Friday, May 10, 2013

ကြောင်းကျိုးဆက်စပ်မှု (သို့) ပဋိစ္စသမုပ္ပါဒ် နှင့် ပဋ္ဌာန်း

ကြောင်းကျိုးဆက်စပ်မှု (သို့) ပဋိစ္စသမုပ္ပါဒ် နှင့် ပဋ္ဌာန်း


… ဗုဒ္ဓဘာသာများ ယုံကြည်လက်ခံထားကြသည့် အယူဝါဒများတွင် အကြောင်းအကျိုးဆက်စပ်မှုဝါဒသည်လည်း တစ်ခုအပါအ၀င် ဖြစ်၏။အကြောင်းကြောင့်အကျိုးဖြစ်သကဲ့သို့အကျိုးတရားမှန် သမျှ အကြောင်းကင်း၍မဖြစ်ဟူသည့် ကြောင်းကျိုးဆက်စပ်မှု သဘောကို အသေအချာ လက်ခံထားကြ၏။ မည်သည့်ကိစ္စမဆို


အကြောင်းတရားများရှိနေပြီးထိုအကြောင်းတရား များကြောင့်ပင် အကျိုးတရား အနေဖြင့် ဖြစ်ပေါ်ကြရခြင်းဖြစ်သည်ကို ကောင်းစွာ ယုံကြည် ထားကြ၏။ဗုဒ္ဓဘာသာများ လက်ခံထားသည့် ထိုအ ကြောင်းအကျိုးဆက်စပ်မှု နိယာမကို အခြားပရိယာယ်ဖြင့်ပြော လျှင် ပဋိစ္စသမုပ္ပါဒ်သဘော၊ ပဋ္ဌာန်းဆက် သဘောအနေဖြင့် ပြော ဆိုနိုင်မည်ဖြစ်၏။ပဋိစ္စသမုပ္ပါဒ်ဟူသည် အကြောင်းအကျိုး ဆက် စပ်မှု သဘောဖြစ်ပြီး ပဋ္ဌာန်းဆက်ခေါ်ပဋ္ဌာန်းသည်လည်း အကြောင်း အကျိုးဆက်စပ်မှုပင် ဖြစ်၏။သို့သော် ထိုပဋိစ္စသမုပ္ပါဒ်၏ ကြောင်းကျိုး ဆက်စပ်မှု သဘောနှင့် ပဋ္ဌာန၏ကြောင်းကျိုးဆက်စပ်မှု သဘောကား အနည်းငယ် ကွာခြားလှ၏။


ပဋိစ္စသမုပ္ပါဒ်လာ အကြောင်းအကျိးဆက်စပ်မှုသည် “ဒါကြောင့် ဒါဖြစ် တယ်” ဆိုသည့် အကြောင်းကြောင့်အကျိုးဖြစ်ခြင်း သက်သက်ကိုသာ ထင်ရှားစေပြီးပဋ္ဌာန၏ ကြောင်းကျိုးဆက်စပ်မှုသည် “ဒါကြောင့် ဒီလို ဖြစ်ပြီးအဲဒီလို ဖြစ်လာအောင် ဒီလိုအစွမ်းတွေနဲ့ ကျေးဇူးပြုတယ်” ဆို သည့် အကြောင်းကြောင့် အကျိုးဖြစ်မှု နိယာမတွင် ကျေးဇူးပြုကြောင်း အကြောင်းတရား၏အခြေခံတရား၊ အစွမ်းသတ္တိများ၊ အကြောင်းအကျိုး ဆက်နွယ်မှုတွင် မည်သို့မည်ပုံ ဆက်နွယ်နေသည်ဟူသည့် ဆက်စပ်ပုံ အခြင်းအရာများအထိထင်ရှားစေသည့် အကြောင်းအကျိုး ဆက်စပ်မှု သဘောကို ဖော်ညွန်းထား၏။ စာစကားနှင့်ပြောလျှင် ပဋိစ္စသမုပ္ပါဒ်နည်း သည် ပစ္စည်းဟူသော အကြောင်းတရားနှင့်ပစ္စယုပ္ပန်ဟူသော အကျိုး တရားတို့၏ဆက်နွယ်မှုကို ပြခြင်းဖြစ်ပြီးပဋ္ဌာန်းနည်းသည် ပစ္စည်းဟူ သော အကြောင်းတရားနှင့်ပစ္စယုပ္ပန်ဟူသော အကျိုးတရားတို့၏ ဆက်နွယ်မှုကိုသာမကပစ္စယသတ္တိဟူသော ဆိုင်ရာအကြောင်း တရား တစ်မျိုးစီ၏ကျေးဇူးပြုနိုင်သော အစွမ်းသတ္တိများအထိ ဆက်နွယ်မှုကို ပြပေ၏။ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့သည် အကြောင်းအကျိုးဆက်စပ်မှုကို ပြသည့် ဟောကြားချက် ဓမ္မများဖြစ်သော်လည်းဟော ကြားပုံချင်းမတူညီသည့် ကြောင်းကျိုးဆက်စပ်မှု ဓမ္မဟု ဆိုခြင်းဖြစ်၏။


ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တွင် အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊သင်္ခါရ ပစ္စယာ ၀ိညာဏံ စသဖြင့် ဟေားကြားတော်မူထား၏။ သိသင့်သိထိုက်သည်ကို မသိ၊ မသိထိုက်သည်ကို သိသော အ၀ိဇ္ဇာဟူသော အကြောင်းကြောင့် ယခုဘ၀ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုများနှင့် နောင်ဘ၀အတွက် အကျိုးဝိပါက် များကို ပြုစီမံတတ်သည့် သင်္ခါရဟူသော ကံတရားဖြစ်ပေါ်ြေ ကာင်း၊ သင်္ခါရဟူသော အကြောင်းကြောင့်ပဋိသန္ဓေ၀ိညာဏ်နှင့် ပစ္စုပ္ပန်၌ ဖြစ် သော ၀ိပါက်စိတ်ဟူသောဝိညာဏ်ဖြစ်ပေါ်ကြောင်း၊ ၀ိညာဏ်ဟူသော အကြောင်းကြောင့်နာမ်ရုပ်တို့ ဖြစ်ပေါ်ကြောင်း၊နာမ်ရုပ်ဟူသော အ ကြောင်းကြောင့် စက္ခာယတန၊ သောတာယတန စသော အာယတန ခြောက်ပါးတို့ ဖြစ်ပေါ်ကြောင်း၊အာယတန ခြောက်ပါးကြောင့် စက္ခု သမ္ဖဿ (မျက်စိအတွေ့)၊ သောတသမ္ဖဿ (နားအတွေ့)စသော အတွေ့ခြောက်ပါးဟူသော ဖဿဖြစ်ပေါ်ကြောင်း၊ ဖဿဟူသော အကြောင်းကြောင့်စက္ခုသမ္ဖဿဇာဝေဒနာ (မျက်စိအတွေ့ခံစားချက်)၊ သောတသမ္ဖဿဇာဝေဒနာ စသော ခံစားမှုဟူသော ဝေဒနာ ဖြစ်ပေါ် ကြောင်း၊ ဝေဒနာဟူသော အကြောင်းကြောင့်တဏှာဟူသော လောဘ ဖြစ်ပေါ်ကြောင်း၊တဏှာဟူသော အကြောင်းကြောင့်စွဲလန်းမှု ဥပါဒါန် ဖြစ်ကြောင်း၊ဥပါဒါန်ဟူသော အကြောင်းကြောင့်ကမ္မဘ၀နှင့် ဥပပတ္တိ ဘ၀တို့ ဖြစ်ကြောင်း၊ ဘ၀ဟူသော အကြောင်းကြောင့် ပဋိသန္ဓေဟူ သော ဇာတိဖြစ်ကြောင်း၊ဇာတိဟူသော အကြောင်းကြောင့် အိုခြင်း၊ သေခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ငိုကြွေးခြင်း၊ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲ ခြင်း၊ ပြင်းစွာပူဆွေးခြင်းဟူသော ဇရာ၊မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ဒေါမနဿ၊ ဥပါယသတို့ ဖြစ်ကြောင်း စသည်ဖြင့် အကြောင်း ကြောင့် အကျိုးဖြစ်ပုံကိုပဋိစ္စသမုပ္ပါဒ် ဒေသနာဖြင့် ထင်ရှားစေတော် မူ၏။ဤကား ပဋိစ္စသမုပ္ပါနည်းအရကြောင်းကျိုးဆက်နွယ်မှု အချုပ် ပင် ဖြစ်ပါ၏။


ပဋ္ဌာန်းဒေသနာတော်တွင် ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော စ သည်ဖြင့် ပစ္စည်းတရား(၂၄)ပါးကို အကျဉ်းဖော်ပြပြီးဟေတုပစ္စ ယောတိ ဟေတူဟေတု သမ္ပယုတ္တာနံ ဓမ္မာနံ၊တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော စသည်ဖြင့် ပစ္စည်း၊ ပစ္စယုပ္ပန်၊ ပစ္စယသတ္တိ အနေအားဖြင့် အကျယ်ပြတော်မူထား၏။ ပဋ္ဌာန်း ဒေသနာတော်၏ ကြောင်းကျိုးဆက်နွယ်မှုတွင် အကျိုးတရားဖြစ် ပေါ်ကြောင်းအကြောင်းတရား၏အထောက်အပံ့ တရားများကို ဆိုင်ရာအကြောင်းတရား အလိုက် အစွမ်းသတ္တိများဖြင့် အထူးပြု ပြတော်မူ၏။ပစ္စယသတ္တိခေါ်အကြောင်းတရားအားကျေးဇူးပြု ပေးသည့် အရာများကို အထူးပြတော်မူ၏။ထိုပစ္စယသတ္တိများကို ယနေ့အခေါ်ပဋ္ဌာန်း (၂၄)ပစ္စည်းဟူသော အမည်ဖြင့် မှတ်သား နားလည်နိုင်ပေ၏။ ဥပမာအားဖြင့် ဟေတုပစ္စည်းဟူသောပဋ္ဌာန်း၏ ကျေးဇူးပြုပုံတွ င် လောဘ၊ ဒေါသ၊မောဟ၊အလောဘ၊ အဒေါသ၊အမောဟဟူ သော ဟိတ်ခြောက်ပါးတို့က၎င်းတို့နှင့် အတူတကွ ဖြစ်ဖက်ဖြစ် သော စိတ်၊စေတသိက်၊ရုပ်တရားတို့ကိုမြဲမြံခိုင်ခန့်သန်စွမ်း အောင် ကျေးဇူးပြုပေး ထောက်ပံ့ပေးခြင်းကိုပင် ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုကြောင်းဖွင့်ဆိုရှင်းပြ၏။ဤဟေတုပစ္စည်းအဖွင့်တွင် ဟိတ်ခြောက်ပါးဟူသော ပစ္စည်းတရားသည် အတူတကွ ဖြစ်ဖက် ဖြစ်သည့် စိတ်၊ စေတသိက်၊ရုပ်တရားတို့အားဟေတုသတ္တိဖြင့် ကျေးဇူးပြုကြောင်းပြတော်မူ၏။ ယင်းအဖွင့်တွင် ဟိတ်ခြောက်ပါး သည် အတူတကွဖြစ်ဖက် တရားတို့အားကျေးဇူးပြုကြောင်း အကြောင်းအကျိုးမျှကိုသာ ပြခြင်းမဟုတ်ဘဲ ဟိတ်ခြောက်ပါးက အတူဖြစ်ဖက်တရားများကို ဟေတုသတ္တိဖြင့် မြဲမြံခိုင်ခန့်အောင် ကျေးဇူးပြုကြောင်းကျေးဇူးပြုပုံ အခြင်းအရာကိုပါသတ္တိတစ်ခု အဖြစ် ပြတော်မူ၏။ ဤနည်းအတိုင်းပင်အာရမ္မဏပစ္စည်း စသည် တို့တွင်လည်းနည်းမှီနားလည် နိုင်မည်ဖြစ်၏။ ပစ္စည်း (၂၄)မျိုးလုံး အသေးစိပ် ဖော်ပြလျှင် အလွန်ကျယ်ပြန့်သွားမည် ဖြစ်ပါသဖြင့် ဥပမာလောက်သာ တင်ပြလိုပါ၏။ဤ၌အဓိကသိစေလိုသည်မာ ပဋ္ဌာန်းဒေသနာတော်၏ကြောင်းကျိုးဆက်စပ်မှု သဘောကို သိ စေလိုရင်းပင် ဖြစ်ပါ၏။ပဋ္ဌာန်းဒေသနာတော်တွင် အကြောင်း ကြောင့် အကျိုးဖြစ်ပေါ်ပုံသာမကထိုအကြောင်းတရားများအား ထောက်ပံ့ပေးသည့် ပစ္စယသတ္တိအထူးကိုပါ ပြတော်မူကြောင်း သဘောပေါက်စေလိုခြင်းပင် ဖြစ်ပါ၏။


ဆိုလိုသည်မှာ ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့သည် နှစ်ခုလုံးပင် အ ကြောင်းအကျိုးဆက်သွယ်ပုံကို ပြသည့် တရားဒေသနာတော် များ ဖြစ်ကြောင်း၊ပဋိစ္စသမုပ္ပါဒ်သည်လည်းသူ့နည်းနှင့်သူ အ ကြောင်းအကျိုးဆက်စပ်ပုံကို ပြပြီး ပဋ္ဌာန်းသည်လည်းသူ့နည်း နှင့်သူ အကြောင်းအကျိုး ဆက်စပ်ပုံကို ပြကြောင်း၊ သို့သော် ပဋိစ္စသမုပ္ပါဒ်၏ ကြောင်းကျိုးဆက်စပ်မှုမှာ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းသက်သက်ကိုသာ ဟောကြားတော်မူထားသည့် ဒေသနာတော်ဖြစ်ပြီးပဋ္ဌာန်းဒေသနာ၏ကြောင်းကျိုးဆက်စပ်မှု မှာ အကြောင်းကြောင့်အကျိုးဖြစ်ခြင်းကိုသာမက ဖြစ်ပုံအခြင်း အရာ၊ ဆက်နွယ်ပုံ အခြင်းအရာ အစွမ်းသတ္တိကိုပါဟောကြား တော်မူထားသည့် ဒေသနာတော်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တွင် အ၀ိဇ္ဇာကို အကြောင်းပြု၍ သင်္ခါ ရဖြစ်ကြောင်း၊သင်္ခါရကို အကြောင်းပြု၍ ၀ိညာဏဖြစ်ကြောင်းစ သည်ဖြင့် အကြောင်းအကျိုးဖြစ်ပုံမျှလောက်ကိုသာ ဟောပြော ထားပြီးမည်သည့်အကြောင်းကြောင့် မည်သို့မည်ပုံ ဆက်စပ် နေကြောင်း ဆက်စပ်ပုံ အခြင်းအရာကို ဟောကြားထားခြင်း မရှိကြောင်း ပဋ္ဌာန်းဒေသနာတော်တွင်ကား အကြောင်းကြောင့် အကျိုးဖြစ်ပုံ ဆက်စပ်မှုနှင့်တကွ မည်သို့သော တရားများ၏ ထောက်ပံ့မှုကြောင့်မည်သို့မည်ပုံ ဆက်စပ်သည်အထိ ဆက် စပ်ပုံအခြင်းအရာကိုပါ ထည့်သွင်းဟောကြားတော်မူကြောင်း ဒေသနာနှစ်ခု၏ကွဲပြားမှုကို သိစေလိုရင်းဖြစ်ပါ၏။


အကြောင်းအကျိုးဆက်စပ်မှုအပိုင်းတွင် ပဋိစ္စသမုပ္ပါဒ်လာ အကြောင်းအကျိုးဆက်သွယ်မှုနှင့် ပဋ္ဌာန်းဒေသနာတော်လာ အကြောင်းအကျိုးဆက်စပ်မှုတို့ကို သီးသန့်ဟောကြားတော် မူထားသဖြင့် အချို့သော ပညာရှင်များက သီးသန့်အနေဖြင့် ဖွင့်ဆိုရှင်းပြကြသော်လည်း အချို့သော ပညာရှင်များက ပဋိစ္စ သမုပ္ပါဒ်နည်းကို ပဋ္ဌာန်းနည်းနှင့်ရောနှောကာ အဓိပ္ပါယ်ဖွင့်ဆို ကြ၏။ ထို့ကြောင့် ၀ိသုဒ္ဓိမဂ် အဋ္ဌကထာတွင် ပဋ္ဌာန်းဒေသနာ တော်ကိုပါ ထည့်သွင်းဖွင့်ဆိုပြီး ပဋ္ဌာန်းနည်းနှင့်ဆက်စပ်ပုံကိုပါ ဖွင့်ဆိုပြသလေ၏။စင်စစ်အားဖြင့် ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းဒေသ နာနည်းဖြင့် နားလည်မှသာလျှင်အမှန်နားလည်ရာ ရောက်နိုင် ပေ၏။ ပဋ္ဌာန်းနည်းမပါဘဲပဋိစ္စသမုပ္ပါဒ်ကိုနားလည်သည်ဟု ဆိုပါက အပြည့်အ၀ နားလည်မှု မဖြစ်နိုင်ကြောင်းဆိုကြ၏။


မည်သို့ဆိုစေ ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းဒေသနာတို့သည် ကြောင်း ကျိုးဆက်စပ်မှုကိုဖော်ညွန်းပေးထားသည့် သဘာဝဓမ္မ ဖြစ်သည် ကား အမှန်ပင်ဖြစ်ပါ၏။ဟောကြားသည့် ဝေနေယျများသို့လိုက်၍ ကြောင်းကျိုးဆက်စပ်မှု ဒေသနာသည် နည်းစနစ်တစ်ခု အနေဖြင့် ကွဲပြားနေသည်ဟု ဆိုနိုင်သော်လည်းအဓိပ္ပါယ် ဆိုလိုရင်းမှာ အကြောင်းအကျိုးဆက်နွယ်မှု သဘောကို သိစေလိုရင်းဖြစ်၏။ ကြောင်းကျိုးဆက်စပ်မှု သဘောကို လေ့လာသည့်အခါ သာမန် လူများအနေဖြင့် ပဋ္ဌာန်းနည်းသက်သက်ကို ရှေးဦးစွာ လေ့လာ လျှင် နားလည်ရန် အခက်အခဲ ဖြစ်နိုင်သော်လည်းပဋိစ္စသမုပ္ပါဒ် နည်းလာ ကြောင်းကျိုးဆက်စပ်မှု သဘောကား ပဋ္ဌာန်းနည်း လောက် မခက်သဖြင့် နားလည်ရန်လွယ်ပြီးရိုးရှင်းသည်ဟု ထင်နိုင်ပေ၏။သို့သော် ပဋ္ဌာန်းနည်းကို နားလည်ပြီး ပဋိစ္စသမုပ္ပါဒ် နည်းကို လေ့လာနိုင်ပြီ ဆိုလျှင်ကား ကြောင်းကျိုးဆက်စပ်မှု သဘောကို အပြည့်အ၀ နားလည်နိုင်မည် ဖြစ်၏။


ဤ၌ အရေးကြီးသည်မှာ ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်းဟူသည့်နည်းစနစ်မဟုတ်ပေ။ကြောင်းကျိုးဆက် စပ်မှု နိယာမကို ယုံကြည် လက်ခံပြီးလက်တွေ့လိုက်နာ ကျင့်သုံးနိုင်မှုသည်သာ အဓိကဖြစ် ပေ၏။ အကြောင်းကြောင့်အကျိုးဖြစ်သည့် သဘောကို ကောင်း စွာသဘောပေါက်ကာ အကျိုးကောင်းစေရန်အတွက် အကြောင်း ကောင်းများ ပြုလုပ်ရန်သာ ပဓာနဖြစ်ပေ၏။ကြောင်းကျိုးဆက် စပ် မှု သဘောတွင် အကောင်းဖြစ်စေ အဆိုးဖြစ်စေ အကြောင်းကောင်း လျှင် အကျိုးကောင်းမည်ဖြစ်ပြီးအကြောင်းဆိုးလျှင် အကျိုးဆိုးမည် ဖြစ်သဖြင့် လုပ်သမျှ၊ ပြောသမျှ၊ကြံသမျှအကြောင်းများ ကောင်းစေ ရန် ကြိုးစားရမည်သာ ဖြစ်၏။ ထို့ထက်ပိုပြီးအရေးကြီးသည်မှာ အကြောင်းပြတ်ရန် ကြိုးစားအားထုတ်မှုပင် ဖြစ်ပါ၏။အကြောင်း ကြောင့် အကျိုးဖြစ်သည့် သဘောတွင် အကြောင်းပြတ်လျှင် အကျိုး လည်းပြတ်မည်ဖြစ်သဖြင့်အကြောင်းကိုဖြတ်ရမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် ထိုအကြောင်းတရားများ ပြတ်နိုင်ရေးအတွက် ၀ိပဿနာ ဉာဏ်တည်းဟူသော ဓားသံလျှက်ကို အသုံးပြုကာ ဖြတ်တောက် ရမည်ဟု ဆိုကြခြင်းဖြစ်၏။အကြောင်းဟူသည် အလုပ်ကိုဆိုပြီး


အလုပ်ဟူသည် ကံကိုဆိုသဖြင့် ကံကိုဉာဏ်နှင့်ဖြတ်မှ နိဗ္ဗာန်ရောက်မည်ဖြစ်ကြောင်း ဟောတော်မူခြင်း ဖြစ်၏။


ထို့ကြောင့် ကြောင်းကျိုးဆက်စပ်မှု သို့မဟုတ် ပဋိစ္စသမုပ္ပါဒ်၊ သို့မဟုတ် ပဋ္ဌာန်း စသည်ဖြင့် မည်သို့သော အခေါ်အဝေါ်များဖြင့် မည်သည့်နည်းများရှိနေစေကာမူ ဘုရားရှင် အလိုရှိတော်မူသည် မှာ အကြောင်းပြတ်ရေး၊သံသရာဝဋ်မှ ထွက်မြောက်ရေး၊ ကိလေ သာကုန်ရေး၊ နိဗ္ဗာန်ရရေးဟူသည့်အဓိက အရေးများဖြစ်သဖြင့် အရေးကြီးဆုံးအရေးများကို လက်တွေ့လိုက်နာ ကျင့်သုံးခြင်ြး ဖင့် အရေးမကြီးသည်များအား ပယ်ဖြတ်နိုင်အောင် ကြိုးစားခြင်းသည် သာ ဘုရားရှင်အလိုတော်အတိုင်း နေထိုင်ခြင်းဖြစ်ကြောင်း သတိ ပေး တိုက်တွန်းကြခြင်းဖြစ်၏။ဤသို့နေထိုင်ခြင်းဖြင့်သာ ဗုဒ္ဓ ဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်သို့ တက်လှမ်း နိုင်မည် ဖြစ်သဖြင့် အချိန်ရှိခိုက်၊အခွင့်သာခိုက် လုံ့လစိုက်ကြ၍ အကြောင်းပြတ်အောင် ကြိုးစားသင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် အသိတရားပါးလိုက်ရပါပေတော့၏။


စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)


No comments: