Monday, May 06, 2013

သက္ကရာဇ် ,သကရာဇ်,ကောဇာ,ဂေါဇာ ဘယ်ဟာက မှန်ပါသလဲ

သက္ကရာဇ် ,သကရာဇ်,ကောဇာ,ဂေါဇာ ဘယ်ဟာက မှန်ပါသလဲ


ဒကာ။။ ထိုထိုကျမ်းစာအုပ်တွေရဲ့ ခု-နှစ်-လ ကို ရေးထိုး မှတ်သားကြရာမှာ တချို့ဆရာတွေက “သက္ကရာဇ်”ဟု ရေးကြပါ တယ်၊ တချို့ဆရာတွေက “ သကရာဇ်” ဟု ရေးပြန်ပါတယ်၊ တချို့ ဆရာကတော့ “ ကောဇာ” တဲ့၊ ဆရာအချို့ကျတော့“ဂေါဇာ” တဲ့၊ ဘယ်ဟာကို အမှန်မူထားပြီးတော့ ရေးသားရမှာလဲ ဆရာတော်၊ မိန့်ကြားပါဦးဘုရား။ ဆရာ။ ။အင်း….ဒါတွေက လောကသင်္ကေတ ဝေါဟာရတွေပါ၊ တကျောင်းတဂါထာ၊တရွာ တပုဒ်ဆန်းဆို တာလို ပေါ့၊ဒီအကြောင်း အကျယ်သိချင်ရင် သမန္တ စက္ခု ဒီပနီ ကျမ်းဒုတိယတွဲမှာ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး ဖြေဆို ထားတာ ရှိတယ်၊ အဲဒီထဲမှာ ရှာကြည့်ပေတော့။ ဒကာ။။ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီးရဲ့ လိုရင်းအဆုံးအဖြတ်ကလေးလောက်ကို အသည်းမှာ မှတ် ကျောက်တင် ဖြေကြားကြရအောင် မိန့်ကြားပါဦးဆရာတော်၊ ဒကာ ကြီးတို့ဆီမှာ သမန္တစက္ခု ဒီပနီ စာအုပ်လည်း မရှိလို့ပါဘုရား။ ဆရာ။ ။မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီးရဲ့ နောက်ဆုံးနိဂုံးချုပ်၏ဆိုလိုရင်း မှတ်ချက်ချတာကတော့-ဒီ အရေးအသားမျိုးတွေကို ငါတို့ တွေ့ဖူးပါတယ်၊ ကာလ ဒေသ အလျောက် သင်္ကေတပညတ်မျှတွေသာဖြစ်၏၊ အမှတ်အက္ခရာ မှားယွင်းခြင်းကြောင့် သံသရာပြစ်ဟူ၍လည်းမတင်နိုင်ရာ၊ အကယ်တိ မှန်ကန်တယ် ဆိုစေဦးတော့ မဂ်ဖိုလ်ရကြောင်းသမ္မာဒိဋ္ဌိဉာဏ်ရဲ့ အာရုံ လည်းမဟုတ်ပါ၊အဲဒါကြောင့်မို့ကိုယ်ကြိုက်သလို လျော်ရာကိုသာ ရေး ကြစေ တဲ့။ ကဲ….အဲဒါဟာ မုံရွေးဇေတ၀န် ဆရာတော်ဘုရားကြီးရဲ့ အလွန်နှစ်သက်စရာကောင်းတဲ့ လျော်ကန် သင့်မြတ်သော လိုရင်းအဆုံး အဖြတ်ပဲ၊ဒီပဥှာဟာ အလယ်တောရ အရှင်ဇ၀နတိက္ခ ဆရာတော်လေး ဆွေးနွေးတယ်လို့ မှတ်သားမိတယ်။ ဒကာ။။ ဒီလို သိရတာ ၀မ်းသာလှပါတယ် ဆရာတော်၊ ငြင်းခုံဖို့လည်းမလိုတော့ဘူးပေါ့၊နိဗ္ဗာန်ရောက်ကြောင်း တရားမှမဟုတ် တာပဲဟာ။ အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: