Saturday, May 25, 2013

အခြေခံဝိပဿနာရှုနည်းအကျဉ်း

အခြေခံဝိပဿနာရှုနည်းအကျဥ်း


စကားဦး မြတ်စွာဘုရားရှင်၏အမှာစကားတော်တစ်ရပ်ရှိသည်။ ယင်းကား -၀ိပဿနာအလုပ်ကို တကယ်တမ်းကြိုးစားအားထုတ်သူသည် တစ်ရက်ကို ခြောက်ပုံစု တစ်စုကိုချန်ထားကျန်ငါးစုကို ရှုမှတ်မှုနှင့် မကင်းစေရ -ဟူသော စကားပင်ဖြစ်သည်။အောက်ပါ မိမိရေးမည့် ဣရိယာပုထ်လေးပါးဖြင့် ရှုမှတ်ပုံအကျဉ်းသည် စာ ဖတ်သူတို့ကို သဘောတရားနားလည် စေနိုင်သော အဆင့်သို့သာ ရောက်စေနိုင် လိမ့်မည်။မိမိအိမ်တွင် အစမ်းရှုမှတ်မှု ပြုနိုင်ရန်သာ အထောက်အ ကူပြုပါလိမ့်မည်။တကယ်နည်းကျကျ သိလိုလျင် ရန်ကုန်မဟာစည် ကြီး၊စိန်ပန်း မဟာစည်စသည့် ရိပ်သာတို့သို့ သွားရောက်ရှုမှတ် ကြ ပါရန် တိုက်တွန်းလိုပါသည်။မိမိ ကိုယ်ကို ချင့်ချိန်၍ ဆရာရှိသင့်လျင် ရှိရပါလိမ့်မည်။သို့မှသာ နောက်ဆက်တွဲ မိမိတို့ရှုမြင်မှုတို့ကို ထောက် ပြဆွေးနွေးမည့် ကမ္မဋ္ဌာနာစရိယ၏အကူညီရမည်ဖြစ်ပါသည်။ ထိုင်၍ရှုပုံ ထိုင်နည်းနှစ်မျိုးရှိတယ်။ မဟာပလ္လင်္က = ဘယ်ညာနှစ်ဖက်ခွေ ထိုင်နဲ့ အဍ္ဎပလ္လင်္က = တစ်ဖက်ခွေပြီး တစ်ဖက်ကို နောက်ပစ်ထားပါ။ တရား နာရင်တော့ မဟာပလ္လင်နဲ့ထိုင်ပြီး လက်အုပ်ချီ၊တစ်လုံးမကျန် မှတ်ပြီး နာပါ။လက်ကိုဘေးမထောက်ပါနှင့်။တရားထိုင်မည်ဆိုလျင် ခါးကို ဖြောင့်ဖြောင့်ထားပါ။ လေကိုရှုသွင်းတော့ဗိုက်ကဖေါင်းလာတယ် အဲဒါကို ဖောင်းတယ်၊ လေ ကိုရှိုက်ထုတ်တော့ဗိုက်က ပိန်ကျ တာကို ပိန်တယ်၊ စိတ်ကအပြင်အာရုံ ရောက်ရင် ရောက်တယ်၊ နာရင် နာတယ် ကျင်ရင် ကျင်တယ်မှတ်၊ ထိုင် ရာကနေ ထရင် ထတယ်လို့သိ၊ရပ်ရင် ရပ်တယ်လို့သိ၊ မျက်လွှာချထားပါ၊ မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းတယ်တဲ့။ အမှတ်ဆက်နိုင်သမျှဆက် ပါစေ။အရှင်အာနန္ဒာလို အမှတ်မလွတ်ရင် အရှင် အာနန္ဒာတို့တောင်မှ ဣရိယာပုထ်လေးပါးကနေ အလွတ်ဖြစ်ပြီးတရားရတယ်။ စကားမပြောရပါ၊ တရားအကြောင်း ဘုရားအကြောင်း သံဃာအကြောင်းပြောတာ ကောင်းပါ ၏။သို့သော် ကုသိုလ်ချင်းယှဉ်ရင် တရားအားထုတ်တဲ့ကုသိုလ်က ပိုမြတ် ပါသည်။ဒါကြောင့် စကားမပြောပါနှင့်။မိမိဝမ်းဗိုက်ကိုစိတ်ဖြင့် စူးစိုက် ကြည့်ပါ။ ဖောင်းခြင်းပိန်ခြင်းသဘောထင်အောင်ကြည့်ပါ။ မထင်ရှားလျင် ၀မ်းဗိုက်ကို လက်နှင့် ကပ်ထားကြည့်ပါ။ မြင်ပြီဆိုပါက ၀င်သက်အခိုက် ၀မ်းဗိုက်ဖောင်းကြွရွေ့ရှားလာတာကို ဖောင်းတယ်၊ ထွက်သက်အခိုက် ၀မ်းဗိုက်ပိန်ကျသွားတာကို ပိန်တယ်ဟု ရှုပါ။ မနှေးမမြန်ရှုပါ။ မှတ်ချက် = ၀မ်းဗိုက်သဏ္ဍာန်ပညတ်ကို ရှုရာရောက်သည်မဟု တ်လောဟု မေးစရာကားရှိပါ၏။အဖြေမှာ -အားထုတ်ခါစတွင်ပညတ်ကို ဖျောက်၍ချက် ချင်းရှုရန်မဖြစ်နိုင်ပါ။ထို့ကြောင့် စစချင်းတွင် ပညတ်ကို ပါ ရော၍ရှုမှတ်ပြီး လျင် ဥာဏ်ရင့်သန်လာသောအခါ ပညတ်အာရုံကိုဖျောက်၍ ပရမတ်သို့ ရောက်လာပါ လိမ့်မည်။ဝိပဿနာ၏ သဘောအမှန်ကား ဒွါရခြောက်ပါး တွင် ထင်ရှားလာသော ရုပ်နာမ်တို့ကိုရှုမှတ် ရခြင်းဖြစ်သည်။ သို့သော် စစ ရှုမှတ်သူတို့အဖို့သတိ၊သမာဓိအားနည်းသေးသောကြောင့် ထိုသို့ အလုံးစုံ ရှုရန် မလွယ်ကူ။ အသက်ရှုရိုက်မှုကိုပုံမှန်အတိုင်းထားပါ၊ ပြုပြင်စရာမလိုပါ။ ပြုပြင်လိုက်လျင်မောဟိုက်၍ ဆက်လက်မရှုမရပဲ ဖြစ်နိုင်သည်။ ရှုမှတ်စဉ်အတွင်းစိတ်ကူးများ လွင့်မျောခြင်းတို့ဖြစ်နိုင်ပါသည်။ ထိုသို့ စိတ်ကူးမိလျင် အရင်းဖြစ်စေ အဖျားဖြစ်စေ မိအောင်ဖမ်း၍ စိတ်ကူးတယ် စိတ်ကူးတယ်ဟု ရှုပါ၊ ဤသည်ပင် စိတ္တာနုပဿနာ မဟုတ်လော။စိတ် ကူးတို့ လွင့်မျောသဖြင့် ထိုသို့စိတ်ဖြစ်သည်ကို အတင်းဖမ်းချုပ်ကာ မိမိ ကိုယ်ကို မကျေမနပ်စိတ်ဖြင့်မွန်းကြပ်နေစရာမလိုပါ။ မှတ်ပါများသည့် အခါ သမာဓိဖြင့် လွင့်ပျောက်မှုတို့လျှော့ သွားကြပါလိမ့်မည်။ လွင့်ရင် လွင့်တယ်၊စိတ်ကူးရင် စိတ်ကူးတယ်-ဟုမှတ်ပါ။ရှုမှတ်နေစဉ် ညောင်း ရင် ညောင်းတယ်ဟုမှတ်၊တစ်နေရာရာမှ နာကျင်နေပါက နာကျင်တယ် ဟုမှတ်၊ ထိုဝေဒနာများအပေါ်စူးစိုက်မှတ်ပါ။ ပျောက်သည့်ဝေဒနာများ လည်းရှိမည်။မပျောက်သည့်ဝေဒနာများလည်းရှိမည်။အလွန် တရာ ညောင်းကိုက်လွန်းသဖြင့် ခြေပြောင်းလိုပါက ပြောင်းစဉ်ကို သိနေလျက် ပြောင်းတယ်ပြောင်းတယ် ဟုမှတ်၊ သတိမလွတ်စေပါနှင့်၊ ဘာပဲလုပ်လုပ် သတိကို ဘယ်တော့မှမလွတ်စေပါနှင့်၊ တစ်ခုသတိထား ရမည်မှာ ခန္ဓာကိုယ်ကို သိပ်အလိုမလိုက်မိဖို့ဖြစ်သည်။ ခန္ဓာကိုယ်ကို သိပ် အလိုလိုက်လွန်းလျင် သမာဓိပျက် သည်။သမာဓိပျက်ပါများ ပါက တရား မြင်ရန်မလွယ်ကူနိုင်။ ထို့ကြောင့် ခဏခဏအပြောင်းအလွဲမလုပ်ပါနှင့် မှတ် နေရင်းလက်စသည်တွင် ယားမှုတို့ဖြစ်လာပါလျင် ယားတယ် ယားတယ် ဟုမှတ်ပါ၊တဖြေးဖြေးပျောက် ကွယ်သွားပါလိမ့်မည်။ တစ်ခါတစ်ရံ သတိ လွတ်သဖြင့် ယားသည်ထင်မိသောနေရာကို လက်ဖြင့်ကိုင်မိ တတ်သည်။ ထိုအခါ ဘာမှမရှိသည်ကို တွေ့ရပါလိမ့်မည်။အကယ်၍ ယားမှုတို့ပျောက် လျင် မူဖြစ်သည့် ၊ဖေါင်းတယ်ပိန်တယ်ကို ပြန်၍မှတ်ပါလေ။ မူကိုတော့ဖြင့် မမေ့နှင့်။ စင်္ကြံလျှောက်ပုံနှင့်ရပ်ပုံ ထိုင်ရာမှထမည်ဆိုလျင် ထတယ် ထတယ်ဟုမှတ်၊ရပ်လျင် ရပ်တယ် ရပ် တယ်ဟုမှတ်၊ရပ်တယ်ဟု တစ်ချက်နှစ်ချက်တည်းဖြင့် မပြီးစေရ၊ အချိန် နည်းနည်းကြာပါစေ၊ရပ်နေချိန်တွင် ခြေအစခေါင်းအဆုံး စိတ်ဖြင့် မြင် အောင်ကြည့်ပါ ခန္ဓာကိုယ်၏တောင့်တင်းခက်မာ ခြင်းသဘောကို တွေ့ လိမ့်မည်။ထိုမှတစ်ဖန် ညာဖက်မှ စကာ ညာ-လှမ်း-တယ်-ဟု ညာတွင် ခြေကြွမှုကို စိတ်ဖြင့်သိကာ လှမ်းတွင် ခြေလှမ်းနေချိန်ကို သိပါ။ တယ် ဆိုသောအချိန်တွင်ခြေချသည်ကို စိတ်ဖြင့်သိပါ။ ဤနေရာတွင် ပြော စရာရှိသည်မှာ အဘယ့်ကြောင့် ညာဖက်မှ စလျှောက်ရသနည်းဟူ သောမေးခွန်းပင်၊ဘယ်ဖက်မှဖြစ်စေ ညာဖက် မှဖြစ်စေ စလျှောက် နိုင်ပါသည်။ညာဖက်မှစရှုစေချင်သည်မှာ မြတ်စွာဘုရားသည် ညာ ဖက်မှစ၍လှမ်းကြွတော်မူလေ့ရှိသောကြောင့် ဘုရားရှင်ကို အတု ယူလျက် လျှောက်စေလို၍ဖြစ်သည်။(စိန်ပန်း မဟာစည်ဆရာတော်) မိမိအယူဆနှင့် မတူမျှလျင် ကြိုက်သည့်ဖက်မှ စလှမ်းနိုင်ပါသည်။ စရှု မှတ်ချိန်တွင် ညာလှမ်းတယ် ဘယ်လှမ်းတယ်ဟု မှတ်ပါ။ ထိုညာလှမ်း တယ် ဘယ်လှမ်းတယ်သည် မိမိနှင့်အဆင်မပြေ ၍သော်လည်းကောင်းမှတ်၍အဆင်ပြေပြီဆိုလျင် သော်လည်ကောင်း စင်္ကြံရှုမှတ်မှုကိုတစ်မျိုး ပြောင်းပါ၊ပြောင်းပုံမှာ ကြွ-တယ်၊ ချ-တယ်ဟူ၍ဖြစ်သည်။ ကြွဟူသော အချိန်တွင် ခြေကြွနေသည်ကို စိတ်ဖြင့် သိနေရမည်၊ ချဆိုသောအချိန် တွင် ခြေချနေသည်ကို စိတ်ဖြင့်သိနေရမည်။ထပ်၍မှာလိုသည်မှာ မမြန် မိစေ ရန်ဖြစ်သည်။ ထိုသို့ ဘယ်လှမ်းတယ် ညာလှမ်းတယ်-ဟု လည်း ကောင်းကြွတယ် ချတယ်-ဟု မှတ်ပြီး သည့်နောက် သမာဓိရလာသော အခါ ရှုမှတ်မှုကို အသေးစိတ်စေရန် တစ်ဆင့်ပြောင်းရ ပါတော့မည်။ ပြောင်း ပုံမှာ -ကြွ-တယ် လှမ်း-တယ် ချ-တယ်ဟူ၍ဖြစ်သည်။ တရားအလုပ်ကို တကယ်လုပ်သော ယောဂီသည် ရှုမှတ်မှု ကြာလာသည်နှင့်အမျှအမှတ် ပိုစိတ်လာရမည်။သမာဓိပိုရလာရမည်။ယခုပြခဲ့သည့် စင်္ကြံမှတ်ပုံမှာ လွယ်သည်ဟုထင်ရသော်လည်း တကယ်ရှုကြည့်ပါက မလွယ်သည်ကို သိလာရ ပါမည်။တရားကို လွယ် လွယ်နှင့်ရမည်ဟု ထင်မှတ်မထားပါနှင့် မိမိ၏၀ီရိယ၊သတိ၊သမာဓိကို ကြိုးစားစိုက်ထုတ်ပါ၊ တရားအား ထုတ်သော ယောဂီသည် စရှုမှတ်ချိန်တွင်သမာဓိအားနည်းသောကြောင့် လျင်လျင်မြန် မြန်ဖြစ်နေလိမ့်မည်။ရှုမှတ်မှုအားကောင်း၍ သမာဓိရလာလေလေ ဣနြေ္ဒတို့ငြိမ်သက်လေလေဖြစ်သည်။ ထိုသို့လျှောက်လေရာ စင်္ကြံလမ်းအဆုံးသို့ရောက်သည့်အချိန် တွင် ခြေစုံရပ်၍ခေါင်းအစခြေအဆုံးစိတ်ဖြင့်မြင်အောင်ကြည့်လျက် ရပ်-တယ် ရပ်-တယ်ဟု မှတ်ပါ၊ ရပ်ချိန်တွင် ခန္ဓာကိုယ်တောင့်တင်းထောင်မတ်နေခြင်းသဘောတို့ သိရှိလာ ပါမည်။ထို သို့ရပ်ပြီးသည့်နောက် လာရာစင်္ကြံလမ်းသို့ပြန်လှည့်မည်ဆို သောအခါ လှည့် စဉ်တွင် လှည့်-တယ် လှည့်-တယ်ဟု မှတ်ပါ။မြန်မြန်မလှည့်ပါနှင့်။တရားရှု သူမှာ အမူအရာ လူနာနှင့်တူရပါမည်။ကျန်းမာရေးကောင်းသူအဖို့ ရပ်ခြင်းစ သည်မှာ လွယ်ကူနေမည်ဖြစ်သော်လည်းလူနာအဖို့ ထိုသို့ မြန်နိုင် လိမ့်မည် မဟုတ်ပေ။တရားရှုသူမှာလည်းထို့အတူပင် သတိမေ့လျော့နေလျင် မြန်နေ ပြီး သတိကောင်းကာ အမှတ်စိပ်နေသည့်အချိန်တွင် ဖြေးနှေးသွားသည်ကို ရှုသည့်ပုဂ္ဂိုလ်ကိုသာမန်ကြည့်၍ပင် သိနိုင်ပါသည်။လှည့်ပြီး၍ စင်္ကြံလမ်းသို့ ရှေးရှုမိသည်တွင်ခေါင်းအစခြေအဆုံးစိတ်ဖြင့် မြင် အောင်မှတ်လျက် ရပ်-တယ် ရပ်-တယ်ဟု မှတ်ပါ။ထို့နောက် အထက်ပါနည်းအတိုင်းဆက်လက်လျှောက်လှမ်းနိုင်ပါပြီ။ တစ်ခုသတိ ထားပါ၊လမ်းလျှောက်ရင် မျက်စိမှိတ်ပြီးမသွားပါနှင့် ခလုတ်တိုက်လဲတတ်တယ်၊ လေးတောင်ခန့် ကြည့်ပါ။ လျောင်း၍ရှုမှတ်ပုံ လှဲအိပ်လိုလျင် လှဲချင်တယ် လှဲချင်တယ်။ ခေါင်းအုံဖြင့် လက်၊ ခြေ၊ခေါင်း တစ်စုံတစ်ရာထိမှုကို ထိတယ် ထိတယ်-ဟုမှတ်ပါ။ ထူးခြားမှုရှိလျင်ထူးခြား သည့်အခြေ အနေပေါ်လိုက်၍ရှုမှတ်ပါ။ထူးခြားမှုမရှိ လျင် ဖေါင်းပိန်ကိုသာ ပြန်လည်ရှုမှတ်ပါလေ။အိပ်လိုလျင် အိပ်ချင်တယ်-ဟုမှတ်ပါ။ သတိလွတ်၍ မအိပ်ရ။အားထုတ်ပါများသောအခါ အိပ်ချင်တယ်ဟုမှတ်လျင် ပြန်လည် ကြည်လင်လာတတ်သည်။ထိုအခါ ကြည် လင်တယ် ကြည်လင်တယ်ဟု မှတ်ပါ။အိပ်ခြင်းသည် ဘ၀င်စိတ်ဖြစ်သည်။ထိုဘ၀င်စိတ်သည် အစ စွာဖြစ် သောစိတ်၊ စုတိစိတ်နှင့် အလားတူသောစိတ်ဖြစ်ရကား အလွန်သိမ်မွေ့ သဖြင့် အိပ်ပျော်ခိုက်၌မှတ်၍မရနိုင်၊အခြားအချိန်တွင် ကြာမြင့်စွာ မဖြစ် တတ်၊ အိပ်ပျော်နေချိန်သာ ကြာမြင့်စွာဖြစ်တတ်သည်။သို့သော် သူ ဘာကိုအာရုံပြုသည်ဖြစ်နေသည်ကိ မသိရ၊ ထို့ကြောင့် မမှတ်နိုင်ခြင်းဖြစ် သည်။နိုးလျင် နိုးတယ်ဟုမှတ် စစရှုချင်းတွင် နိုးသည်ကို မသိဖြစ်တတ် သည်။ထို့ကြောင့် စစရှုချိန်တွင် မိမိဦးစွာပေါ်သည်ကို ရှုပါ။ မျက်နှာသစ် လျင် သို့မဟုတ် ရေချိုးလျင် သို့မဟုတ် ထမင်းစားလျင် သို့မဟုတ် အ၀တ် ၀တ်လျင် ကြည့်ခြင်း မြင်ခြင်း လက်လှမ်းခြင်း ကိုင်ခြင်းခပ်ခြင်း ယူခြင်း လောင်းခြင်းအေးခြင်းပွတ်တိုက်ခြင်း ပြင် ၀တ်ခြင်း အိပ်ရာပြင်ခြင်းတံခါး ဖွင့်ခြင်းငုံ့ခြင်း ထိခြင်းချခြင်း မျိုခြင်းတို့တွင် တယ်တစ်လုံးကို မမေ့ပါနှင့်။ အမှတ်တက်ပုံ အားထုတ်၍သမာဓိရလာလျင် ဖေါင်းတယ် ပိန်တယ်ဟူသော နစ်ချက် ရှုမှတ်မှုမှ ဥပမာ = ထိုင်ချိန် တွင် ဖေါင်းတယ် ပိန်တယ် ထိုင်တယ် ဟုလည်းကောင်း လျောင်းချိန်တွင်ဖေါင်းတယ် ပိန်တယ် လျောင်း တယ်ဟုလည်းကောင်းသုံးချက်မှတ်ကာ တစ်ချက်တိုးမှတ် လာရပါမည်။ အမှတ်တိုးလာသည့်အဆင့် မရောက်ဟု စိတ်ထင်မိသောအခါပျင်းလာ တတ်သည်။ထိုသို့ပျင်းလျင်ပျင်းတယ် ပျော်လျင် ပျော်တယ် ဟုသာ အမှတ်မလွတ်စေပဲ ရှုမှတ်ပါလေ။ဤသို့ဖြင့် အိပ်ပျော်ချိန်မ တစ်ပါးကျန် အချိန်အားလုံးတွင် သတိ မလွတ်စေပဲ ကိုယ်၊ဝေဒနာ၊ စိတ်၊ ပရမတ္ထဓမ္မ တို့ကို ရှုမှတ်ခြင်းဖြင့်သတိပဋ္ဌာန်အလုပ်ကိုအားထုတ်နိုင်ကြ ပါစေ။ အထူးမှာထားချက် ဤပိုစ့်ကို မဟာစည်ဆရာတော်ကြီး၏၀ိပဿနာရှုနည်းကျမ်းကြီး ပဌမတွဲ၊ဒုတိယတွဲတို့မှ ထုတ်နှုတ်ရေးသားထားသော ၀ိပဿနာရှုနည်း (အကျဉ်းချုပ်)စာအုပ်မှ ပြန်လည် ထုတ်နှုတ်ရေး သားခြင်းဖြစ်ပါသည်။ ၀ိပဿနာအားထုတ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုမြင်ပြီး ဘုရားကို မြင်နိုင် ကြပါစေ။


No comments: