ-ပဝါရဏာ၊တေဝါစိက-ပဝါရဏာ၊ ဒွေဝါစိက-ပဝါရဏာ၊ သမာနဝဿိက-ပဝါရဏာ။ ဤသို့အားဖြင့် ပဝါရဏာ (၉)မျိုး ရှိ၏။ ထို ပဝါရဏာအားလုံးသည်လည်း ဝိနည်းဓိုရ်၏ စပ်ဆိုင်သော ဥစ္စာသာတည်း။ထိုဝိနည်းဓိုရ်ပိုင်သော ဥစ္စာတို့တည်း။ ထို ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည် ထိုဥပုသ်၊ ပဝါရဏာတို့၏ပိုင်ရှင်တည်း။
အပလောကနကံ၊ ဉ တ္တိကံ၊ ဉ တ္တိဒုတိယကံ၊ ဉ တ္တိစတုတ္ထကံ ဟူသောဤသံဃကံ (၄)မျိုးတို့သည်လည်း ဝိနည်းဓိုရ်ပုဂ္ဂိုလ်၏ စပ်ဆိုင်သော ဥစ္စာတို့သာတည်း။ဤမျှမကသေးဥပဇ္ဈာယ်ပြုလုပ်၍ အမျိုးကောင်းသားတို့၏ရှင်အဖြစ်၊ ရဟန်းအဖြစ်သည်လည်း ဝိနည်းဓိုရ်ပုဂ္ဂိုလ်၏စပ်ဆိုင်သော ဥစ္စာသာတည်း။ ဝိနည်းဓိုရ်မှတစ်ပါး အခြားသောသုတ္တန်၊အဘိဓမ္မာ ဟူသော ပိဋက(၂)ပုံဆောင် ပုဂ္ဂိုလ်သော်မှလည်း ဤသို့ ရှင်ပြုပေးခြင်း၊ ရဟန်းခံပေးခြင်းကို ပြုလုပ်ခွင့် မရ။ထိုဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်သာ နိဿရည်းကို ပေးနိုင်၏။ ဝိနည်းဓိုရ်မှအခြားသော ပုဂ္ဂိုလ်သည် နိဿရည်းပေးခွင့်မရ။ ဥပဇ္ဈာယ်ပြုလုပ်လျက် ကိုရင်ကိုပြုစုလုပ်ကျွေးခိုင်းခွင့်မရ။
ထို့ကြောင့်သာလျှင် “ရဟန်းတို့ရဟန်းတစ်ပါးတည်း ဥပဇ္ဈာယ် လုပ်လျက် သာမဏေ (၂)ပါးကို မလုပ်ကျွေးခိုင်းရ၊ လုပ်ကျွေးခိုင်းသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏”ဟု မြတ်စွာဘုရား (မဟာဝဂ္ဂပါဠိတော်)၌ပယ်မြစ်တော်မူပြီး၍တစ်ဖန် ခွင့်ပြုတော်မူလိုသည် ဖြစ်၍ “ရဟန်းတို့ဝိနည်းတော်၌ ထက်မြက်ကျွမ်းကျင်သော ရဟန်းသည်တစ်ပါးတည်းဖြစ်လျက် ဥပဇ္ဈာယ်ပြုလုပ်၍ သာမဏေ (၂)ပါးကိုလုပ်ကျွေးခိုင်းခြင်းကို လည်းကောင်း၊ ဆုံးမသွန်သင်ရန် စွမ်းနိုင်သလောက် သာမဏေတို့ကို လုပ်ကျွေးခိုင်းခြင်းကိုလည်းကောင်း၊ ခွင့်ပြုတော်မူ၏”ဟုဝိနည်းတော်၌ ထက်မြက် ကျွမ်းကျင်သော ရဟန်းကိုသာဥပဇ္ဈာယ်ပြုလျက် လုပ်ကျွေးခိုင်းခြင်းကိုခွင့်ပြုတော်မူ၏။
သာမဏေ၏ပြုစုလုပ်ကျွေးခြင်းကိုတောင့်တသော ပုဂ္ဂိုလ်သည် ဝိနည်းဓိုရ်၏အထံ၌ဥပဇ္ဈာယ်ကို ယူခိုင်း၍ဝတ်အကျင့်ကို သာယာခွင့် ရ၏။(မိမိကဥပဇ္ဈာယ်မလုပ်ဘဲ စာချဆရာတော်အဖြစ်ဖြင့် သာယာနိုင်သည် -ဟူလို)ဤအကျိုး (၆)ပါးတွင် နိဿရည်း ပေးခြင်းနှင့် သာမဏေကို ဥပဇ္ဈာယ် ပြုလုပ်လျက် လုပ်ကျွေးခိုင်းခြင်းသည်အင်္ဂါတစ်ပါးတည်းသာ။
ဤသို့အားဖြင့် ဆိုခဲ့ပြီးသော အကျိုး (၆)ပါးတွင် အကျိုးတစ်ပါးနှင့် ရှေ့ဆုံး၌ပြခဲ့သော အကျိုး(၅)ပါးပေါင်းလျှင် အကျိုး (၆)ပါး ဖြစ်၏။ဤအကျိုး (၆)ပါးထဲမှ အကျိုး(၂)ပါးနှင့် ရှေ့အကျိုး (၅)ပါး ပေါင်းလျှင် အကျိုး (၇)ပါး ဖြစ်၏။ဤအကျိုး (၆)ပါးထဲမှ အကျိုး (၃)ပါးနှင့်ရှေ့အကျိုး(၅)ပါးပေါင်းလျှင် အကျိုး (၈)ပါး ဖြစ်၏။ဤအကျိုး (၆)ပါးထဲမှ အကျိုး (၄)ပါးနှင့် ရှေ့အကျိုး (၅)ပါး ပေါင်းလျှင် အကျိုး (၉)ပါး ဖြစ်၏။ဤအကျိုး (၆)ပါးထဲမှအကျိုး (၅)ပါးနှင့်ရှေ့အကျိုး(၅)ပါးပေါင်းလျှင်အကျိုး(၁၀)ပါးဖြစ်၏။ ဤအကျိုး(၆)ပါးလုံးနှင့်ရှေ့အကျိုး(၅)ပါးပေါင်းလျှင်အကျိုး၁၁ပါး
ဤသို့လျှင်ဝိနည်းဆောင်ပုဂ္ဂိုလ်သည် (၅)ပါး၊ (၆)ပါး၊(၇)ပါး၊ (၈)ပါး၊ (၉)ပါး၊ (၁၀)ပါး၊(၁၁)ပါးဟူသော အကျိုးတို့ကို ရရှိနိုင်၏ဟု
ဤသို့လျှင်ဝိနည်း၌ကြီးမားသော အကျိုး အာနိသင်ရှိသော ကျွမ်းကျင်သူ၏အဖြစ်ကိုတောင်းတသော ရဟန်းသည် အခါခပ်သိမ်း ဤဝိနည်း၌ကြိုးစားအားထုတ်မှုကို ထပ်ကာထပ်ကာ ပြုလုပ်ရပေမည်။
အရှင်ဇနကာဘိဝံသ (ဘာသာဋီကာ ဆရာတော်)-ဘုရား ဥပဒေတော်ကြီး။ အရှင်အဘယာလင်္ကာရ- ပကိဏ္ဏကဝိနိစ္ဆယ ကထာ(မြန်မာပြန်)။
*** ခပ်သိမ်းသော ရဟန်း,ရှင်,လူ, နတ်,ဗြဟ္မာ,သတ္တဝါအားလုံး ဘေးရန် ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်, စိတ်နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ…
No comments:
Post a Comment