Tuesday, May 07, 2013

နေနတ်သား၏ကိုးကွယ်ရာ

နေနတ်သား၏ကိုးကွယ်ရာ။ ••••••••••••••••••••••••• အခါတစ်ပါး၌မြတ်စွာဘုရားသည်သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး)နေတော်မူ၏၊ ထိုအခါ၌ နေနတ်သားကို ရာဟုအသုရိန်သည် ဖမ်းယူအပ်၏၊ ထိုအခါ နေနတ် သားသည် မြတ်စွာဘုရားကိုအောက်မေ့လျက် ထိုဖမ်းယူသော အချိန်၌ ဤဂါထာကို ရွတ်ဆို၏-


ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား။ အသျှင်ဘုရားအား ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။ အသျှင်ဘုရားသည် အလုံးစုံသော ခန္ဓာအာယတနစသည်တို့၌ လွတ်မြောက်တော်မူ၏၊ အကျွန်ုပ်သည် ကျဉ်းမြောင်းခြင်းသို့ ရောက်နေပါ၏၊ အသျှင်ဘုရားသည် ထိုအကျွန်ုပ်တို့၏ကိုးကွယ်ရာ ဖြစ်တော်မူပါလော့ဟု (ရွတ်ဆို၏)။


ထိုအခါ မြတ်စွာဘုရားသည် နေနတ်သားကို အကြောင်းပြု၍ ရာဟုအသုရိန်ကို ဂါထာဖြင့် မိန့်ဆို၏


ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို နေနတ်သားသည် ကိုးကွယ်ခြင်းသို့ရောက်၏၊ ရာဟုအသုရိန် -နေနတ်သားကို လွှတ်လော့။ မြတ်စွာဘုရားတို့သည် လူနတ်တို့ကို အစဉ်သနားတော်မူကုန်၏ဟု (မိန့်ဆို၏)။


ရာဟုအသုရိန် -မမြင်အောင် ပြုတတ်သော အမိုက်တိုက်၌ အရောင်အလင်း ကို ပြုတတ်သော, ထွန်းတောက်ပသော အဝန်းသဏ္ဌာန်ရှိသော, ထက်သော တန်ခိုးရှိသော အကြင်နေနတ်သားသည်ရှိ၏၊ ကောင်းကင်၌ သွားသော ထိုနေနတ်သားကို မမျိုလင့်။ ရာဟုအသုရိန် -ငါဘုရား၏သားတော်ဖြစ်သော ထိုနေနတ်သားကို လွှတ်လော့ဟု (မိန့်တော်မူ၏)။


ထိုအခါ ရာဟုအသုရိန်သည် နေနတ်သားကို လွှတ်လျက် လျင်မြန်သော သဘောရှိသည် ဖြစ်၍ ဝေပစိတ္တိအသုရိန်ထံသို့ ချဉ်းကပ်ပြီးလျှင် ထိတ်လန့်သည် ကြက်သီးမွေးညင်း ထသည်ဖြစ်၍ တစ်ခုသော အရပ်၌ ရပ်တည်၏၊ တစ်ခုသော အရပ်၌ ရပ်တည်နေသော ရာဟုအသုရိန်ကို ဝေပစိတ္တိအသုရိန်သည် ဂါထာဖြင့် ဆို၏-


ရာဟုအသုရိန် -အဘယ်ကြာင့် အဆောတလျင်သာလျှင နေနတ်သားကို လွှတ်ခဲ့သနည်း၊ ထိတ်လန့်သော သဘောရှိသည်ဖြစ်၍ရောက်လာပြီးလျှင် ကြောက်ရွံ့လျက် အဘယ့်ကြောင့် ရပ်တည်နေသနည်းဟု (ဆို၏)။


ဝေပစိတ္တိအသုရိန် - ငါသည် မြတ်စွာဘုရားဂါထာမှ အလွန်ကြောက်၏၊ နေနတ်သားကို အကယ် ၍မလွှတ်သည် ဖြစ်အံ့။ ငါ၏ဦးခေါင်းသည် ခုနစ်စိတ် ကွဲရာ၏၊ အသက်ရှင်သော ငါသည် ချမ်းသာကို မရရာဟု (ဆို၏)။


(ဒေဝပုတ္တသံယုတ်။သူရိယသုတ် )


No comments: