Monday, May 06, 2013

ပစ္စေကဗုဒ္ဓါသည် ရဟန်းပြုပေးနိုင်သလော

ပစ္စေကဗုဒ္ဓါသည် ရဟန်းပြုပေးနိုင်သလော


ဒကာ။ ။ပစ္စေကဗုဒ္ဓါတို့သည် သစ္စာလေးပါးကို မိမိဘာသာ ဆရာမရှိဘဲ ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်စွမ်းရှိပါ သော်လည်းသူတပါးအား ဟောပြခြင်းငှာ မစွမ်းနိုင်တဲ့ အကြောင်း ဆရာတော် ပြောပြပေးလို့ သိရပါပြီ။ အကယ်၍ ရဟန်းပြုပေးလိုသော အမျိုးကောင်းသားများ ရှိခဲ့သော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က ရဟန်းပြုပေးနိုင်ပါသလား ဘုရား၊ပိဋကတ်တော်မှာ ညွှန်ကြားချက်များတွေ့ဖူးပါသလား ဆရာတော်။ ဆရာ။ ။အင်း....ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကရဟန်း ပြုပေးတဲ့ အကြောင်းကို ပိဋကတ်တော်မှာ လာရှိတာ တွေ့ဖူးပါတယ်၊ ဇာတ်ကွက် ဇာတ်သွားကတော့ သင်္ခပုဏ္ဏားကြီးသားအဖ၏ ၀တ္ထု ကြောင်းပဲ။ ရှေးသရောအခါ တက္ကသိုလ်ပြည်ကြီးမှာ သင်္ခအမည် ရှိသော သူကြွယ်ပုဏ္ဏားကြီးတယောက်၌ သုသိမ ခေါ်တဲ့ တစ်ဆယ့် ခြောက်နှစ် အရွယ်မြောက်သော သား တယောက်ရှိတယ်တဲ့။ သုသိမသည် ဖခင်ကြီးထံ ဗာရာဏသီပြည်၌ ဤမည်သော ပါမောက္ခကြီးထံ ပညာများသွားရောက်ကာ သင်ကြားဖို့အရေး အခွင့် ပေးပါရန် တောင်းပန်တယ်တဲ့။ ဖခင် သင်္ခပုဏ္ဏားကြီးကလည်း ၀မ်းသာစွာဖြင့် အင်း... ပါမောက္ခဆရာကြီးဟာ ငါ၏သူငယ်ချင်းပဲ၊သားတော် သွားရောက် သင်ကြားနိုင်ပါတယ်၊ ပါမောက္ခဆရာကြီးထံရောက်ရင် တက္ကသိုလ်ပြည် သင်္ခပုဏ္ဏားကြီးရဲ့သားအရင်းပါလို့ ပြောကြားလေဟု ငွေတစ်ထောင်ပေး ကာ သုသိမကို စေလွှတ်လိုက်တယ်တဲ့။ သုသိမဟာ မိဘနှစ်ပါးကို ရိုသေစွာ ရှိခိုးဦးချပြီး တက္ကသိုလ်ပြည်မှ ထွက်လာလိုက်တာ ဗာရာဏသီပြည်ရောက်တော့ တပည့်ကောင်းတို့ ကျင့်သုံးလိုက်နာ ၀တ်ပြုရမည့် စည်းကမ်းဥပဒေသအတိုင်း ပါမောက္ခဆရာ ကြီးထံ ၀င်ရောက်ချဉ်းကပ်ကာ ရိုသေစွာ ရှိခိုးလျက် မိမိသည် တက္ကသိုလ် ပြည် သင်္ခပုဏ္ဏားကြီး၏ သား ဖြစ်ကြောင်းစတဲ့ သတင်းစကားများကိုရိုသေ စွာ အပြည့်အစုံ တင်ပြပြောကြား လိုက်တဲ့အခါ ပါမောက္ခကြီးကလည်းအင်း.. မင်းဟာ ငါ့သူငယ်ချင်းရဲ့သားပဲ ဟု သုသိမလုလင်ကို ဧည့်ဝတ် အပြည့်အစုံ ပေးကာ လက်ခံလိုက်တယ်တဲ့။ အဲဒါနဲ့ သုသိမလည်းခရီးပန်းမှုကို ပယ်ဖျောက် ငြိမ်းအေးစေကာ ပါလာသော ငွေတစ်ထောင်ကိုပါမောက္ခဆရာကြီး၏ခြေရင်းမှာ ချထားပြီး အတတ်ပညာများသင်ကြားခွင့် တောင်းခံတဲ့အခါ ဆရာကြီးက ခွင့်ပြုလျက် အတတ်ပညာစုံ သင်ကြားပေးတယ်တဲ့။ သုသိမ လုလင်ဟာ ပါရမီရှင်ပီပီ များပြားသော အတတ်ပညာတို့ကို ကြိုးစားကာ သင်ယူလျက် မပျောက်ပျက် မမေ့မလျော့စေဘဲ သူတပါးတို့ တ ဆယ့် နှစ်နှစ်ကြာမျှ သင်ကြားရသော အတတ်ပညာ မျိုးစုံကို နှစ်လကျော် သုံးလတည်းနဲ့ တတ်အောင် သင်ယူလိုက်တယ် တဲ့။ သည့်နောက် သင်ယူပြီးသား ဝေဒကျမ်း(ဗေဒင်ကျမ်း)များကို ရွတ်အံ သရဇ္ဈာယ်ရင်း စဉ်းစားဝေဖန်သောအခါ အစနဲ့ အလယ်ကိုသာ တွေ့မြင်ရ၍ အဆုံးကိုကားမတွေ့မြင်ဘဲသာ ဖြစ်နေတော့၏တဲ့။ ယင်းကို မကျေနပ်သော သုသိမကအို...ဆရာကြီး ဝေဒကျမ်းညွှန်း ပညာဟာ အစနဲ့အလယ်ကိုသာတွေ့ရပြီးအဆုံးကို မတွေ့ဖြစ်နေပါတယ်ဟု မေးမြန်းရာ၊ ဆရာကြီးက အေး....ဆရာလည်း တပည့်ကဲ့သို့ပင် အဆုံးကို မ တွေ့မြင်ရချေဟု ပြောကြားတယ်တဲ့။ သုသိမက ဆရာကြီး ထိုသို့ဖြစ်လျှင်အဆုံးကို သိသော သူများထံ တပည့်အားညွှန်ကြားပေးပါလောဟု ပြောကြားသောအခါ၊ ဆရာကြီးက တပည့် သုသိမ၊ ဣသိ ပတန မိဂဒါဝုန်တော၌ သီတင်းသုံးနေထို င်ကြသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့တော့ ဤအတတ်ပညာ၏အဆုံးကို သိကောင်းနိုင် ကြရာ၏ဟု ပြောကြားသောအခါ၊သုသိမလုလင်သည် ဆရာကြီး။ သို့တပြီး ကား ယင်းပစ္စေကဗုဒ္ဓါတို့ထံ အကျွန်ုပ်ကိုသွားခွင့်ပြုပါဟု ခွင့်တောင်းပြီးသွား တော့၏ တဲ့။ သုသိမလုလင်ပါရမီရှင်သည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ထံသို့ ရောက် သောအခါ ရိုသေစွာရှိခိုးချဉ်းကပ်လျက် အရှင်မြတ်တို့သည် "အစ,အလယ်, အဆုံး ကို သိတော်မူကြကုန်သလော" ဟု မေးလျှောက်သောအခါ" အိမ်း... သိပါကုန်၏သုသိမ..." ဟုမိန့်ကြားတော်မူကြ၍၊ အဆုံးကို သိနိုင်တဲ့ အဲဒီအ တတ်ပညာကို တပည့်တော်ကို သင်ကြားပေးတော်မူကြပါ ဘုရား ဟု လျှောက် ထားတယ်တဲ့။ ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က " ဒါယကာ သုသိမ၊ ရဟန်းများသာ ဤအတတ်ပညာကို သင်ယူနိုင်ကောင်းသည်၊ သင်သည် ရဟန်းပြုလော့"ဟု မိန့်ဆိုကြတယ် တဲ့။ သုသိမသည် ယင်းအတတ်ပညာကို လွန်စွာလိုလားနေရကား " ကောင်း ပါပြီ၊အရှင်ဘုရားတို့ အလိုရှိသလို ပြုတော်မူကြပြီးလျှင် ထိုပညာ၏အဆုံးကို သာ သင်ကြားပေးတော်မူကြပါ "ဟု မိမိကိုယ်ကို အပ်နှင်းလိုက်တယ်တဲ့။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် သုသိမလုလင်ကို ရဟန်းပြုပေးပြီးလျှင် (ကမ္မဋ္ဌာန်းတရားကိုကား ဟောကြားပြသပေးတတ်သော ဓမ္မတာ မဟုတ်သော ကြောင့်)" သင် သည် သင်းပိုင်ကို သည်လို အ၀န်းညီစွာဝတ်၊ အပေါ်ရုံကို သည် လိုတင်" စသည့် အဘိသမာစာရိက သီလမျှကိုသာ သင်ကြားညွှန်ပြပေးကြတယ် တဲ့။ ဤသို့လျှင် ရဟန်းသစ် သုသိမသည် ပစ္စေကဗုဒ္ဓါအရှင်တို့ သင်ကြားပြသပေး သည့် ၀တ်ပုံ, စားပုံ ,နေထိုင်ပုံ, စသည့် အဘိသမာစာရိကသီလကိုရိုသေစွာ လိုက်နာပြုကျင့်ကာနေစဉ် ပစ္စေကဗောဓိဉာဏ်ကိုရနိုင်သည့် ပါရမီကံနှင့် ပြည့်စုံ သူဖြစ်၍မကြာမြင့်မီပင် ပစ္စေကဗောဓိဉာဏ်ကိုရရှိကာ ဗာရာဏသီတပြည်လုံး ကျော်ကြားလျက် လာဘ်လာဘအခြံအရံတပည့် ဒကာတွေ ပေါများ၍အလွန် အမင်း ကျော်ကြားထင်ရှားသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတပါး ဖြစ်သွား လေတော့ သတည်းတဲ့။ ကဲ...အဲဒါဟာ ပစ္စေကဗုဒ္ဓါအရှင်မြတ်များက ရဟန်းပြုပေးလိုက်တဲ့ သုသိမ ရဟန်း ဖြစ်ပုံအကြောင်းပါပဲ။ ဒကာ။ ။ဝတ္ထုကြောင်းနဲ့အတူ ထင်ရှားစွာ ဖော်ပြပေးလို့ကျေးဇူး တင်ပါတယ် ဆရာတော်၊ ဒကာကြီးတို့ ဗဟုသုတတွေ တိုးလိုက်တာဘုရား။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: