Monday, May 06, 2013

ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်၏ ဘွဲ့တော်များ

ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်၏ ဘွဲ့တော်များ


ဒကာ။ ။ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်ဟာ ကထိန် တရားတော်နှင့်စပ်ရင် တော်တော့ကို ထင်ရှားစွာ ဟောကြားကြ ပါတယ်၊ဒါပေမဲ့ ဘွဲ့တော်ကိုတော့ အသီးအသီးမဖော်ပြပဲ တ ပေါင်းတည်းဟောကြားနေကြတာ သူတို့မှာ နာမည်ဘွဲ့တော်မရ


လို့လား ဆရာတော်။ ဆရာ။ ။အင်း…တော်တော်ကြံကြံဖန်ဖန် ရှာရှာ ဖွေဖွေ မေးတဲ့ ဒကာကြီးတွေပဲ နော်၊ အဲဒီ ကထိန်တရားဟောတဲ့


ဆရာတော်တွေကို မေးလိုက်ပါတော့လား။ ဒကာ။ ။ဟာ….ဒီလိုလဲ ဘယ်မေးဝံ့ပါမလဲ ဆရာ တော်၊ ကိုယ်နဲ့ အကျွမ်းတ၀င် ရှိတာမှ မဟုတ်တာ၊ပရိသတ်ထဲ အော်လိုက် ငေါက်လိုက်ရင် ခံရမှာ ဆရာတော်။ ဆရာ။ ။အင်း…ဒီကလည်းသူတို့နာမည် တပါးစီ တပါးစီ သီးခြားကိုတော့ မတွေ့ဖူးဘူးပဲ၊စုပေါင်းပြီး ဘဒ္ဒ၀ဂ္ဂီမင်းသား ညီနောင်သုံးကျိပ်လို့ ပါဠိအဋ္ဌကထာတွေမှာလာတာပဲ၊ ဒကာကြီးတို့ရ။ ဒကာ။ ။ဘာဖြစ်လို့ ဘဒ္ဒ၀ဂ္ဂီလို့ ခေါ်တာလဲ၊ ဘယ် မင်းကြီးရဲ့ သားတွေလဲ၊ တပည့်တော်တို့ မှတ်သားရအောင် တိုတို ကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦး ဆရာတော်။ ဆရာ။ ။ဘဒ္ဒ…..ဆိုတာက စိတ်နေသဘောထား ကောင်းမြတ်ကြတယ်တဲ့၊ စိတ်သဘောထားကောင်းသလို ရုပ်ရည် အဆင်းလည်း လှပတင့်တယ်ခြင်းရှိကြတယ် တဲ့၊အကုန်လုံး ရုပ် ချော သဘောကောင်းတွေချည်းပဲ။ ၀ဂ္ဂီ = ဆိုတာက၊သူတို့ဟာ အစုလိုက် အပြုံလိုက် အသင်းလိုက် အဖွဲ့လိုက်နဲ့ လှည့်လည် သွားလာနေထိုင် ပျော်ပါးတတ်ကြတယ် တဲ့၊ အဲဒါ့ကြောင့် ဘဒ္ဒ-၀ဂ္ဂီ ခေါ် တယ်။ သူတို့အားလုံးဟာ ကောသလမင်းကြီးနဲ့အဖေတူ အမေကွဲ ညီအစ် ကို တော်စပ်တဲ့ မင်းသားတွေ ဖြစ်ကြတယ်တဲ့။ သူတို့နေတာက ကောသလတိုင်းကြီးရဲ့ အနောက်ကျတဲ့ ပါဝေယျ ပြည်နယ်၌ အနေ အထိုင်များကြတယ်။ သူတို့ရဲ့ စုပေါင်းမိပုံ ပါရမီကုသိုလ်ကတော့ ဆက္ကနိပါတ် တုဏ္ဍိလ ဇာတ်တော်မှာ လာတဲ့အတိုင်း၊ သူတို့တတွေဟာ သေသောက်ကြူး အရက်သမားသုံးကျိပ်ဖြစ်ကြတယ်၊ အဲဒီအခါမှာ ဘုရားအလောင်း တော် မဟာတုဏ္ဍိလ၀က်မင်းကဆုံးမသြ၀ါဒပေးကာ တရားပြလို့ သုံးကျိပ်စလုံးကြားနာယုံကြည်ကြလျက် ငါးပါးသီလကို မပျက်အောင် လုံခြုံစွာ စောင့်ထိန်းကြတယ်။ အဲဒီ ငါးပါးသီလ စောင့်ထိန်းခဲ့ကြတဲ့ ကုသိုလ်ကံဟာ သူတို့သုံးကျိပ်လုံး အတွက် ဘ၀သံသရာ၌အသက်ရှည်ခြင်း, အဆင်းလှခြင်း, အနာရောဂါ ကင်းခြင်း, အမျိုးမြတ်ခြင်းစတဲ့ အကျိုးထူးချမ်းသာတွေ ခံစံရရုံမျှမကဘဲ ယခုဘ၀မှာလည်း တပေါင်းတစည်းတည်းမင်းသားတွေ ဖြစ်ပြီး ရဟန်း ဘ၀ကို အတူရယူကာ သစ္စာလေးပါးအမြတ်တရားကိုလည်း တပေါင်း တစည်းတည်းထိုးထွင်းသိမြင်ကြဖို့ရာ အဲဒီ ငါးပါးသီလဟာ အကြောင်း ကံ ဥပနိဿယပါပဲတဲ့။ ယင်း…ဘဒ္ဒ၀ဂ္ဂီညီနောင် မင်းသားသုံးကျိပ်လုံးဟာ ကပ္ပါသိကမည်တဲ့ တောအုပ်ထဲသွားကြပြီး မိန်းမတွေနဲ့ သေရည်သောက်စား ပျော်ပါးရင်း မြတ်စွာဘုရားနှင့်တွေ့လို့ တရားနာကာ သူတို့စောင့်ထိန်းခဲ့ဖူးတဲ့ ငါးပါး သီလ ကုသိုလ်တော် ပါရမီဓာတ်ခံအလျောက် ရဟန်းပြုချင်တဲ့ စိတ်တွေ ပေါ်ပေါက်ကြလျက် သုံးကျိပ်စလုံးပဲ မြတ်စွာဘုရားထံမှာ ဧဟိဘိက္ခု-ရဟန်းအပြုကို ခံယူတော်မူကြရလို့မထေရ်မြတ်ကြီးတွေ ဖြစ်ကုန်ကြ တယ်တဲ့။ ထို ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်သော မထေရ်မြတ်တို့သည် ကောသလ တိုင်းကြီး၏အနောက်ပိုင်း ပါဝေယျပြည်နယ်၌သာ အနေများကြသော ကြောင့် ထိုထိုပါဠိတော်အဋ္ဌကထာတို့၌“ပါဝေယျက” မထေရ်များ ဟုသာ ပါရှိတာကို တွေ့ရတယ်၊အမည်နာမ ကိုယ်စီနဲ့တော့ အသီးသီး ဖော်ပြတာ သတိမထားမိဘူး၊သူတို့ကို အကြောင်းပြုပြီးတော့ ကထိန် သင်္ကန်းပေးလှူမှုကိုမြတ်စွာဘုရားခွင့်ပြုတော်မူခဲ့တာဖြစ်တယ်၊ ဒါထက် တို ကျဉ်းလို့တော့ မရတော့ဘူး၊အဲဒါပဲမှတ်ကြပေတော့၊ သူတို့ရဲ့ ဘွဲ့ တော်တွေ သိချင်သေးရင် အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးတွေထံ သွားမေးကြပေတော့၊ဒီကတော့ ဒါပဲသိတယ်။ ဒကာ။ ။ဒီလို အစုံအလင်ကို တိုတိုလေးနဲ့ သိရလို့ ၀မ်းသာလှ ပါတယ် ဘုရား၊ ငါးပါးသီလတန်ခိုးဟာ တယ်လည်းကြီးကျယ် ပါလား ဆရာတော်၊ တခြား ဆရာတော်များထံ သွားမေးမှုလည်း မပြုတော့ပါ ဘူး ဘုရား။ အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: